ဓါတ်ပုံ - ဆေးဝါးကုသမှု လုံလောက်စွာ မရသဖြင့် ဒိုက်ဦးထောင်တွင် အကျဉ်းကျခံနေရသည့် နိုင်ကျဉ်းတဦးဖြစ်သော ကိုမျိုးမင်းဦးမှာ ဆီးကျောက်ဝေဒနာဖြင့် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် သေဆုံးသွားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်သည်။
ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားတဦး ဆေးဝါးကုသမှု လုံလောက်စွာမရသဖြင့် သေဆုံးသွားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်သည်။
ပုဒ်မ ၅၁ (ဂ)၊ ၅၂ (ခ) တို့ဖြင့် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရသည့် ကိုမျိုးမင်းဦးမှာ ဒိုက်ဦးထောင်တွင်း၌ ဆီးကျောက်ဝေဒနာ ပြင်းထန်စွာခံစားခဲ့ရပြီး ဆေးဝါးကုသမှု လုံလောက်စွာမရသည့်အတွက် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် သေဆုံးသွားကြောင်း PPNM က ဆိုသည်။
ကိုမျိုးမင်းဦးသည် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရပြီး အင်းစိန်အကျဉ်းထောင်တွင် ပုဒ်မ၅၁ (ဂ)၊ ၅၂ (ခ) တို့ဖြင့် အကျဉ်းကျခံခဲ့ရပြီး ၂၀၂၃ ခု၊ မေလ ၃၁ ရက်နေ့တွင် ဒိုက်ဦးအကျဉ်းထောင်သို့ ပြောင်းရွှေ့ခံခဲ့ရကြောင်း သိရသည်။
ဆီးကျောက်ရောဂါဝေဒနာ ပြင်းထန်စွာ ခံစားနေရသည့် ကိုမျိုးမင်းဦးအား ဒိုက်ဦးထောင်ပိုင် ထွဋ်ပိုင်မှူးနှင့် ထောင်ဆေးရုံဆရာဝန် သိုက်ထွေးတို့က လုံလောက်သည့် ကျန်းမာရေးကုသမှုမပေးဘဲ ရောဂါဆိုးရွားပြင်းထန်ချိန် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင်မှ ပဲခူးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သဖြင့် ဆေးရုံ၌ပင် သေဆုံးသွားခြင်းဟု ဆိုသည်။
“ဆေးရုံမှာပဲ ဆုံးသွားတာပါဗျ။ သူ့ကို ဆေးရုံမှာ တောက်လျှောက်ထားတာမျိုးတော့ မဟုတ်ဘူးပေါ့နော်။ လုံခြုံရေးအရ သူတို့ကို တပတ်တန်သည်လောက်ပြန်ပြန်ပြီးမှ ထောင်ကိုခေါ်တတ်တယ်။ အရေးပေါ်ဖြစ်တဲ့အချိန် ပြန်ပို့တတ်တဲ့ပုံစံမျိုး ထောင်ကလုပ်ပါတယ်။ အရမ်းဆိုးလာတဲ့အချိန်မှာတော့ သူ့ကို ထောင်ကနေ ပဲခူးဆေးရုံကို ပို့တယ်ပေါ့နော်။ ဆုံးသွားတာကတော့ ပဲခူးဆေးရုံမှာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံလုံး ဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ဦးဆောင်ကော်မတီဝင် ဦးသိုက်ထွန်းဦးက မဇ္ဈိမကို ပြောသည်။
အကျဉ်းထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝ ရရှိစေရေး ပြည်သူလူထုနှင့် တော်လှန်ရေးအင်အားစုများ၊ သပိတ်အင်အားစုများ၊ လူ့အခွင့်အရေးအဖွဲ့အစည်းများအနေဖြင့် အကျဉ်းထောင်များနှင့် အကျဉ်းဦးစီးဝန်ထမ်းများကို စောင့်ကြည့်ပြီး လက်တွေ့ကျသည့် ကူညီမှုများ၊ ထိရောက်သည့် အရေးယူမှုများ၊ လူမှုရေးပြစ်ဒဏ်ပေးမှုများ ထိရောက်စွာ ပြုလုပ်ပေးရန် PPNM က တောင်းဆိုထားသည်။
“ကျွန်တော်တို့ အကျဉ်းဦးစီးဌာနကို တောင်းဆိုနေတဲ့ ၄ ချက်ရှိပါတယ်။ မိသားစုဝင်တွေပေးပို့တဲ့ နိုင်ငံခြားဆေးဝါးတွေ အပြည့်အဝလက်ခံဖို့နဲ့ အကျဉ်းသားလက်ထဲ အပြည့်အဝ ပို့ပေးဖို့၊ နောက်တခုအနေနဲ့က အကျဉ်းထောင်ထဲ ဆရာဝန်နဲ့ ဆေးဝါးလုံလောက်စွာ ထားရှိပေးဖို့၊ နံပါတ်သုံးအချက်က အရေးပေါ်ဖြစ်တဲ့ အကျဉ်းသားတွေကို ပြင်ပဆေးရုံကို အချိန်နဲ့တပြေးညီပို့ပေးဖို့၊ နောက်တချက်အနေနဲ့ နဂိုမူလ ရောဂါအခံရှိတဲ့သူတွေရော၊ စစ်ကြောရေးမှာ ဒဏ်ရာရရှိခဲ့တဲ့သူတွေကို အကျဉ်းထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာပေးဖို့ပေါ့၊ ဒီအချက်တွေကို လုပ်ဆောင်ပေးမယ်ဆိုရင် အကျဉ်းထောင်တွင်း သေဆုံးမှုတွေ များစွာ လျော့ကျသွားမယ်လို့ ယုံကြည်ပါတယ်။ အခုချိန်ထိတော့ ဒီတောင်းဆိုချက်တွေကို အကျဉ်းဦးစီးဘက်က လိုက်ပါဆောင်ရွက်တာမျိုး မရှိသရွေ့ကတော့ အကျဉ်းထောင်ထဲမှာ နိုင်ငံအကျဉ်းသား/ အကျဉ်းသူတွေ ကျဆုံးနေရဦးမှာဖြစ်ပါတယ်” ဟု ဦးသိုက်ထွန်းဦးက ဆက်ပြောသည်။
ပြီးခဲ့သည့် ၂၀၂၄ ခု၊ ဒီဇင်ဘာလ ၂၅ ရက်နေ့ကလည်း အမိန့်ကျပြီး မုံရွာမြို့မရဲစခန်းတွင် ချုပ်နှောင်ခံထားရသည့် LGBT နိုင်ငံရေးအကျဉ်းသား ဘုံဘုံမှာ ကျောက်ကပ်ရောဂါနှင့် အတွင်းအကြောတက်ခြင်း ဝေဒနာကို ပြင်းထန်စွာ ခံစားခဲ့ရပြီး ဆေးကုသမှုခံယူခွင့်မရသဖြင့် အချုပ်ခန်း၌ပင် သေဆုံးခဲ့ကြောင်း PPNM က ထုတ်ပြန်ထားသည်။