လှိုင်းဘွဲမြို့နယ်အတွက် စစ်မှုထမ်းသင်တန်းတက်ရန် လူဦးရေ(၁၀၀) စုဆောင်းပေးရေး စစ်ကောင်စီညွှန်ကြား

လှိုင်းဘွဲမြို့နယ်အတွက် စစ်မှုထမ်းသင်တန်းတက်ရန် လူဦးရေ(၁၀၀) စုဆောင်းပေးရေး စစ်ကောင်စီညွှန်ကြား

ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တစ်ခုလုံးအတိုင်းအတာအနေဖြင့် ပြည်သူ့စစ်မှုထမ်းသင်တန်းတက်ရန် အမျိုးသားအယောက် (၁၀၀) စုဆောင်းထားရှိရေး သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများသို့ ပြီးခဲ့သည့်နိုဝင်ဘာ လဆန်းပိုင်းမှစ၍ စစ်ကောင်စီက ညွှန်ကြားကောက်ခံလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

စစ်မှုထမ်းအပတ်စဥ် (၇) သင်တန်းအတွက် တပ်သားသစ်များစုဆောင်းရန် စစ်ကောင်စီက ညွှန်ကြားထားခြင်းဖြစ်ပြီး လက်ရှိတွင် မဖြစ်မနေပေးဆောင်ရမည်ဟု စစ်ကောင်စီကဆိုထားသည့် လှိုင်းဘွဲမြို့ပေါ်  ရပ်ကွက်(၄)ခုအတွက် လူ(၄)ယောက်သာ ကောက်ခံပို့ဆောင်ပေးနိုင်ခဲ့သည်ဟု ကြားသိရကြောင်း မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

၎င်းအမျိုးသမီးက “မြို့နယ်ထဲက ရွာတွေ အကုန်လုံးအတွက် လူအယောက် (၁၀၀) တောင်မှ ပေးရမယ်လို့ကြားတယ်။ ရွာတွေမှာတော့ ဘယ်သူမှ မသွားချင်ကြတော့ ပေးရမယ့်လူလည်း မရှိဘူး။ မြို့ပေါ်ရပ်ကွက်ကျတော့ မဖြစ်မနေ ပေးရမယ်ဆိုတော့ သူ့အပိုင်းနဲ့သူ လိုက်စည်းရုံးရတာပေါ့။ အခု မြို့ပေါ်မှာပဲ ပေးပြီး ရွာဘက်မှာကမပေးသေးဘူး။ လှိုင်းဘွဲမြို့ထဲမှာတော့ လေးယောက်ပဲ ရတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

နိုဝင်ဘာ လဆန်းပိုင်းက မြို့ပေါ်ရပ်ကွက်နေ အမျိုးသား(၄)ဦးကို စစ်သင်တန်းတက်ရမည့် လှိုင်းဘွဲ စစ်ဗျူဟာသို့ ပို့ဆောင်ပေးလိုက်ပြီဖြစ်သလို သက်ဆိုင်ရာ ရပ်ကွက်အလိုက် ၎င်းအမျိုးသား(၄)ဦး အတွက် ထောက်ပံ့ပေးရန် လစဥ်ကြေးငွေပေးနိုင်ရေး စီစဥ်နေသည်ဟုလည်း ဖော်ပြပါအမျိုးသမီးနှင့် မြို့ခံအချို့က ဆိုသည်။

လူသစ်စုဆောင်းရာတွင် စစ်မှုထမ်းမည့်သူများအား မြေကွက်တစ်ကွက်နှင့် ငွေကြေးသိန်းဆယ်နှင့်ချီ ပေးဆောင်မည်ဖြစ်ကြောင်း မြို့နယ်ကော်မတီ ဥက္ကဋ္ဌ အဖွဲ့ဝင်တချို့က မက်လုံးပေးပြီး လိုက်လံစည်းရုံးသိမ်းသွင်းနေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များ၏ ပြောပြချက်အရ သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ လှိုင်းဘွဲမြို့နေဒေသခံများအား ကရင်သတင်းဌာန-ကေအိုင်စီက အတည်ပြုမေးမြန်းရာတွင် (က)ရပ်ကွက် အုပ်ချုပ်ရေးမှူးကသာ ၎င်းရပ်ကွက်အတွင်း ထိုသို့မက်လုံးပေးစည်းရုံးနေခြင်းဖြစ်ပြီး မြေကွက်နှင့်ငွေပေးမည့်သတင်းမှာလည်း မမှန်ကန်ဟု ဆိုသည်။

ထို့အတူ လှိုင်းဘွဲမြို့အတွင်း ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့်ဖောက်ဖျက်၍  သွားလာနေသူများအား ယခင်ကအရေးယူဆောင်ရွက်ခြင်းမရှိခဲ့သော်လည်း စစ်ကောင်စီကညွှန်ကြားထားသည့် စစ်မှုထမ်းဦးရေ လိုအပ်ချက်ပြည့်မီရန် ထိုဥပဒေကျူးလွန်သူများကို ဖမ်းဆီး၍ တပ်သားစုဆောင်းရာတွင် အသုံးပြုတော့မည်ဖြစ်ကြောင်း တပ်နှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

“ဒီမှာ ညမထွက်ရ အမိန့်ကို ချထားတာကြာပါပြီ။ ထွက်တာက များသောအားဖြင့် လောင်းကစားဝိုင်းသွားမယ့်သူတွေများတယ်။ အခု စစ်တပ်ကတောင်းတာနဲ့ ရတာနဲ့က လူမပြည့်တော့ မြို့ထဲ ညပိုင်းထွက်တဲ့လူတွေကို ဖမ်းဖို့ရှိတယ်လို့ ကြားတယ်။ မြို့ကလူတွေ သတိထားစေချင်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဆက်လက်၍ မြို့နယ်အတွင်း ယာဥ်၊ လမ်း စည်းကမ်းဖောက်ဖျက်သူများကို  စစ်ဆေးအရေးယူရာတွင်လည်း စစ်ကောင်စီ၏ စစ်မှုထမ်းညွှန်ကြားချက်ပြည့်မီရန် စည်းရုံးသွားမည် ဖြစ်သလို စစ်မှုထမ်း စာရင်းပါရှိသူများ တိမ်းရှောင်ပါက ဥပဒေနှင့်အညီအရေးယူရုံသာမက ၎င်းတို့၏ မိသားစုဝင် တစ်ဦးဦးကို ကိုယ်စားတာဝန်ထမ်းဆောင်စေရေးကိုလည်း လှိုင်းဘွဲမြို့နယ်စီမံ အုပ်ချူပ်ရေးအဖွဲ့ ကော်မတီမှအစည်းအဝေးများ လုပ်ဆောင်နေကြောင်း ဒေသသတင်းမီဒီယာတချို့က  ဖော်ပြကြသည်။

အလားတူ ပြီးခဲ့သည့် အောက်တိုဘာလပိုင်းက ဖားအံမြို့တွင် စစ်ကောင်စီက စစ်မှုထမ်းဥပဒေ အ ကောင်အထည်ဖော်မှုများ စတင်လုပ်ဆောင်ခဲ့ပြီး  မြို့ပေါ်၊ အမှတ်(၃)ရပ်ကွက်၌ စစ်မှုထမ်းသင်တန်းတက်မည့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ အမျိုးသား (၂) ဦးကို စတင်ခေါ်ယူခဲ့ကြောင်း မြို့ခံများ၏ ပြောပြချက်အရ သိရသည်။

Most read this week

November 22, 2024
အမေရိကန်သမ္မတ ရွေးကောက်ပွဲရလဒ်ကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များ...
November 22, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်တွင် ကရင်အမျိုးသားရဲတပ်ဖွဲ့-...
November 21, 2024
“စစ်ကောင်စီကျောင်းကို ကြိုဆိုတာတော့မဟုတ်ဘူး၊ အခြေအနေအရပါပဲ” ကေအဲန်ယူ-...
November 21, 2024
ထိုင်းနိုင်ငံကို အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသော မြန်မာနိုင်ငံသား မိဘနှစ်ပါးမှ...