အိမ်နီးချင်းနိုင်ငံတွေကနေ ဝင်ရောက်လာတဲ့ တရားမဝင် ကုန်ပစ္စည်းတွေကို အခုထက် လေးဆခန့် ထိထိရောက်ရောက် ပိုမိုဖမ်းဆီးဖို့ အာဏာသိမ်း ဒု-စစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက လက်အောက်ခံ ဌာနဆိုင်ရာတွေကို ညွှန်ကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီရဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ ကုန်သွယ်ဖက် အိမ်နီးချင်းနိုင်ငံတွေရဲ့ ပို့ကုန်၊ သွင်းကုန် လက်ခံစာရင်းကို တိုက်ဆိုင်စစ်ဆေးတဲ့နေရာမှာ မိမိတို့နိုင်ငံရဲ့ ပို့ကုန်ရော၊ သွင်းကုန်ပါ စာရင်းဇယားအရ များစွာ လျော့နည်းနေတာကြောင့် လေးဆခန့် ပိုမိုဖမ်းဆီးဖို့ ပြောဆိုခဲ့တာပါ။
တရားမဝင်ကုန်သွယ်မှုကြောင့် စားသုံးသူတွေနဲ့ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တွေ များစွာနစ်နာတာကြောင့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းတွေကို ထိထိရောက်ရောက် တားဆီးအရေးယူဆောင်ရွက်ဖို့လည်း ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် တရားမဝင် ကုန်သွယ်မှုကြောင့် နိုင်ငံတော်အခွန်ငွေရရှိမှု များစွာဆုံးရှုံးနစ်နာရတဲ့အပြင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းတွေကြောင့်လည်း ကုန်ကျစရိတ်ရှိလာရတယ်လို့ ဒု-စစ်ခေါင်းဆောင်က ဆိုပါတယ်။
စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကတော့ လက်ရှိ စစ်ကောင်စီအနေနဲ့ တရားမဝင်ကုန်ပစ္စည်းတွေကို ဒီထက် လေးဆ ပိုမိုဖမ်းဆီးဖို့ဆိုတာ မဖြစ်နိုင်သလို တကယ့်ဒေသတွင်းမှာ ဖမ်းဆီးပါက တစ်ပိုင်တစ်နိုင်လုပ်ငန်းလေးတွေ ထိခိုက်မယ့်အပြင် ကုန်ဈေးနှုန်းတွေပါ တက်လာမယ်လို့ ပြောပါတယ်။
“နယ်စပ်ကိုတော့ သူ အကုန်လုံး လိုက်ပိတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ လမ်းတွေက အများကြီးပဲ။ လမ်းတိုင်းကိုလည်း တပ်ကနေပြီး တရားဥပဒေ စိုးမိုးထားနိုင်တာမှ မဟုတ်တာ။ PDF တွေ၊ KNU တွေ စိုးမိုးတဲ့လမ်းတွေရှိတယ်။ DKBA တွေ၊ BGF တွေ စိုးမိုးထားတဲ့ လမ်းတွေရှိတယ်။ အဲဒီလို နယ်စပ်ကနေပြီးတော့ နည်းအမျိုးမျိုးနဲ့ ဆက်ပြီးတော့ ဝင်လာတဲ့ဟာ အကုန်လုံးကို တားနိုင်မယ်လို့တော့ ကိုယ်တို့ကတော့ မထင်ပါဘူး။ ဒါပေမယ့် တကယ်တမ်း အဲဒီ လိုက်လုပ်လို့ရှိရင်တော့ တစ်ပိုင်တစ်နိုင်လုပ်ငန်းလေးတွေ၊ ပြီးရင် ကုန်ဈေးနှုန်းတွေက နှစ်ဆသုံးဆလောက် တက်သွားလိမ့်မယ်” လို့ ဆိုပါတယ်။
ဒါ့အပြင် လက်ရှိ စစ်ကောင်စီဟာ နယ်မြေမစိုးမိုးနိုင်တဲ့အတွက် တစ်ဖက်နိုင်ငံက ကုန်ပစ္စည်းတွေကို ရေကြောင်းကနေ တရားဝင်တင်သွင်းခိုင်းနေပြီး ရေကြောင်းက တင်သွင်းပါက ကွန်တိန်နာတွေနဲ့ လိုအပ်တာထက် ပိုမှာရတဲ့အပြင် အချိန်ကြာမြင့်တာကြောင့်လည်း လက်တွေ့ အလုပ်မဖြစ်ဘူးလို့ သူက ဆက်ပြောပါတယ်။
စီးပွားရေးပညာရှင်တစ်ဦးကတော့ လက်ရှိ စစ်ကောင်စီအနေနဲ့ တရားမဝင်ကုန်ပစ္စည်းတွေဆိုပြီး အောက်ခြေအထိ ဖမ်းဆီးနေတာဟာ မဖြစ်သင့်သလို ဝင်ရောက်လာတဲ့ အရင်းအမြစ်ကိုမလိုက်ဘဲ အဖျားနားတွေကို ဖမ်းဆီးနေတာဟာ အစီအစဉ်ကျတဲ့ လုပ်ရပ်မဟုတ်ဘူးလို့ ပြောပါတယ်။
“ဒီဟာကတော့ အောက်ခြေအထိဆင်းပြီး လုပ်ဖို့မသင့်ဘူး။ အမှန်မှာက လုပ်ရမယ့်အနေအထားလည်း မဟုတ်ဘူး။ အရင်းအမြစ်ကိုရှာရမှာ။ ကိုယ့်အပြစ်ကိုမမြင်ဘဲနဲ့ သူများအပြစ်ဘဲမြင်ပြီး လိုက်ပြီးဖမ်းနေတာတော့ မသင့်ဘူးပေါ့။ လက်လီအရောင်းသမားတွေကရော ဒီဟာက တရားဝင်လာတဲ့ဟာလား၊ တရားမဝင်လာတဲ့ဟာလား သူတို့က ဒီအာဏာပိုင်အဖွဲ့အစည်းတွေလို ရောင်းတဲ့သူကို ပြခိုင်းနေလို့ မဖြစ်ဘူးလေ။ ဒီပစ္စည်းတွေ့တယ်။ ဒီဈေးနှုန်းနဲ့ရတယ်ဆိုလို့ရှိရင် သူတို့က ကိုယ့်အတွက် အဆင်ပြေတယ်ဆိုရင် ဘာပဲပြောပြော ဝယ်ပြီးတော့ ဈေးကွက်ထဲမှာ ဖြန့်မှာပဲ။ ဆိုတော့ တကယ့်မူလအရင်းအမြစ်ကို မလိုက်ဘဲနဲ့ အဖျားအနားကျမှ လာပြီးတော့ ဖြတ်တာတောက်တာတော့ ဘယ်လိုမှ အစီအစဉ်ကျတဲ့ လုပ်ရပ်မဟုတ်ဘူးလို့တော့ မြင်ပါတယ်” လို့ ဆိုပါတယ်။
ဒါ့အပြင် ပြည်တွင်းမှာ အသုံးပြုနေတဲ့ အခြေခံစားသောက်ကုန်ကအစ လိုအပ်တဲ့ပစ္စည်းတွေကို မထုတ်လုပ်နိုင်ဘဲ အခုလို ဖမ်းဆီးနေတာဟာ ဈေးနှုန်းမြင့်တက်အောင် လုပ်ဆောင်နေတာနဲ့တူသလို တစ်ဖက်မှာ ကုန်ဈေးနှုန်းကျဆင်းဖို့အတွက်ဆိုပြီး ကော်မတီတွေဖွဲ့ပြီး လုပ်ဆောင်နေပေမယ့် ဈေးနှုန်းမကျတာဟာ ဒီအချက်တွေလည်း ပါဝင်တယ်လို့ သူက ဆက်ပြောပါတယ်။
စစ်ကောင်စီက တရားမဝင် ကုန်ပစ္စည်းတွေဆိုပြီး လိုက်လံဖမ်းဆီးနေတဲ့ ကုန်ပစ္စည်းအားလုံးနီးပါးဟာ စစ်ကောင်စီရဲ့ အဆင့်ဆင့်သောဂိတ်တွေကို ငွေကြေးအများအပြားပေးဆောင်ပြီး ဝင်လာတာဖြစ်တဲ့အတွက် အဂတိလိုက်စားတဲ့သူတွေကို အရေးမယူဘဲ တရားမဝင်ကုန်သွယ်မှု ပပျောက်မှာမဟုတ်ဘူးလို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။
တစ်ဖက်မှာ အာဏာသိမ်း ဒု-စစ်ခေါင်းဆောင်ကတော့ တရားမဝင်ကုန်သွယ်မှုနောက်ကွယ်မှာ လာဘ်ပေးလာဘ်ယူ ကိစ္စရပ်တွေကြောင့် ဝန်ထမ်းတွေရဲ့ စွမ်းရည်နဲ့ ဂုဏ်သိက္ခာ ကျဆင်းလာသလို စာရိတ္တနဲ့ စိတ်ဓာတ်ကိုပါ လျော့ကျလာစေပြီး လူ့စွမ်းအားအရင်းအမြစ်ကိုလည်း ထိခိုက်စေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တရားမဝင်ကုန်သွယ်မှုကြောင့် တိုင်းပြည်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေတဲ့အပြင် ကုန်သွယ်လုပ်ငန်းခွန်၊ ဝင်ငွေခွန်၊ အထူးကုန်စည်ခွန် စတဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရသင့်ရထိုက်တဲ့ အခွန်အခတွေ ဆုံးရှုံးနစ်နာပြီး နိုင်ငံရဲ့ GDP ကိုပါ ကျဆင်းစေတယ်လို့ ပြောပါတယ်။
အာဏာသိမ်း ဒု-စစ်ခေါင်းဆောင်ရဲ့ ပြောဆိုချက်အရ တရားမဝင်ကုန်ပစ္စည်း ဖမ်းဆီးရမိမှုအနေနဲ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအထိ အမှုတွဲ (၁၇,၀၀၀) ကျော်ရှိကာ ခန့်မှန်းတန်ဖိုး ကျပ် ၃၇၉ ဘီလီယံကျော် ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။
မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ကတော့ အာဏာသိမ်းမှုအတွင်း စစ်ကောင်စီနဲ့ EAOs တွေထိန်းထားတဲ့ တရားဝင် နယ်စပ်ကုန်သွယ်ရေးစခန်းတွေ ရပ်တန့်လာနေပြီး တရားမဝင်ကုန်သွယ်မှု မြင့်မားလာနေတယ်လို့ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ကုန်သွယ်မှုအများစုဟာ တရားဝင်ကုန်သွယ်လို့ရကြပေမယ့် အခုကာလမှာ တရားမဝင်ကုန်သွယ်မှုက ပိုများလာတာကြောင့် နယ်စပ်ကုန်သွယ်ရေးမှာ တရားမဝင်ကုန်သွယ်မှု ၈၀ ရာခိုင်နှုန်းနဲ့ တရားဝင်ကုန်သွယ်မှု ၂၀ ရာခိုင်နှုန်းလောက်ပဲ ရှိတော့မယ်လို့ ISP-Myanmar က ခန့်မှန်းထားပါတယ်။