စစ်ကောင်စီအနေနဲ့ မြေပြင်စစ်ရေးတိုက်ပွဲတွေမှာ အရေးနိမ့်မှုတွေနဲ့အတူ စိုးမိုးနယ်မြေများစွာ လက်လွှတ်ခဲ့ရတာကြောင့် အရပ်သားပြည်သူတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆိုးရွားစွာ ဦးတည်လာနေပါတယ်။
သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့ BMC ရဲ့ လေ့လာတွေ့ရှိချက်တွေအရ လေကြောင်းတိုက်ခိုက်မှုမှာ ပြည်သူအအများအပြားစုဝေးတဲ့ ဈေး၊ အလှူအတန်းနေရာ၊ ပွဲလမ်းသဘင်၊ ဘာသာရေးပွဲတော်တွေ၊ ဆေးရုံဆေးခန်းတွေနဲ့ ကျောင်းတွေကိုပါ တိုက်ခိုက်နေတာပါ။
၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ နိုဝင်ဘာအထိ နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်ခံရမှု ကြိမ်ရေ ၄၀၂၀ ကျော်ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၃၄၀၀ ကျော်နဲ့ သေဆုံးသူ ၂၂၅၀ ကျော်ရှိခဲ့တယ်လို့ BMC က ဇန်နဝါရီ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
လေကြောင်းတိုက်ခိုက်ခံရတဲ့ ဒေသတွေကိုကြည့်ရင် လက်နက်ကိုင်တော်လှန်မှုအားကောင်းတဲ့ စစ်ကိုင်းမှာ အကြိမ်ရေ ၇၀၀ ကျော်နဲ့ အများဆုံးဖြစ်ပြီး စစ်ကောင်စီ နယ်မြေစိုးမိုးမှု လျော့ကျသွားခဲ့တဲ့ ရှမ်းမြောက်မှာ အကြိမ်ရေ ၆၈၀ နီးပါးနဲ့ ဒုတိယဖြစ်ပြီး ရခိုင်မှာတော့ အကြိမ်ရေ ၆၀၀ နီးပါးအထိ ရှိခဲ့တာပါ။
အာဏာသိမ်းမှုအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေက စစ်ရေးပစ်မှတ်ဖြစ်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တော်လှန်ရေးအဖွဲ့တွေထက် အရပ်သားတွေကိုဦးတည်ပြီး ဗုံးကြဲနေတာဖြစ်ပါတယ်။
ဗိုလ်ကြီးအဆင့် CDM ပြုလုပ်ခဲ့တဲ့ ကိုကောင်းသူဝင်းက စစ်ကောင်စီအနေနဲ့ စစ်ရေးပစ်မှတ်တွေကို ရှာဖွေတဲ့အခါ တော်လှန်ရေးအဖွဲ့တွေရဲ့ တိုက်စစ်မလာခင် ကြိုပြီးတိုက်ခိုက်တဲ့အတွက် အရပ်သားတွေ ပိုမိုထိခိုက်နေရတာလို့ သုံးသပ်ပါတယ်။
"အထူးသဖြင့် ရွာတွေမှာရှိတဲ့ စာသင်ကျောင်းတွေ ဆေးရုံတွေ၊ ဘုရားကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ ဒီလိုမျိုးနေရာတွေက စုဖွဲ့ပြီး သူတို့ကို တိုက်ခိုက်လာနိုင်တယ်။ နောက်တစ်ခုက သတင်းရရှိတာပေါ့။ ဒီလိုမျိုး အခြေအနေပေါ် မူတည်ပြီးတော့ ရန်သူရဲ့ တိုက်စစ်က သူတို့ရှိတဲ့ (စကစ) တပ်စခန်းတွေဆီ မလာခင်မှာ ကြိုပြီးတော့ တိုက်ခိုက်တာပေါ့။ အဲဒီအတွက် လေယာဉ်ဗုံးကြဲတာဖြစ်ဖြစ် ဒရုန်းကနေ ဗုံးကြဲတာဖြစ်ဖြစ် ဒီလိုမျိုး တိုက်ခိုက်တာမျိုးက စစ်ရေးပစ်မှတ်ထက်စာရင် အရပ်သားပြည်သူတွေကို ပိုမိုထိခိုက်နေပြီးတော့ အဲဒါတွေကို ပိုမိုတိုက်ခိုက်တဲ့ ပုံစံမျိုးဖြစ်နေတာဖြစ်ပါတယ်" လို့ ဆိုပါတယ်။
စစ်ကောင်စီအနေနဲ့ ထိတွေ့တိုက်ပွဲ မဖြစ်ပွားလည်း ပြည်သူတွေကို အကြောက်တရားနဲ့ ထိန်းချုပ်နိုင်ဖို့အပါအဝင် လက်လွှတ်ခဲ့ရတဲ့ နယ်မြေတွေအတွင်း ပြည်သူတွေမနေရဲအောင် ရည်ရွယ်ချက်ရှိရှိလုပ်တာလို့ CDM တပ်အသိုင်းဝိုင်းက ထောက်ပြကြပါတယ်။
ဇန်နဝါရီ ၈ ရက်နေ့ကလည်း ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်ရှိ ကျောက်နီမော်ကျေးရွာကို လေကြောင်းကနေ ဗုံးကြဲမှုကြောင့် ကလေးငယ်တွေနဲ့ အမျိုးသမီးတွေအပါအဝင် အရပ်သား ၄၀ ကျော် သေဆုံးခဲ့ရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က ဇန်နဝါရီ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
BMC ကတော့ လက်ရှိအချိန်ထိ နိုင်ငံတကာက လေယာဉ်ဆီ ပိတ်ဆို့ဒဏ်ခတ်အရေးယူမှုဟာ မြန်မာပြည်တွင်းကုမ္ပဏီတွေကိုသာ ပိတ်ဆို့တာဖြစ်တဲ့အတွက် ပြည်တွင်းကုမ္ပဏီတွေကို တင်ပို့ပေးနေတဲ့ အဓိကကျတဲ့ နိုင်ငံတကာ ကုမ္ပဏီတွေကို အရေးမယူသေးဘူးလို့ ဆိုပါတယ်။
ဒါကြောင့် ပိတ်ဆို့အရေးယူမှုတွေဟာ ထိရောက်မှုအားနည်းနေတဲ့အတွက် စစ်ကောင်စီအနေနဲ့ နိုင်ငံတကာက လေယာဉ်ဆီ လေယာဉ်နဲ့ လေယာဉ်အစိတ်အပိုင်းတွေ နည်းပညာဆိုင်ရာ ပြုပြင်ထိန်းသိမ်းရေး ဝန်ဆောင်မှုတွေကို ဆက်လက်ရရှိနေတာလို့ ထုတ်ပြန်ထားတာပါ။
စီးပွားဖြစ် အရပ်ဘက်လေယာဉ်တွေနဲ့ လေယာဉ်ဆီတွေကိုလည်း စစ်ကောင်စီက အလွဲသုံးစားလုပ်ပြီး စစ်ရေးမှာ သုံးစွဲနေတဲ့အတွက် နိုင်ငံတကာအစိုးရအနေနဲ့ ကွင်းဆက်တစ်ခုလုံးကို စိစစ်ပြီး အမြန်ဆုံး ဖိအားပေး အရေးယူရမယ်လို့ သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့ BMC ရဲ့ ပြင်ပဆက်ဆံရေးတာဝန်ခံ Mirror က သံလွင်တိုင်းမ်ကို ပြောပါတယ်။
“နိုင်ငံတကာ အစိုးရတွေဖြစ်တဲ့ US, UK နဲ့ EU ကနေ မြန်မာပြည်ကို လေယာဉ်ဆီတင်ပို့နေတဲ့ ပြည်ပကုမ္ပဏီတွေကိုပါ အရေးယူဒဏ်ခတ်ပိတ်ဆို့ရမှာ ဖြစ်ပါတယ်။ ဒီလိုအရေးယူမှသာ တရုတ်အပါအဝင် ဗီယက်နမ်၊ စင်ကာပူတို့လို နိုင်ငံတွေက မြန်မာပြည်ထဲ လေယာဉ်ဆီ တင်ပို့ရောင်းချ ဖြန့်ဖြူးနေတဲ့ ကွင်းဆက်တစ်ခုလုံးမှာ ပါဝင်နေတာကို ရပ်တန့်နိုင်မှာဖြစ်ပြီး စစ်အုပ်စုဆီ လေယာဉ်ဆီ မရောက်တော့ဖို့ တားနိုင်မှာဖြစ်ပါတယ်။ ဒီကွင်းဆက်တခုလုံးကိုလည်း ကြီးကြပ်စိစစ်ပြီး စစ်ရာဇဝတ်မှာပါဝင်နေတဲ့ လောင်စာကုမ္ပဏီတွေနဲ့ ရေကြောင်းအာမခံကုမ္ပဏီတွေကိုလည်း အမြန်ဆုံး ဖိအားပေး အရေးယူရမှာဖြစ်တယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီကို လေယာဉ်ဆီ၊ လေယာဉ်နဲ့ ဆက်စပ်ပစ္စည်းတွေ နည်းပညာတွေ တင်ပို့ရောင်းချတာကို ချက်ချင်းရပ်တန့်ဖို့ အာဆီယံအပါအဝင် ကုလသဂ္ဂအဖွဲ့ဝင်နိုင်ငံတွေနဲ့ နိုင်ငံတကာကုမ္ပဏီတွေကို သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့ BMC က တောင်းဆိုထားပါတယ်။
လေကြောင်းရန်ကာကွယ်ရေးတပ်မှာ တပ်ကြပ်ကြီးရာထူးနဲ့ CDM ပြုလုပ်ခဲ့တဲ့ ကိုဇေယျကတော့ ပြည်သူတွေကို ကာကွယ်ဖို့ လေတပ်စခန်းတွေအပါအဝင် ဗုံးတွေ လက်နက်ခဲယမ်းတွေ ထုတ်လုပ်တဲ့ ကပစ စက်ရုံတွေကို နည်းပေါင်းစုံ တိုက်ခိုက်သင့်တယ်လို့ အကြံပြုပါတယ်။
“အဓိကတော့ ပြည်သူတွေကိုလည်း ကာကွယ်ပြီးသားဖြစ်မယ်၊ လက်နက်ကိုင်တော်လှန်ရေးလှုပ်ရှားမှုကိုလည်း အဆုံးသတ်ဖြစ်စေဖို့ လက်ရှိ စစ်ကောင်စီရဲ့ လေတပ်စခန်းတွေကို တိုက်ခိုက်တာတွေ များများပိုလုပ်နိုင်မလား။ မလုပ်နိုင်လို့ရှိရင် လက်ရှိ (ကာကွယ်ရေးပစ္စည်းစက်ရုံ) ကပစတွေက တပ်ရဲ့ ဧရိယာ စစ်တပ်ရဲ့ ထိန်းချုပ်နိုင်တဲ့ ဧရိယာလုံးလုံးကြီးထဲမှာ တဖြည်းဖြည်းနဲ့ မရှိတော့ဘူး။ လက်နက်ကိုင်အဖွဲ့တွေ လွှမ်းမိုးတဲ့ဘက်ကို ရောက်နေပြီ။ အဲဒီဟာတွေမှာသွားပြီး သူတို့ရဲ့ လေယာဉ်ဖြုတ်တဲ့ ဗုံးတွေထုတ်တဲ့ ကပစစက်ရုံတွေ ထုတ်လုပ်မှုတွေ လျော့ကျအောင် အပြင်ပန်းကနေ လျှပ်စစ်မီးဖြတ်တောက်တာတွေ ရေဖြတ်တောက်တာတွေ အကုန်လုပ်ရမယ်။ နည်းပေါင်းစုံလုပ်ရမယ်၊ နည်းပေါင်းစုံတိုက်ခိုက်ရမယ်။ အဲဒီလိုတိုက်ခိုက်မှပဲ သူတို့ထုတ်လုပ်မှု လျော့ကျပြီး မလုပ်နိုင်တာ” လို့ ဆိုပါတယ်။
စစ်ကောင်စီအတွက် မတူညီတဲ့ လက်နက်ခဲယမ်းတွေ ထုတ်လုပ်ပေးနေတဲ့ ကပစ လို့ခေါ်တဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံဟာ နိုင်ငံတဝန်းမှာ စက်ရုံပေါင်း ၂၅ ခုရှိပြီး မကွေးတိုင်းမှာ ၁၅ ရုံအထိ အများဆုံး တည်ရှိနေတာပါ။
ပဲခူးတိုင်းမှာ ၇ ရုံအပါအဝင် အာဏာဗဟိုစက်ရှိတဲ့ နေပြည်တော်မှာ ၂ ရုံနဲ့ ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်မှာတော့ ၁ ရုံရှိပြီး ကပစ စက်ရုံတွေအားလုံးဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အလှမ်းဝေးတဲ့ဒေသတွေမှာ တည်ဆောက်ထားတာ ဖြစ်ပါတယ်။
စစ်ကောင်စီအနေနဲ့ အာဏာသိမ်းမှုအတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပြေးလမ်းချော်မှုကြောင့် လေယာဉ်တချို့ ပျက်စီးဆုံးရှုံးခဲ့ရတဲ့အပေါ် တိုက်လေယာဉ်အပါအဝင် ရဟတ်ယာဉ်နဲ့ ထောက်ပို့လေယာဉ် စုစုပေါင်း ၈ စီးကို ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းမှာ ပြန်လည်ဖြည့်တင်းထားပါတယ်။