ကလေး ၂၀ ခန့် သဲလွန်စမရပဲ ပျောက်ဆုံးနေ

ကလေး ၂၀ ခန့် သဲလွန်စမရပဲ ပျောက်ဆုံးနေ

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့တွင် ကလေးငယ် ၂၀ ဦးခန့် သဲလွန်စမရပဲ ပျောက်ဆုံးသွားသည်ဟု ဒေသခံနှင့် လူ့အခွင့်အရေးလှုပ်ရှားနေသည့် အဖွဲ့များက ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့၊ တောင်ဝိုင်းရပ်ကွက်မှ ကလေးငယ် ၁၃ ဦးသည် နိုဝင်ဘာလ တတိယပတ်အတွင်းတွင် သဲလွန်စမရှိဘဲ ပျောက်ဆုံးသွားခဲ့သည်ဟု မွန်ပြည် လူ့အခွင့်အရေးဖောင်ဒေးရှင်း HURFOM က ဆိုသည်။

ကလေးငယ်များမှာ ၎င်းတို့၏ ရပ်ကွက်ထဲ၌ပင် နေထိုင်ရင်း ပျောက်ဆုံးသွားကြခြင်းဖြစ်သည်ဟု မွန်ပြည် လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) ဒါရိုက်တာ နိုင်အဲမွန်က ပြောသည်။

နိုင်အဲမွန်က “Case တော်တော်များများက ပတ်ဝန်းကျင်မှာတင် ပျောက်သွားတာ။ ဥပမာ တောင်ဝိုင်းလိုမျိုးဆို သူက ဘုရားသုံးဆူမြို့ပေါ် ရပ်ကွက်နော်။ အဲ့ဒီ မြို့ပေါ် ရပ်ကွက်မှာတင် ပျောက်သွားတာ။ နောက်တစ်ခုကြ နှင်းဆီလမ်းတို့ ဘုရားသုံးဆူက ရပ်ကွက် သိပ်တော့ မများလှပါဘူး။ တော်တော်များများကတော့ မြို့ပေါ်မှာပဲရှိတဲ့ ရပ်ကွက်တွေ။ အဲ့ဒီပတ်ဝန်းကျင်တွေမှာ ပျောက်တဲ့ခါကြတော့ တော်တော်လေးတော့ စိတ်ပူစရာ ဖြစ်တယ်ပေါ့နော်” ဟု ပြောသည်။

အလားတူ ဒီဇင်ဘာလ ၆ ရက်နေ့တွင်လည်း ဘုရားသုံးဆူမှ ကလေးငယ် ၇ ဦး ထပ်မံပျောက်ဆုံးသွားခဲ့သည်ဟု ဆိုသည်။

ပျောက်ဆုံးသွားသည့် ကလေးငယ်များမှာ အသက် ၄ နှစ်အရွယ်တစ်ဦးအပါအဝင် အသက် ၈ နှစ်မှ ၁၀ နှစ်အရွယ်အကြားရှိ ကလေးငယ်များဖြစ်ကြသည်ဟု မွန်ပြည် လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) ဒါရိုက်တာ နိုင်အဲမွန်က ပြောသည်။

လက်ရှိအချိန်အထိ ပျောက်ဆုံးသွားသည့် ကလေးငယ်များနှင့်ပတ်သက်သည့် သတင်းအစအနပင် မရရှိသေးသည့်အတွက် မိဘများက အလွန်စိုးရိမ်နေကြသည်ဟု ဘုရားသုံးဆူမြို့ခံတစ်ဦးက ယခုကဲ့သို့ပြောသည်။

ဘုရားသုံးဆူ မြို့ခံတစ်ဦးက “ဒီနေ့အထိတော့ ပျောက်ဆုံးနေတဲ့ ကလေးတွေအကြောင်း ဘာမှ မကြားရသေးဘူး။ ဘယ်သူက သူတို့ကို ခေါ်ယူသွားလဲတော့မသိဘူး။ သူတို့အမေတွေက သူတို့အတွက် အရမ်းစိုးရိမ်နေကြတယ်” ဟု ပြောသည်။

ကလေးငယ်များ အကြောင်းမဲ့ ပျောက်ဆုံးသွားရခြင်းနှင့်ပတ်သက်၍ မိဘများ၊ မိသားစုဝင်များသည် မည်သို့ဆက်လုပ်ရမည်ကို မသိကြသလို မည်သည့်နေရာများတွင် သွားရှာရမည်ကိုလည်း မသိကြဟု ဆိုသည်။

မိဘများအနေဖြင့် ပျောက်ဆုံးနေသည့် ၎င်းတို့၏ ကလေးငယ်များ အသက်အန္တရာယ်ကို စိုးရိမ်နေရသည်ဟု နိုင်အဲမွန်က ပြောသည်။

“မပြောကောင်းမဆိုကောင်း သေမှာလား ရှင်မှာလား မပြောတတ်ဘူးလေနော်။ နောက်တစ်ခါ ပုံစံပြောင်းပြီးတော့နော် မူးယစ်ဆေးတွေ ဘာတွေထိုးပြီးတော့ ခေါ်သွားတာတို့။ အဲ့ဒီမှာ တစ်ခြားအလုပ်တွေ လုပ်ခိုင်းတာတို့။ တောင်းရမ်းစားသောက်ခိုင်းတာတို့ဆို ပိုဆိုးသွားပြီ အဲ့တာ။ အဲ့ပြဿနာလည်း တက်မှာကြောက်တယ်။ ဘာလို့ဆို မြန်မာနိုင်ငံတစ်လျားမှာ အဲ့လိုမျိုးဖြစ်တာ အများကြီးပဲနော်။ ဒီဘက် ထိုင်းရောက်လာတဲ့ခါကြတော့လည်း လူကုန်ကူးတဲ့ဂိုဏ်းတွေကနေပြီးတော့ ခိုးသွား ဂိုဏ်းတွေကလည်း အများကြီးရှိတာကိုး။ ဆိုတော့ နယ်စပ်ဆိုတော့ တော်တော်လေး စိုးရိမ်စရာကောင်းတယ်”

စိုးရိမ်မှုများ ရှိနေသည့် အခြားတစ်ဖက်တွင် ကလေးများ ပျောက်ဆုံးနေသည့် ကိစ္စရပ်နှင့်ပတ်သက်၍ ကူညီဖြေရှင်းပေးမည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ မရှိသကဲ့သို့ တိုင်ကြားရမည့်နေရာလည်း ပျောက်ဆုံးနေသည်ဟု ဒေသခံများက ဆိုသည်။

နိုင်အဲမွန်က “ကလေးမိဘတွေက ကြည့်ရတာ ဘယ်သူ့ကို ဘယ်လိုတိုင်ရမလဲ မသိပါဘူး။ အဲ့ကြားထဲမှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လိုက်ရှာရင်းနဲ့ ကလေးတွေက ပျောက်နေတာ။ အဲ့တိုင်ရတဲ့ prosses က မသေချာဘူး။ ဘယ်သူ့ ဘယ်သူကိုတိုင်ရမလဲ မသိဘူး။ ဘာလို့ဆို စစ်အုပ်စုက မရှိတော့ဘူး။ အဲ့ဒီမှာဆိုလို့ရှိရင် DKBA ရှိတယ်။ နောက် မွန်ပြည်သစ်တပ်ဖွဲ့တွေရှိတယ်။ ပြီးလို့ရှိရင်  KNU တပ်ဖွဲ့တွေ ရှိတယ်လေး။ ဆိုင်ရာတွေတော့ ပြောကြမယ်ထင်တာပဲ။ အခုထိတော့ တရားဥပဒေစိုးမိုးရေးက ဘယ်သူ့ရဲ့လက်အောက်မှာရှိလဲ မပြောတတ်တဲ့ခါကြတော့ တရားရေးဆိုင်ရာ ရင်ဆိုင်ဖြေရှင်းရမယ့်ကိစ္စကတော့ ဘယ်သူ့ကိုသွားပြီး တိုင်ရမယ်ဆိုတာ မသိဘူးဖြစ်နေတာလေး” ဟု ပြောသည်။

မွန်ပြည်၊ ရေးမြို့နယ်၊ မော့ကနင်ကျေးရွာတွင်လည်း နိုဝင်ဘာလ တတိယပတ်အတွင်းက ဆယ်ကျော်သက်အရွယ် ကလေး ၄ ဦး ပျောက်ဆုံးသွားခဲ့ပြီး ၃ ရက်အကြာတွင် ပြန်လည်တွေ့ရှိခဲ့သည်ဟု HURFOM က ဆိုသည်။

ယခုကဲ့သို့ ကလေးငယ်များ၊ အမျိုးသမီးငယ်များနှင့် လူငယ်များ ပျောက်ဆုံးမှုများသည် နောက်ထပ်ဖြစ်လာနိုင်ပြီး ကြိုတင်ကာကွယ်တားဆီးရမည့် အစီအမံများနှင့် တရားဥပဒေစိုးမိုးမှု အစီအမံများလည်း မြေပြင်တွင် မရှိနေသည့်အတွက်ကြောင့် အလွန် စိုးရိမ်ဖွယ်ရာ ကိစ္စရပ်ဖြစ်သည်ဟု နိုင်အဲမွန်က ဆိုသည်။

Most read this week

January 20, 2025
ရှမ်းပြည်တောင်ပိုင်းတွင် ခိုလှုံနေသည့် စစ်ဘေးရှောင် အယောက် ၂ သောင်းကျော်အတွက် အရေးပေါ်...
January 17, 2025
ရှမ်းပြည်မြောက်ပိုင်းတွင် ပြေးဆွဲနေသည့် ကားသမားများကို ဒေသတွင်းအုပ်ချုပ်နေသည့် တိုင်းရင်းသား...
January 15, 2025
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် အမျိုးသမီးများအား...
မောတောင်မြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း)
January 14, 2025
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း - မြန်မာ နယ်စပ်မြို့ဖြစ်သည့်...