ရွာသို့ လပြည့်ည အလွမ်း

ရွာသို့ လပြည့်ည အလွမ်း

နိုဝင်ဘာ ၁၅ ရက်သည် တန်ဆောင်မုန်း လပြည့်နေ့ ဖြစ်သည်။ ရာသီဥတု ဖောက်ပြန်မှုများကြောင့် ဆောင်းရာသီကာလ တိုတောင်းလာနေသော်လည်း ဆောင်းဦးအငွေ့အသက်များဖြစ်သည့် နေ့အချိန်တိုတောင်းလာခြင်းနှင့် ညဦးပိုင်းနှင့် နံနက်ခင်းချိန်တို့တွင် အေးမြမြရှိလာသည်။

“ဒီလို ညတွေရွာကို လွမ်းတယ်။ အရင်နှစ်တုန်းက ရွာမှာ မနက်ပိုင်းက ထိန်ခင်းတယ်။ နေ့ခင်းဆို အနီးနားရွာတွေ  သွားလည်တယ်၊ ညဆိုရွာမှာ ပံ့သကူပစ်တာ လိုက်ရှာကြပေါ့၊ ညနက်မှ အိမ်ပြန်တယ်”ဟု မြစ်ဝကျွန်းပေါ် ဒေသမှ လွတ်မြောက်နယ်မြေသို့ စစ်မှုထမ်းရှောင်လာသည့် လူငယ်တစ်ဦးက ဖွင့်ဟပြောသည်။

တန်ဆောင်မုန်းလသည် မြန်မာပြက္ခဒိန်၏ ရှစ်လမြောက်လဖြစ်ပြီး ရက် ၃၀ ရှိကာ ရက်စုံသောလဖြစ်သည်။ တန်ဆောင်မုန်းလ၏ အဓိပ္ပါယ်သည် 'တန်ဆောင်' မှာ 'မီးတိုင်' ဖြစ်ပြီး 'မုန်း(မှုန်း)' မှာ 'ပျံ့နှံ့စေခြင်း' အဓိပ္ပာယ်ရပြီး ထိုဝေါဟာရနှစ်ခု ပေါင်းလိုက်လျှင် 'မျက်စိတစ်ဆုံး ဆီမီးတိုင်များ ထိန်လင်းနေသည်’ ဟု ဆိုလိုပြီး အနှစ်ချုပ်လျှင် မီးထွန်းပွဲကို ရည်ညွှန်းခြင်း ဖြစ်သည်။

တန်ဆောင်မုန်းလတွင် ဗုဒ္ဓဘာသာဝင်တို့ ကထိန်ခင်းကာ ကောင်းမှုပြုလေ့ရှိပြီး ကျေးရွာများတွင် ဆီမီးပူဇော်ပွဲများ နှစ်စဉ်ကျင်းပမြဲ။ ထို့အတွက် လူငယ်လူရွယ်တို့အတွက် ယခင်က ပျော်ရွှင်ဖွယ် အချိန်အခါ ဖြစ်ခဲ့ဖူးသည်။

သို့သော် စစ်တပ်က အာဏာသိမ်းမှု ပြုလုပ်ပြီးနောက် အကျိုးဆက်အဖြစ် နိုင်ငံတဝှမ်း စစ်ရေးပဋိပက္ခများတိုးလာပြီး၊ စစ်မှုထမ်းဥပဒေကြောင့် လူငယ်အများစု ဘေးလွတ်ရာထွက်ခွာသွားရသလို ပြည်ပနိုင်ငံများတွင် ရွှေ့‌ပြောင်းအလုပ်သမားအဖြစ် သွားလုပ်ကိုင်နေရခြင်း စသည်ဖြင့် အိမ်နှင့်ဝေးရာသို့ အများအပြား ရောက်ရှိသွားသည်။

ထိုသို့ အိမ်နှင့်ဝေးရာသို့ ရောက်ရှိနေသူ လူငယ်များထဲမှ တစ်ဦးဖြစ်သူ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး-ABSDF မှ ရဲဘော် မင်းမင်းဦးကမူ ယခုလို တန်ဆောင်မုန်း လပြည့်နေ့ အချိန်အခါတွင် မူလဇာတိမွေးရပ်မြေ အိမ်ကို လွမ်းဆွတ်သတိရမိသည်ဟု ပြောသည်။

သို့သော် လက်ရှိရောက်ရှိနေသည့် အဖွဲ့အစည်း စခန်းနေရာသည်လည်း သူ့အိမ်ကဲ့သို့ ဖြစ်သလို လုပ်ဖော်ကိုင်ဖက် ရဲဘော်များသည်လည်း သူ့မိသားစုများဟုပင် ခံစားမိနေပြီဟု ဆိုသည်။

ထို့အတွက် သူက “လွမ်းတဲ့ စိတ်ကို ဖြေဖျောက်နိုင်ပါတယ်” ဟု တည်တည်ငြိမ်ငြိမ် ပြောပြသည်။

လက်ရှိ ပြည်တွင်းထဲတွင် ရက်ဆက်ရုံးပိတ်ကာ အားလပ်ရက်ပေးထားပြီး လူငယ်အချို့ ပင်လယ်ကမ်းခြေများနှင့် ရာသီပွဲတော်များဖြစ်သည့် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲများသို့ စသည်ဖြင့် သွားရောက်လည်ပတ်နေသည်ကို တွေ့နိုင်သည်။

ထို့နည်းတူ လွတ်မြောက်နယ်မြေများတွင်လည်း တန်ဆောင်တိုင် မီးထွန်းပွဲကို ရွာအလိုက် ကျေးရွာအလိုက် သူ့နည်းသူ့ဟန် ပြုလုပ်နေကြပြီး တော်လှန်ရေးရဲဘော်တချို့နှင့် ဒေသခံတို့လည်း ပါဝင်ဆင်နွှဲလျက်ရှိသည်။

ယခုလို တန်ဆောင်တိုင်ကာလတွင် အိမ်နှင့် မိသားစုကို လွမ်းဆွတ် သတိရသော်လည်း တော်လှန်ရေးသမား တစ်ဦးအနေဖြင့် သာမန်ပြည်သူများကဲ့သို့ ပျော်ရွှင်စရာများ မရှိဖြစ်နေသည်ဟု ကော့သောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တိုက်ဂါးက ပြောသည်။

“ကိုယ့်ရွာကိုလည်း သတိရတယ်။ ကိုယ့်မိသားစု ရပ်ဆွေရပ်မျိုးတွေကိုလည်း သတိရတယ်။ ကိုယ့်အရပ်ဒေသက လူတွေ တွေ့ရရင်ကိုပျော်တာ။ ကိုယ့်ရွာအကြောင်း ကြားရရင်ကို စိတ်ပျော်တာ။ ဒါပေမဲ့ တော်လှန်ရေးသမား တစ်ဦးအနေနဲ့ကတော့ တန်ဆောင်တိုင်ပွဲလည်း တမူမထူးခြားနေပါဘူး” ဟု သူကဆိုသည်။

ပြည်သူများကိုလည်း အပန်းဖြေခရီးထွက်ခြင်း၊ ပျော်ပွဲရွှင်ပွဲများကို ပါဝင်ဆင်နွှဲနေခြင်းကို မုဒိတာပွားလိုကြောင်း၊ သို့သော် စစ်ကောင်စီ၏ ပွဲတော်များကိုမူ တော်လှန်ရေးအပေါ် သတိမူ၍ ရှောင်ကြဉ်ခြင်းဖြစ် ကူညီပါဝင်စေလိုသည်ဟု ရဲဘော်တိုက်ဂါးက ပြောသည်။

“စစ်ကောင်စီရဲ့ ပွဲတော်တွေကို ရှောင်ဖို့ပြောတာ။ ကျနော်တို့ သွားနှောင့်ယှက်မယ်လို့ နားလည်မှု မလွဲ စေချင်ဘူး။ ကျနော်တို့ ဘာလုပ်လုပ် ပြည်သူတွေထိခိုက်နစ်နာမှုမရှိအောင်ပဲ အဓိကထားလုပ်ပါတယ်” ဟု သူက ပြောသည်။

ယခုနှစ်တွင် တိုင်ရင်းသားပြည်သူတို့အနေဖြင့် စစ်ဘေးအပြင် ရာသီဥတုဘေးဒဏ်ကိုလည်း အနည်းအများသာကွာခြားပြီး တစ်နိုင်ငံလုံး အကျိုးသက်ရောက်ခံစားခဲ့ရသည်။ ထို့အပြင် အာဏာသိမ်းမှုအကျိုးဆက် တိုင်းပြည်စီးပွားရေးကျဆင်းကာ အထွေထွေကုန်ဈေးနုန်း ကြီးမြင့်ပြီး ပြည်သူများ သောကရောက်ခဲ့ရပြန်သည်။ ထို့အတွက် ယခုလို တန်ဆောင်တိုင်ကာလတွင် ပြည်သူတို့ စိတ်ချမ်းသာပျော်ရွှင်မှုများကိုမြင်တွေ့လိုသည်ဟု တော်လှန်ရေး ရဲဘော်များက ဆိုသည်။

တန်ဆောင်မုန်းလပြည့် ညတွင် ရွာ၌ ပွဲ‌ဈေးတန်းရှိပြီး ရွာရှိစေတီတွင် သူငယ်ချင်းများနှင့်အတူ ဆီမီးထွန်းခြင်းကို ကနဦးပြုလုပ်ပြီးမှ လျှောက်လည်လေ့ရှိသည်ဟု မြစ်ဝကျွန်းပေါ်ဒေသရှိ သူ၏ ရွာတွင် ယခင်က တန်ဆောင်တိုင်ပွဲ ဆင်နွှဲခဲ့ပုံကို ဒေါနတောင်စွယ်၌ မှောင်ရီပျိုးချိန် ထွက်ပေါ်လာသည့် ဝန်းဝိုင်းနေသည့် လမင်းကြီးကိုကြည့်ကာ တော်လှန်ရေးရဲဘော်တစ်ဦးဖြစ်သူ စထီးထာက ဆိုသည်။

သူ့၏ရွာသည် လယ်ကွင်းများ ဝိုင်းရံထားပြီး ဟင်းသီးဟင်းရွက်နှင့် သားငါးပေါ် သလို ရွာထဲ၌ ကုက္ကိုလ်ပင် တန်းများရှိကာ အရိပ်ရပြီး မြို့သို့ ၁၀ မိနစ်ခန့်သာ သွားရသည်ဟု သူကဆိုသည်။  သူ့နာမည်အရင်းနှင့် သူ့ရွာနာမည်ကိုမှု အများသိရန် မပြောလိုဟု သူက ဆိုသည်။

“ ကျနော်စာအုပ် ဖတ်ဖူးတာက လရဲ့ ဆွဲငင်အားက ရေအပေါ်သက်ရောက်တယ်။ ကျနော်တို့ရဲ့ ခန္ဓာကိုယ်က လည်းရေဓါတ်တွေနဲ့ ဖွဲ့စည်းထားတော့ လရဲ့ ဆွဲငင်အားသက်ရောက်နိုင်တာတာပဲ။ လပြည့်ညဆို ရွာကို ပိုလွမ်းတယ်” ဟု လပြည့်ည မှောင်ရီပျိုးချိန်တွင် လမင်းကြီးကို မော့ကြည့်ရင်း သူကဆိုသည်။

December 23, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် အရှေ့တောနယ်ဒေသသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဒီဇင်ဘာ ၂၁...
December 23, 2024
ရှော့တိုက်ဒုန်းများဖြင့် တိုက်ခိုက်ခံခဲ့ရသည့် တောင်ငူမြို့ရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ...
December 21, 2024
KNU - ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ၊ တပ်မဟာ (၄)၊ ဘိတ် - ထားဝယ်ခရိုင်၊ လယ်ဒိုစိုးနှင့်...
December 20, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊...