ကချင်ပြည်နယ်၊ ဗန်းမော်မြို့ တိုက်ပွဲမှာ စစ်ကောင်စီတပ်တွေဟာ အရပ်သားနေအိမ်၊ ခြံဝင်းတွေကို ဖြိုချဖျက်ဆီးလိုက်ပြီးတော့ တပ်နေရာယူ ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။
မံစီမြို့နယ်တစ်ခုလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်ပြီးနောက် ဗန်းမော်မြို့ပေါ် ရှိ စစ်ကောင်စီ စကခ ၂၁၊ ခလရ ၄၇ မှာလည်း နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားလာနေတာဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ ဗန်းမော်မြို့ လက်မလွတ်ရေးအတွက် KIA ကို ခုခံတိုက်ခိုက်နိုင်ဖို့ စစ်တပ်စခန်းရှိတဲ့ အနီးပတ်ဝန်းကျင်က ပြည်သူတွေရဲ့ နေအိမ်တွေကို တင့်ကား၊ ဘက်ဟိုး၊ ဘဒိုဇာစက်ယန္တရားကြီးတွေ အသုံးပြုပြီး ထိုးကလော် ဖယ်ရှားလိုက်တယ်လို့ KIO နဲ့ နီးစပ်တဲ့ ပြည်သူတစ်ဦးက ပြောပါတယ်။
“ပြည်သူတွေရဲ့ နေအိမ်၊ ခြံဝင်းတွေကို တင့်ကားတွေနဲ့ ထိုးကလော်ပေးလိုက်တယ်။ ပြီးရင် အထဲဝင် နေရာယူလိုက်တယ်။ နေအိမ်တွေကို ဖျက်ဆီးပြီး တန်ဖိုးရှိတဲ့ ပစ္စည်းတွေ သယ်ယူ သိမ်းယူတာတွေ လုပ်တယ်။ တိုက်ပွဲကလည်း ဒီရက်ပိုင်း ငြိမ်လိုက် ပစ်လိုက်နဲ့ ဖြစ်နေတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ KIA တပ်တွေ ဝင်လာလို့မရအောင် စစ်တပ်စခန်းရှိတဲ့ ပတ်ပတ်လည်က နေအိမ်တွေကို ဖျက်ဆီးပေးလိုက်ပြီး ဝင်ရောက်နေရာယူကာ ခုခံတိုက်ခိုက်နေတာဖြစ်တယ်လို့ သိရပါတယ်။
ဗန်းမော်မြို့မှာ ကျန်ရှိနေတဲ့ ဒေသခံပြည်သူတစ်ချို့ရဲ့ ပြောဆိုချက်အရ ယခုရက်ပိုင်း နေ့တိုင်း တိုက်ပွဲဖြစ်ပွားတာမရှိပေမယ့် စစ်ကောင်စီဘက်ကနေ တစ်ရက်ကို ၃ ကြိမ်ခန့် နေ့တိုင်းတိုင်းလိုလို KIA ပူးပေါင်းတပ်တွေ နေရာယူထားတဲ့ဘက်ကို လာရောက် ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ယခုနောက်ပိုင်း လာရောက်ပစ်ခတ်နေတဲ့ စစ်တပ်ရဲ့ လေယာဉ်ဗုံးဟာ အရင်ပုံမှန် လာရောက်ပစ်ခတ်နေတဲ့ လေယာဉ်ဗုံးအချိန်ဆတွေထက် ကြီးမားတဲ့ လေယာဉ်ဗုံး အသုံးပြုလာတယ်လို့လည်း KIA ရှေ့တန်းသတင်းအရင်းမြစ်တစ်ဦးက ပြောပါတယ်။
“ဗန်းမော်တိုက်ပွဲမှာ လာပစ်နေတဲ့ စစ်တပ်ရဲ့ လေယာဉ်ဗုံးတွေက အရင်ကထက် ပိုပိုကြီးတဲ့ လေယာဉ်ဗုံးတွေ အသုံးပြုလာတယ်။ ခါတိုင်းထက် အသံလည်း ပိုကျယ်တယ်။ စစ်တပ်ကနေ ဒီလိုသာ အသုံးပြုနေမယ်ဆိုရင် ဗန်းမော်မြို့တစ်ခုလုံးက ဒီထက်ပိုပြီး ထိခိုက်ပျက်စီး ဆုံးရှုံးမှုတွေပဲဖြစ်လိမ့်မယ်” လို့ ပြောပါတယ်။
တိုက်ပွဲကြောင့် ဗန်းမော်ဒေသခံ သောင်းနဲ့ချီ နေရပ်ဒေသအသီးသီးကို ထွက်ပြေးတိမ်းရှောင်နေကြတဲ့အချိန် တစ်ဖက်မှာ စစ်ကောင်စီတပ်ဟာ အခုလို အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေကို ဖျက်ဆီးနေတာဖြစ်ပြီး ဗန်းမော်မြို့ရဲ့ မြို့တွင်း ရပ်ကွက်တစ်ချို့ အားလုံးနီးပါးခန့် မီးလောင်ပြာကျသွားပြီလို့လည်း ဗန်းမော်ဒေသခံတွေ ပြောပါတယ်။
ဗန်းမော်တိုက်ပွဲ တစ်လခန့်အကြာ မီးလောင်ပျက်စီးသွားတဲ့ လူနေအိမ် ရာဂဏန်းအထိရှိပြီး အရပ်သားပြည်သူ သေဆုံးသူ ၁၅၀ ခန့်ရှိလာပြီလို့ သိရပေမယ့် ဆက်သွယ်ရေးအခက်အခဲနဲ့ တိုက်ပွဲအချိန်ကြောင့် အသေးစိတ်သိရှိဖို့ ခက်ခဲနေသေးတာ ဖြစ်ပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေဟာ ဧရာဝတီမြစ်အရှေ့ဘက်ခြမ်း ဗန်းမော်၊ မိုးမောက်၊ မံစီ၊ လွယ်ဂျယ် စတဲ့ မြို့တွေကို ၂၀၂၄ ခုနှစ်အတွင်း စစ်ဆင်ရေးဖော်ဆောင်တိုက်ခိုက်ခဲ့ပြီး လက်ရှိမှာ ဗန်းမော်မြို့တစ်ခုတည်းသာ ကျန်ရှိနေတာလည်း ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့မှာ ဗန်းမော်မြို့နဲ့အတူ တစ်ပြိုင်နက် တိုက်ပွဲဖော်ဆောင်လိုက်တဲ့ မံစီမြို့ကိုတော့ ယခုလ ဇန်နဝါရီလ ၈ ရက်နေ့မှာ KIA က အပြီးသတ် သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။