မော်လမြိုင်မြို့မှာ လောင်းကစားဝိုင်းတွေကြောင့် လုယက်မှုအဖြစ်များလာ

မော်လမြိုင်မြို့မှာ လောင်းကစားဝိုင်းတွေကြောင့် လုယက်မှုအဖြစ်များလာ

စစ်ကောင်စီထိန်းချုပ်ထားတဲ့ မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ လောင်းကစားဝိုင်းတွေ အကြီးအကျယ် ထည့်သွင်းကျင်းပနေတဲ့အတွက် လုယက်မှုတွေ ဆက်တိုက်ဖြစ်ပွားလာတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သံလွင်တိုင်းမ်က လက်လှမ်းမီသလောက် ကောက်ယူထားတဲ့ အချက်အလက်တွေအရ အခုရက်ပိုင်းအတွင်း မော်လမြိုင်မြို့ပေါ်မှာ လုယက်ခံရတဲ့ဖြစ်စဉ် ၆ ခုထက်မနည်း ရှိနေပါတယ်။

အဲဒီဖြစ်စဉ်တွေထဲမှာ လမ်းသွားလမ်းလာနေတဲ့ ပြည်သူတွေဆီကနေ ပိုက်ဆံအိတ်နဲ့ ဖုန်းတွေလုပြေးတာ၊ ရွှေဆိုင်တွေအတွင်း ဝင်ရောက်လုယက်တာ၊ လမ်းဘေးဖွင့်ထားတဲ့ ဈေးဆိုင်တွေမှာ ပိုက်ဆံဝင်လုတဲ့ဖြစ်စဉ်တွေအထိ ဖြစ်ပေါ်နေပါတယ်။

အမည်မဖော်လိုတဲ့ မော်လမြိုင်မြို့ခံတစ်ဦးက မြို့ပေါ်မှာ လုယက်မှုတွေ ဖြစ်ပွားလာတာဟာ စစ်ကောင်စီက ခေါင်းစဉ်အမျိုးမျိုးနဲ့ ပြုလုပ်နေတဲ့ လောင်းကစားဝိုင်းတွေကြောင့်ဖြစ်တယ်လို့ ဝေဖန်ပါတယ်။

“ပွဲတွေ ဘုရားပွဲတော်တွေဆိုပြီး နာမည်တပ်တယ်။ လောင်းကစားဝိုင်းကြီးပဲ။ အဲဒီအခါကျတော့ လူကြီးလူငယ်မှန်သမျှ လောင်ကစားဝိုင်းတွေမှာ ဝင်ကစားတယ်။ ကစားသလောက် ရှုံးတဲ့အခါကျတော့ အရင်းပြန်လိုက်ဖို့က အဓိကတော့ ဒီလူတွေရဲ့ အကျင့်စာရိတ္တပျက်ပြားအောင် လောင်းကစားဝိုင်းတွေလုပ်တယ်။ ရှုံးတဲ့အခါမှာ အရင်းလိုက်တယ်။ လိုက်ဖို့မရှိတော့ ပိုက်ဆံမရှိတဲ့အခါကျတော့ ခိုးမယ်။ လုမယ်။ ယက်မယ်။ ဒါတွေပဲ ဖြစ်လာတာပေါ့” လို့ သူက ပြောပါတယ်။

လုယက်ခံရတဲ့ ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ရဲစခန်းတွေထံ တိုင်ကြားပါက ငွေကြေးပေးဆောင်နေရတာ၊ ကာယကံရှင်တွေကို အသေးစိတ် ပြန်လည်စစ်ဆေးမှုတွေ ရှိနေတဲ့အတွက် အများစု မတိုင်ကြားချင်ကြဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။

မော်လမြိုင်မြို့ရဲ့ လူစည်းကားရာ နေရာတွေမှာ လုယက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေပေမယ့် စစ်ကောင်စီဘက်က ဖော်ထုတ်အရေးယူနိုင်ခြင်း မရှိတဲ့အပေါ် ပြည်သူတွေဘက်က မေးခွန်းထုတ်တာတွေ ရှိနေပါတယ်။

အမည်မဖော်လိုတဲ့ မော်လမြိုင်မြို့ခံ နောက်တစ်ဦးကလည်း စစ်ကောင်စီရဲ့ လောင်းကစားဝိုင်းတွေကြောင့် နောက်ပိုင်းမှာ ခိုးဆိုးလုယက်မှုတွေ ဒီထက် အခြေအနေ ပိုဆိုးလာနိုင်တယ်လို့ သူ့အမြင်ကို အခုလိုပြောပါတယ်။

“အခုဆို ကျွန်တော်တို့ မော်လမြိုင်မှာဆိုဗျာ။ ပွဲတော်တွေအကြောင်းပြပြီး လောင်းကစားဝိုင်းတွေ အဓိကလုပ်တယ်။ လူတွေက ပိုက်ဆံရမလားဆိုပြီးတော့ အဲဒီလောင်းကစားကို သွားသွားထိုးတော့ လောင်းကစားသမားတွေကလည်း အဓိက ဒိုင်တွေပဲနိုင်နိုင်ပြီးတော့ အကုန်လုံးပြန်လာတော့ ဒီမှာက အခုဆို တဖြည်းဖြည်းနဲ့ ဆိုင်ကယ်ခိုး၊ ပေါ်တင်ခိုး ပေါ်တင်လုတာတွေ အကုန်လုံးဖြစ်လာပြီ။ ဒီထက်ပိုဆိုးဖို့ပဲရှိတယ်” လို့ ဆိုပါတယ်။

မော်လမြိုင်မြို့မှာ စစ်တပ်အာဏာမသိမ်းမီက လုယက်မှုဖြစ်စဉ်တချို့သာရှိခဲ့ပေမယ့် အာဏာသိမ်း ၄ နှစ်နီးပါးကာလအတွင်း လုယက်မှုတွေ ဆိုးဆိုးဝါးဝါး ဖြစ်ပွားလာတဲ့အတွက် အိမ်ထဲကနေ အပြင်ထွက်ဖို့တောင် လုံခြုံမှုမရှိတော့ဘူးလို့ သူက ဆက်ပြောပါတယ်။

လုယက်မှုကျူးလွန်သူအများစုဟာ အုပ်စုဖွဲ့လုပ်ကိုင်တာအပြင် ဓားနဲ့လက်နက်ငယ်တွေပါရှိတာကြောင့် ပြန်လည်ခုခံပါက ကာယကံရှင်တွေပါ ထိခိုက်နစ်နာမှုရှိနိုင်တဲ့အတွက် ငြိမ်ခံနေရတဲ့ အခြေအနေဖြစ်နေရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

စစ်ကောင်စီဟာ မော်လမြိုင်မြို့အပါအဝင် ပြည်နယ်အတွင်းရှိ မြို့ရွာတွေမှာ ပွဲတော်တွေနဲ့ စည်ကားနေရမယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ရပ်ကွက်ကျေးရွာတိုင်းမှာ လောင်းကစားဝိုင်းတွေထည့်သွင်းပြီး ပွဲလမ်းသဘင်တွေ ကျင်းပနေတာပါ။

အများပြည်သူ လုံခြုံရေးအတွက်ဆိုပြီး မြို့အဝင်/အထွက်အပါအဝင် မြို့ပေါ် နေရာအနှံ့ CCTV ကင်မရာအလုံးရေ ရာနဲ့ချီ တပ်ဆင်ထားတဲ့ မော်လမြိုင်မြို့မှာတော့ လက်ရှိအချိန်အထိ လုယက်သူတွေကို ဖော်ထုတ်ဖမ်းဆီးနိုင်တာ မရှိသေးပါဘူး။

Safe City ခေါင်းစဉ်နဲ့ မော်လမြိုင်မှာ တပ်ဆင်ထားတဲ့ CCTV ကင်မရာတွေမှာ လူတွေကို မှတ်သားထားနိုင်တဲ့ ကင်မရာတွေ၊ ကားနဲ့ ဆိုင်ကယ်နံပါတ်တွေ ဖတ်လို့ရတဲ့ကင်မရာတွေအပြင် ၃၆၀ လှည့်ပတ်ကြည့်ရှုနိုင်တဲ့ ကင်မရာတွေနဲ့ မှတ်တမ်းယူနိုင်တဲ့ ကင်မရာတွေလည်း ရှိနေပါတယ်။

Most read this week

January 17, 2025
တရားဝင် လိုင်စင်မရှိဘဲ နိုင်ငံခြားငွေလဲလှယ်လုပ်ငန်း လုပ်ကိုင်မှု စွပ်စွဲချက်နဲ့...
January 16, 2025
Photo - Social Media မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် ပျူစောထီးများက ရခိုင်မှတ်ပုံတင်...
January 15, 2025
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကောင်စီလက်အောက်ခံ ယာဉ်ထိန်းရဲတပ်ဖွဲ့က မော်တော်ယာဉ်တွေကို...
January 13, 2025
စစ်ကောင်စီအနေနဲ့ မြေပြင်စစ်ရေးတိုက်ပွဲတွေမှာ အရေးနိမ့်မှုတွေနဲ့အတူ စိုးမိုးနယ်မြေများစွာ...