တိုက်ပွဲကြောင့် ချောင်းသာကမ်းခြေမှ ဒေသခံများ နေရပ်စွန့်ခွာ

တိုက်ပွဲကြောင့် ချောင်းသာကမ်းခြေမှ ဒေသခံများ နေရပ်စွန့်ခွာ

ဧရာဝတီတိုင်းနယ်စပ်တွင် ပြင်းထန်လာသည့် တိုက်ပွဲများကြောင့် ချောင်းသာကမ်းခြေမှ ဒေသခံများ နေရပ်ရွေ့ပြောင်းမှုများ ပြုလုပ်နေကြကြောင်း ချောင်းသာကမ်းခြေ ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

နေရပ်ရွေ့ပြောင်းမှုများကို ဇန်နဝါရီလ ဒုတိယအပတ်မှ စတင်လုပ်ဆောင်နေကြခြင်းဖြစ်ပြီး ဇန်နဝါရီ ၁၅ ရက် နောက်ပိုင်းမှစတင်၍ ချောင်းသာကမ်းခြေသို့ ဧည့်သည်ဝင်ရောက်မှု မရှိတော့ကြောင်းနှင့် ဟိုတယ်အချို့မှာလည်း ပစ္စည်းသိမ်းခြင်းများ လုပ်ဆောင်နေကြပြီး ဟိုတယ်တချို့တဝက်မှာ ပိတ်ထားကြောင်း ချောင်းသာကမ်းခြေ ဟိုတယ်လုပ်ငန်း ဝန်ဆောင်မှုပေးသူတဦးမှ ပြောသည်။

“ဒေသခံ ထက်ဝက်လောက်က ရွေ့ပြောင်းသွားကြပြီဗျ။ တချို့လဲ သယ်ရပိုးရခက်တဲ့ ပစ္စည်းတွေကို ပြောင်းထားပြီးတော့ သတင်းနားထောင်ပြီး နေကြတာပေါ့။ ဟိုတယ် တချို့တဝက်ကတော့ ဝန်ထမ်းလျော့တာ၊ မီးစက်တွေသိမ်းတာနဲ့ ပိတ်တာတွေ လုပ်နေကြတယ်” ဟု ၎င်းက ပြောသည်။

ချောင်းသာကမ်းခြေတွင် ဆက်လက်နေထိုင်နေသည့် ဒေသခံတဦးမှလည်း ပြောင်းရွေ့ရသည့်အခါ ကုန်ကျရမည့် ငွေကြေးအခက်အခဲများကြောင့် လက်ရှိနေရာတွင် နေလို့ရသလောက် ဆက်နေနေရသည်ဟု ဆိုသည်။

“ဒီမှ မဖြစ်နိုင်ပါဘူးဆိုပြီး ဆက်နေနေကြတာတော့ မဟုတ်ပါဘူး။ ဖြစ်တာတော့ ဖြစ်မှာပေါ့ တအားကြီးဖြစ်တာနဲ့ နည်းနည်းလေးဖြစ်တာပဲ ကွာမှာပါ။ ဘယ်ကာလအချိန် ထဖြစ်မလဲ မသိသေးလို့သာ ဒီတိုင်းကြီး နေနေကြတာပါ။ အခုကတည်းက စပြောင်းရွေ့လို့ တခြားနေရာသွားနေတယ်ဆိုရင် အဲ့မှာက ထိုင်စားနေကြရမှာလေ။ အိမ်ငှားခတို့ စားစရိတ်တို့ကလဲ ရှိသေးတယ်၊ တကယ်ဖြစ်တဲ့အချိန်ကျမှ ကိုယ့်လက်ထဲမှာ ပိုက်ဆံမရှိတော့မှာလဲ စိုးတယ်။ အဲ့တော့ လူတွေက တင်းခံပြီးတော့ နေလို့ရသေးတဲ့အထိ တောင့်ပြီးတော့ နေနေကြတာ” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် တိုက်ပွဲများ ဖြစ်ပွားနေသည့် ဘောမိသည် ချောင်းသာကမ်းခြေနှင့် ၇၃ မိုင်ခန့် ကားဖြင့် ၃ နာရီခွဲကျော် ဝန်းကျင်အကွာအဝေးတွင်ရှိပြီး ချောင်းသာကမ်းခြေမှာ အပိတ်နေရာတခုလို ဖြစ်နေသည့်အတွက် တိုက်ပွဲများ ထပ်မံပြင်းထန်လာပြီး လမ်းများပိတ်ချလိုက်မည်ကို စိုးရိမ်နေရကြောင်း ၎င်းဒေသခံက ထပ်မံပြောသည်။

“အခုဖြစ်နေတဲ့ ဘောမိဆိုတာက သာပေါင်းတို့ ပုသိမ်တို့ဘက်ခြမ်းကို ခွဲတဲ့နေရာဆိုတော့ အစ်မတို့က ကြားထဲမှာ အပိတ်ခံထားရသလို ဖြစ်နေတယ်။ တကယ်ဖြစ်လာရင် လမ်းပိတ်ချလိုက်ရင် အစ်မတို့မှာ ထွက်လမ်းမရှိဘူး။ ဂွဆုံလို အပိတ်ကြီးဖြစ်နေတာဆိုတော့ လမ်းပိတ်ချလိုက်ရင် ပုသိမ်တို့ ရန်ကုန်တို့ သွားလို့မရမှာလဲ ကြောက်နေရတယ်” ဟု ၎င်းက ပြောသည်။

ကားအဌားဝန်ဆောင်မှုလုပ်ငန်းတခုကလည်း ယမန်နေ့ ဇန်နဝါရီလ ၂၁ ရက် ချောင်းသာခရီးစဉ်သွားရာတွင် ပုသိမ် - ချောင်းသာ လမ်းတွင် ချောင်းသာဘက်သွားနေသည်မှာ ၎င်း၏ ကားတစီးထဲဖြစ်ပြီး ချောင်းသာဘက်မှ စစ်ဘေးရှောင်ကားများမှာ တစီးပြီးတစီး တက်လာနေကြကာ ၎င်းကားများပေါ်တွင် အိပ်ယာ၊ ဗီဒီု၊ အဝတ်ပုံးများ၊ စက်ဘီးများ သယ်ဆောင်လာကြသည်ကို တွေ့ရသည်ဟု ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

ထို့အပြင် ချောင်းသာကမ်းခြေရောက်သည့်အခါ လူမရှိ ခြောက်ကပ်နေသည့်အပြင် ဟိုတယ်များမှာ ပိတ်ထားကြပြီး ပစ္စည်းများ ရွေ့ပြောင်းရန် လုပ်ဆောင်နေကြသည်ကိုလည်း တွေ့ရကြောင်း ထပ်မံ ရေးသားထားသည်ကို တွေ့ရသည်။

သို့သော် ဟိုတယ်များအနေဖြင့် တရားဝင်ပိတ်ခွင့် မရကြသေးသည့်အတွက် ပိတ်ထားသည်ကို မပြောဆိုရဲကြကြောင်း ဒေသခံများက ပြောသည်။

“ဧည့်သည်မရှိတဲ့ ဟိုတယ်တွေက ပစ္စည်းတွေ ပြောင်းရွေ့တာမျိုးတွေ လုပ်နေကြပါပြီ။ သူတို့ကို တရားဝင် မပိတ်ခိုင်းထားသေးတော့ မေးရင်တော့ မပိတ်ဘူးဘဲ ပြောကြမှာ၊ ပိတ်တယ်လို့ မပြောရဲကြဘူးလေ။ ဒါပေမယ့် ဒီမှာက ပိတ်လား မပိတ်လား အကုန်လုံးက မြင်နေ သိနေတာပဲလေ” ဟု ချောင်းသာဒေသခံတစ်ဦးမှ ပြောသည်။

လတ်တလော ချောင်းသာကမ်းခြေ လူမှုကွန်ရက်ဂရုများနှင့် ချောင်းသာ ဟိုတယ်ဝန်ဆောင်မှုပေစ့်များတွင်ပါ လက်ရှိအချိန်မှာ ချောင်းသာကမ်းခြေကို လာရောက်မလည်ပတ်ကြရန် နှိုးဆော်ထားကြသည်။

မြန်မာနိုင်ငံတွင် သောကြာနေ့က လှုပ်သွားသော ဖျက်အားပြင်း ငလျင်သည် နိုင်ငံအတွက် ဆယ်စုနှစ်များစွာအတွင်း အပြင်းထန်ဆုံး ငလျင် ဖြစ်နိုင်သည်ဟု သိပ္ပံပညာရှင်များက ပြောသည်။
March 31, 2025
မြန်မာနိုင်ငံတွင် သောကြာနေ့က လှုပ်သွားသော ဖျက်အားပြင်း ငလျင်သည် နိုင်ငံအတွက်...
March 31, 2025
ပုံအညွှန်း - မန္တလေးမြို့ရှိအဆောက်အဦတခုမှ ရုပ်အလောင်းတလောင်းကို ကယ်ဆယ်သူများက ဆွဲထုတ်နေပုံ...
March 28, 2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့တွင် ယနေ့ (မတ်လ ၂၈ ရက်) မွန်းလွဲ ၁ နာရီခန့်က...
March 26, 2025
နွားထိုးကြီးမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ မတ်လ ၂၅ ရက်...