ရန်ကုန် အပါအဝင် မြို့ပေါ်ဒေသအချို့တွင် စစ်မှုထမ်းအသက်ကျော်လွန်သည့် အမျိုးသမီးများကိုပါ စာရင်းကောက်ခံနေမှုကြောင့် အမျိုးသမီးများ စိုးရိမ်မှုမြင့်တက်

ရန်ကုန် အပါအဝင် မြို့ပေါ်ဒေသအချို့တွင် စစ်မှုထမ်းအသက်ကျော်လွန်သည့် အမျိုးသမီးများကိုပါ စာရင်းကောက်ခံနေမှုကြောင့် အမျိုးသမီးများ စိုးရိမ်မှုမြင့်တက်

ဓါတ်ပုံ - အခမ်းအနားတခုတွင် စစ်ရေးပြနေသည့် စစ်ကောင်စီ အမျိုးသမီးစစ်သည်များ (ဓါတ်ပုံ - စစ်ကောင်စီ (ပုံဟောင်းဖြစ်ပါသည်))

ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်အချို့၊ ပဲခူးတိုင်း တောင်ငူမြို့နယ်၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တို့တွင်  စစ်မှုထမ်းအသက် ကျော်လွန်သည့် အမျိုးသမီးများကိုပါ  စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များက စာရင်းကောက်ယူနေသဖြင့် အမျိုးသမီးထုများ စစ်မှုထမ်းရမည့်အရေး စိုးရိမ်မှုမြင့်တက်နေသည်ဟု မြို့နယ်ဒေသခံများက မဇ္ဈိမကိုပြောသည်။

ရန်ကုန်တိုင်း၊ သာကေတ၊ တာမွေ၊ သန်လျင်၊ မြောက်ဥက္ကလာ၊ ပဲခူးတိုင်း တောင်ငူမြို့နယ်ရှိ ကျေးရွာအချို့နှင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တို့တွင် စစ်ကောင်စီက စစ်မှုထမ်း အသက်အကျုံးဝင်သည့် အမျိုးသမီးများအပြင် စစ်မှုထမ်းအသက် ကျော်လွန်သည့် အမျိုးသမီးများကိုပါ စာရင်းကောက်ယူနေခြင်းဖြစ်သည်။

“ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ စစ်မှုထမ်းရမယ့် အသက်အပိုင်းအခြား စာတွေကပ်ထားပြီ။ မနေ့က စာရင်းတော့ လာကောက်သွားတယ်။ ၂၀၂၅ ဧပြီဆို ၂၈ နှစ်ပြည့်မှာ ၂၈ ဆိုတော့ ကျွန်မ မပါဘူးထင်တာ။ ကျွန်မလည်း ငြင်းလို့မရတော့ ပေးလိုက်ရတာပေါ့” ဟု စာရင်းပေးလိုက်ရသည့် စစ်မှုထမ်းအသက် ကျော်လွန်သော သာကေတမြို့နယ် (၁၀) ရပ်ကွက်နေ အမျိုးသမီးတဦးက မဇ္ဈိမကိုပြောသည်။

အလားတူ တောင်ငူမြို့နယ်တွင် နေထိုင်သည့် အမျိုးသမီးတဦးကလည်း “တို့ အခုနေနေတဲ့ ရွာမှာလည်း စာရင်းတွေ လာကောက်နေပြီ။ အသက် ၂၀ ကျော် အမျိုးသမီးတွေ အကုန် စာရင်းပေးရတယ်။ ရပ်ကွက်ထဲက တယောက်ဆို ထိုင်းမှာလေ။ အဲ့ဒါ သူ့အိမ်ကို နင်တို့ထဲကတယောက် အစားထိုး စာရင်းပေးရမယ်ဆိုပြီး ပြောတာ။ အခုက အစ်မတို့အိမ်က အစ်မမောင်လေးဆိုလည်း ပြေးနေတာလေ။ နာမည်စာရင်းပါလို့ အခု မိန်းကလေးတွေပါ နာမည်စာရင်းပေးရမယ်ဆိုတော့ ဘယ်ပြေးရမလဲတောင် မသိတော့ဘူး။ အိမ်မှာကလည်း လူကြီးတွေက ရှိနေသေးတော့” ဟု ဆိုသည်။

စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း နည်းဥပဒေအရ သာမန်အရပ်သား အမျိုးသားများတွင် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းနှင့် အမျိုးသမီးများတွင် ၁၈ နှစ်မှ ၂၇ နှစ်အတွင်းဖြစ်ပြီး ဆရာဝန်၊ အင်ဂျင်နီယာကဲ့သို့သော အတတ်ပညာရှင်များကသည် အမျိုးသားဖြစ်ပါက အသက် ၁၈ မှ ၄၅ နှစ်၊ အမျိုးသမီးဖြစ်ပါက အသက် ၁၈ နှစ်မှ ၃၅ နှစ်ဟု စစ်မှုထမ်းသက်ကို သတ်မှတ်ထားသည်။

အမျိုးသမီးများကို ၂ နှစ်အထိ စစ်မှုထမ်းရန် စစ်တပ်က ဆင့်ခေါ်နိုင်ပြီး အရေးပေါ်အခြေအနေ သတ်မှတ်ပါက စစ်မှုထမ်းကာလကို ၅ နှစ်အထိ သက်တမ်းတိုးနိုင်ကြောင်း စစ်ကောင်စီက ဆိုထားသည်။

ထို့ပြင် စစ်ကောင်စီက စစ်မှုထမ်းအသက်အတွင်း အကျုံးဝင်သူများအား ပြည်ပထွက်ခွာခွင့် တင်းကြပ်လာမှုများ ပြုလုပ်လာသဖြင့် စစ်မှုထမ်းစာရင်းပါဝင်သူများ၊ စာရင်းကောက်ယူခြင်းခံရသူများသည် ပြည်ပထွက်ခွာရန် အခက်အခဲများ ကြုံနေရပြီး ပြည်တွင်းတွင် စိုးရိမ်စိတ်များဖြင့် ရှင်သန်နေရကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

“လေဆိပ်မှာကလေ ပက်စ်ပို့အသစ်သမားတွေ၊ အဟောင်းဆိုလည်း တခါမှ ပြင်ပမထွက်ဖူးတဲ့သူတွေဆို ပြန်လွှတ်တာ။ ပိုက်ဆံပေးရင်တောင် သိန်းဆယ်နဲ့ချီပေးရင်တောင် ပေးမထွက်ဘူး။ အစ်မတို့ကတော့ ခဏခဏ ပြည်ပခရီးထွက်ဖူးတော့ သက်သာတာပေါ့၊ အခုက အိမ်ကတူမကို စိတ်ပူနေရတာ၊ အသက် ၁၉ လေ၊ ကျောင်းပေးတက်ထားရတယ်။ အဆွဲခံရမှာကြောက်လို့” ဟု မြောက်ဥက္ကလာပမြို့နယ်မှ အမျိုးသမီးတဦးကလည်း ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဧပြီလ ၈ ရက်နေ့မှစ၍ စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ် (၁) ကို စတင်ဖွင့်လှစ်ခဲ့ရာ သင်တန်း အပတ်စဉ် (၉) အထိ ရောက်ရှိနေပြီဖြစ်ပြီး အမျိုးသမီးစစ်မှုထမ်းများ ပါဝင်ခြင်းမရှိခဲ့ပေ။

Most read this week

April 21, 2025
မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုသည် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားကြီးငလျင်ကြောင့်...
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက မန္တလေးတိုင်းတနေရာရှိ လမ်းပေါ်တွင် စစ်ကောင်စီတပ်သားများ စစ်ဆေးမှုများ ပြုလုပ်နေပုံ (ဓါတ်ပုံ-AFP)
April 21, 2025
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်သို့ လာရောက်ဈေးဝယ်ယူသူများနှင့် ကားသမားများအပါအဝင် လူ ၂၀၀ ကျော်...
လားရှိုးမြို့၌ ကိုးကန့်တပ် နှင့် ညီနောင်မဟာမိတ်အလံ လွှင့်ထူထားသည်ကို ၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်းကမြင်တွေ့ရစဥ်။ (ဓါတ်ပုံ − AFP)
April 18, 2025
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကိုးကန့်တပ် MNDAA သိမ်းပိုက်ခဲ့ရာ လားရှိုးမြို့သို့ ယနေ့ (ဧပြီ ၁၈...
April 11, 2025
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများစွာ...