အမ်းမြို့နယ်နဲ့ ကပ်ရပ်မှာရှိတဲ့ ရခိုင်-မကွေး နယ်စပ်မျဉ်းတစ်လျှောက်မှာ တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ အဲဒီဒေသမှာ လှုပ်ရှားနေတဲ့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
တိုက်ပွဲသတင်းထုတ်ပြန်ချက်ဆိုတဲ့ ခေါင်းစဉ်နဲ့ PRA (Magway) က စစ်ကောင်စီရဲ့ ဗိုလ်ကြီး ၂ ဦးအပါအဝင် သုံ့ပန်း ၁၂ ယောက်နဲ့ လက်နက် ၁၀ လက်နီးပါး ရရှိတဲ့အကြောင်း ဒီနေ့ နေ့လယ်ပိုင်းမှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး အဲဒီထဲမှာ ရခိုင်-မကွေး နယ်စပ်မှာ တိုက်ပွဲတွေဖြစ်ပွားနေတယ်ဆိုတဲ့ ကိစ္စကိုပါ ဖော်ပြထားတာပါ။
"အခြေအနေ ရှုပ်ထွေးနေတာပေါ့။ ထပ်တိုးလာတဲ့ အင်အားတွေရော၊ တိုက်ပွဲကနေ ပြေးလာတာတွေရောနဲ့ ထိတွေ့မှု ဖြစ်နေတယ်လို့ ပြောရတယ်" လို့လည်း PRA(Magway) ရဲ့ စစ်ဦးစီးချုပ်နောင်သူရိန်က မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၀ ရက်နေ့တုန်းကတော့ အာရက္ခတပ်တော် (AA) ဟာ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါတယ်။
အဲဒီနောက် စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေဟာ အမ်းမြို့နယ်ကနေ မကွေးတိုင်းဘက်ကို ထွက်ပြေးနေကြသလို ထွက်ပြေးနေတဲ့အချိန်မှာလည်း ရခိုင်ရိုးမပေါ်မှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားပြီး သေဆုံးထိခိုက်တဲ့အပြင် ဆက်တိုက် အဖမ်းခံနေရတာလည်း ဖြစ်ပါတယ်။
ရခိုင်ရိုးမပေါ်မှာ လှုပ်ရှားနေတဲ့ အဖွဲ့တွေထဲက တစ်ခုဖြစ်တဲ့ ချင်းကာကွယ်ရေးတပ် - အရှို (CDF-Asho) ရဲ့ ၂၀၂၅ ဒီဇင်ဘာ ၂၀ ရက်နေ့နောက်ပိုင်း ထုတ်ပြန်ချက်တွေအရ အမ်းမြို့နယ်ထဲက ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၄၀ လောက်ကို တစ်လအတွင်း အရှင်ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
AA ကတော့ စစ်ကောင်စီနဲ့ AA တို့ကြား ရခိုင်ရိုးမတစ်ကြောမှာ အပြန်အလှန် ထိုးစစ်၊ ခံစစ်တွေနဲ့အတူ အမ်း-ပဒါန်း ကားလမ်းမနားမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဇန်နဝါရီလ ၂၀ ရက်နေ့က ထုတ်ပြန်ရေးသားထားပါတယ်။
အမ်း-ပဒါန်း ကားလမ်းဟာ ရခိုင်ပြည်နယ်က အမ်းမြို့နဲ့ မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ပဒါန်းရွာတို့ကို ဆက်သွယ်ထားတဲ့ လမ်းမကြီးတစ်ခုဖြစ်ပါတယ်။
ဒါကြောင့် ရခိုင်-မကွေး နယ်စပ်မျဉ်းတလျှောက်မှာ စစ်ကောင်စီရဲ့ ရခိုင်ကနေ ထွက်ပြေးလာတဲ့ အင်အားစုတွေနဲ့သာမက မကွေးကတက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေနဲ့ပါ တော်လှန်ရေးအင်အားစုတွေက ရင်ဆိုင်နေကြတာပါ။
AA ကတော့ စစ်ကောင်စီရဲ့ တပ်မ (၈၈)၊ တပ်မ (၉၉) လက်အောက်ခံတပ်ရင်းတွေ မကွေး၊ ကပစ က တပ်ဖွဲ့ဝင်တွေပါတဲ့ တပ်ရင်းတွေနဲ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်နေ့ကတည်းက ထိတွေမှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။
PRA (Magway) စစ်ဦးစီးချုပ်နောင်သူရိန်ကလည်း "လက်ရှိမှာတော့ ရန်သူ့ဘက်ကနေ ပဒါန်းတပ်နယ် လုံခြုံရေးဆိုပြီး တပ်မ ၉၉ တစ်မလုံးကို ချထားတယ်။ တပ်ရင်းတစ်ရင်းကို အင်အား ၁၄၀ လောက်စီနဲ့ ချထားတာတွေရတယ်။ ခဲယမ်းဖြည့်တင်းတာတွေ လေကြောင်ပစ်ကူပေးတာတွေ နေ့စဉ်ရှိတယ်ဗျ" လို့ စစ်ကောင်စီရဲ့ အခြေအနေကို ပြောပြပါတယ်။
စစ်ကောင်စီရဲ့ တပ်မ ၈၈ ဌာနချုပ်ဟာ မကွေးအခြေစိုက်ဖြစ်ပြီး သူ့လက်အောက်ခံ တပ်ရင်းတွေကတော့ စကု၊ ချောက်၊ ရေနံချောင်း၊ ပုပ္ပား၊ မိကျောင်းရဲ၊ တောင်တွင်းကြီး၊ မကွေး၊ ပုဂံ/ညောင်ဦးနဲ့ စလေမြို့အခြေစိုက် ခလရ (၁၀/၁၃/၇၇/၇၈/ ၈၃) နဲ့ ခမရ ( ၁၀၃၊ ၃၀၁၊ ၃၁၇၊ ၄၁၅၊ ၄၁၆) တို့ဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ထိပ်တန်းလျှို့ဝှက်ဆိုတဲ့ စစ်အင်္ဂါစဉ်မှတ်တမ်းမှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့ တပ်မ ၉၉ နဲ့ လက်အောက်ခံတပ်ရင်းတွေကတော့ မကွေးတိုင်းထဲကမဟုတ်ဘဲ မန္တလေးတိုင်းထဲက တပ်တွေပါ။
တပ်မ ၉၉ ဌာနချုပ်ဟာ မိတ္ထီလာမှာဖြစ်ပြီး သူ့လက်အောက်ခံတပ်ရင်းတွေကတော့ မိတ္ထီလာ၊ ကျောက်ဆည်၊ မြင်းခြံ၊ ယင်းတော်နဲ့ သာစည်တို့မှာရှိတဲ့ ခလရ (၇၉) နဲ့ ခမရ (၁၄၊ ၁၅၊ ၁၁၃၊ ၃၁၅၊ ၄၁၇၊ ၄၁၈၊ ၄၁၉၊ ၄၂၀) တို့ ဖြစ်ပါတယ်။
ဒါ့အပြင် ရခိုင်နဲ့ မကွေးဆက်စပ်နေတဲ့ နေရာတွေမှာလည်း ဒေသအခြေစိုက် စစ်ကောင်စီရဲ့ တခြားတပ်ရင်းတွေ အများအပြား ရှိနေပါသေးတယ်။
လက်ရှိအချိန် ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီရဲ့ စစ်ကြောင်းတွေမှာတော့ စစ်မှုထမ်းသက်ရင့်နေတဲ့သူတွေအပြင် စစ်မှုမထမ်းမနေရ ဥပဒေကြောင့် ဝင်လာရတဲ့သူတွေနဲ့ ကလေးစစ်သားတွေလည်း ပါဝင်နေတယ်လို့ စစ်ဦးစီးချုပ် နောင်သူရိန်က ပြောပါတယ်။
"တိုက်စွမ်းရည်နဲ့ပတ်သက်လို့က သူတို့ရဲ့ ရှုံးနိမ့်နေမှုက သက်သေပဲလို့ ပြောလို့ရတယ်" လို့ ဆိုပါတယ်။
စစ်ကောင်စီက အဲဒီလို တပ်မတွေနဲ့ တပ်ရင်းတွေ အများအပြားချထားတဲ့ ပဒါန်းဒေသဝန်းကျင်က စေတုတ္တရာနဲ့ ငဖဲမှာတော့ စစ်တပ်ရဲ့ လက်နက်ထုတ်စက်ရုံတွေ ရှိနေပါတယ်။
စစ်ကောင်စီလက်အောက်ကနေ ပြောင်းလာတဲ့ CDM တပ်ဖွဲ့ဝင်တွေနဲ့ စုဖွဲ့ထားတဲ့ ပြည်သူ့ပန်းတိုင်အဖွဲ့ကတော့ လေယာဉ်ပစ် Anti-Aircraft cannon 25/30-mm စက်အမြောက်တွေ ထုတ်လုပ်တဲ့ ကပစ (၂၀) ဟာ စေတုတ္တရာမြို့နားမှာ ရှိတယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် SA-16 MANPADS လေကြောင်းရန်ကာကွယ်ရေး ဒုံးလက်နက်တွေထုတ်တဲ့ ကပစ (၁၄) ဟာလည်း မကွေးတိုင်း ငဖဲမြို့နယ်ထဲမှာရှိတယ်လို့ ပြည်သူ့ပန်းတိုင်က ဖော်ပြထားပါတယ်။
လက်ရှိအချိန်မှာတော့ မကွေးတိုင်း၊ ဧရာဝတီမြစ်အနောက်ခြမ်းနဲ့ ရခိုင်ရိုးမကြားထဲမှာရှိတဲ့ မင်းဘူးခရိုင်ထဲက ပုသိမ်-မုံရွာ လမ်းမပေါ်ကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံတပ်ရင်းတွေ မကြာခဏ တက်လာတဲ့အကြောင်း သတင်းထုတ်ပြန်မှုတွေ ပြုလုပ်နေပါတယ်။