ကချင်ပြည်နယ်အတွင်း မြစ်ကြီးနားမြို့တစ်ခုတည်းကိုသာ စက်သုံးဆီတင်သွင်းခွင့်ပြုမည်

ကချင်ပြည်နယ်အတွင်း မြစ်ကြီးနားမြို့တစ်ခုတည်းကိုသာ စက်သုံးဆီတင်သွင်းခွင့်ပြုမည်

ကချင်ပြည်နယ်အတွက် စက်သုံးဆီခွဲတမ်း( Purchase Order – PO)ကို  မြစ်ကြီးနားမြို့တစ်ခုတည်းကိုသာ ခွင့်ပြုပေးသွားမှာဖြစ်ပြီး ကျန်မြို့များကိုပိတ်ပင်တားမြစ်လိုက်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်လာပါတယ်။

ကချင်ပြည်နယ်အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊မကွေးတိုင်း ၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း စတဲ့ တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားတဲ့ တချို့မြို့နယ်ဒေသတွေကို စက်သုံးဆီစီးဆင်းမှုကို ဖြတ်တောက်လိုက်ကြောင်း နိုဝင်ဘာလ(၁၇)ရက်နေ့မှာ စွမ်းအင်ဝန်ကြီးဌာနကနေတစ်ဆင့် အသိပေးလာတာပါ။

စက်သုံးဆီတင်သွင်းခွင့်ပိတ်ပင်မှုကို ယခုလမှအတိအလင်းကြေညာခဲ့တာဖြစ်ပေမယ့် ကချင်ပြည်နယ်ကို လုပ်ငန်းသုံးစက်သုံးဆီဝင်ရောက်မှုမရှိတော့တာဟာ ပြီးခဲ့တဲ့လပိုင်းတွေကတည်းကဖြစ်ပြီး စက်သုံးဆီဆိုင်အားလုံးနီးပါးရောင်းချခြင်းမရှိတော့ဘူးလို့ ဒေသခံများက ဆိုကြပါတယ်။

“ BOC တောင် မမှန်တော့ဘူးမောင်..။ မဖွင့်တာခပ်များများဖြစ်ပြီးပြီဟေ။ ဓာတ်ဆီမှာ တစ်လမှတစ်ကြိမ်ရချင်မှရတာ၊ မရတော့ဘူး။ ဒီဇယ်လေး၊ ပရီမီယမ်လေးနည်းနည်း အဲလောက်ပဲရှိတော့တာ ဓာတ်ဆီကိုမရောင်းတော့ဘူး။ တစ်ချို့ရောင်းတဲ့ကောင်တွေကလည်း တရုတ်ဆီနဲ့ရောလိုက်ကုန်တာ ဒါကြောင့်မို့ ဆိုင်ကယ်တွေပျက်တာလည်း မပြောနဲ့တော့။ ကြံဖန်လုပ်နေကြတာ အမောင်းလည်းမခံတော့ဘူးအရောဆီတွေက" ဟု ကချင်ပြည်နယ် မိုးကောင်းဒေသခံတစ်ဦးက ဆိုပါတယ်။

ဒီလို စက်သုံးဆီ PO ပိတ်ပင်လိုက်ရခြင်းအကြောင်းအရင်းက တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေဆီကို လောင်စာဆီရောက်ရှိပြီးအသုံးပြုနိုင်မှု ရပ်တန့်နိုင်စေရန်အတွက် ပြုလုပ်တာဖြစ်တယ်လို့လည်း စစ်ကောင်စီဘက်က ဆိုထားပါတယ်။

စက်သုံးဆီတွေ ဝင်ရောက်မှုတွေမရှိတော့ပေမယ့် ကချင်ပြည်နယ်အနှံ့အပြားရှိ ရွှေမျှောတူးဖော်ရေးလုပ်ငန်းခွင် နဲ့ ဖားကန့်ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေမှာ စက်သုံးဆီနေ့စဉ် ဂါလံသောင်းနှင့်ချီအသုံးပြုပြီး တူးဖော်နေကြဆဲလည်းဖြစ်ပါတယ်။

လက်ရှိ ကချင်ပြည်နယ်အတွင်းအသုံးပြုဖို့ စက်သုံးဆီအမျိုးမျိုးဟာ ကချင်-စစ်ကိုင်းနယ်စပ်က မြို့နယ်တွေ နဲ့ တရုတ်-မြန်မာနယ်စပ် ကန်ပိုင်တည်နယ်စပ်ဒေသကနေ ဝင်ရောက်နေတာလည်းဖြစ်ပါတယ်။

စစ်ကောင်စီက စက်သုံးဆီတွေကို စစ်ကိုင်းတိုင်းထဲက (၂၁)မြို့နယ်ဖြစ်တဲ့ ဗန်းမောက်၊ ကသာ၊ ထီးချိုင့်၊ကလေး၊ မော်လိုက်၊ ကျွန်းလှ၊ ရေဦး၊ ခင်ဦး၊ ဖောင်းပြင်၊ မြင်းမူ၊ ပုလဲ၊ ဝက်လက်၊ ဆားလင်းကြီး၊ ဘုတလင်၊ အင်းတော်၊ ယင်းမာပင်၊ ကန့်ဘလူ၊ တမူး၊ မြောင်၊ ဒီပဲယင်း၊ ကောလင်း၊ မကွေးတိုင်း က ပေါက်မြို့နယ် ၊ပဲခူးတိုင်းက မင်းလှမြို့နယ်၊ မန္တလေးတိုင်းထဲက ၊မိုးကုတ်၊ မြင်းခြံမြို့နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်ဒေသတစ်ခုလုံးပါဝင်တယ်လို့ သိရပါတယ်။

စစ်ကောင်စီနည်းတူ တော်လှန်ရေးတပ်ဖွဲ့တွေလည်း  စစ်ကိုင်းတိုင်းအတွင်းကမြို့နယ်တချို့မှာ စက်သုံးဆီတွေကို ပိတ်ပင်ကန့်သတ်တာ ၊ ရောင်းဝယ်ဖောက်ကားခွင့်မပြုတာတွေလည်းပြုလုပ်နေတယ်လို့ သိရပါတယ်။

November 20, 2024
တော်လှန်ရေးကာလ သုံးနှစ်ကျော်ကြာမြင့်လာချိန် ပင်လည်ဘူးမြို့နယ်က ကလေးငယ်တွေဟာ ကျောင်းပညာရေးကို...
November 20, 2024
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းလက်နက်ကိုင်တပ်ဖွဲ့  PSLF/TNLA...
November 19, 2024
အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်ထဲ ဝင်ရောက်စစ်ဘေးရှောင်ခဲ့သူတွေကို အိန္ဒိယအစိုးရက လာမယ့် ၂၀၂၅...
November 18, 2024
မိုးညှင်းမြို့နယ်အတွင်းမှာ ဖုန်းလိုင်းနဲ့ အင်တာနက်များဖြတ်တောက်ခံရပြီးနောက်  ဂြိုလ်တု...