“အုပ်ချုပ်ရေးစနစ် ကောင်းကောင်းလုပ်နိုင်တဲ့အချိန်ကျရင် ဒီဘုရားသုံးဆူမှာရှိတဲ့ တရုတ်တွေကို ထွက်ခိုင်းရင် အချိန်မရွေး သူတို့ထွက်ရမှာပဲ”

“အုပ်ချုပ်ရေးစနစ် ကောင်းကောင်းလုပ်နိုင်တဲ့အချိန်ကျရင် ဒီဘုရားသုံးဆူမှာရှိတဲ့ တရုတ်တွေကို ထွက်ခိုင်းရင် အချိန်မရွေး သူတို့ထွက်ရမှာပဲ”

ထိုင်း-မြန်မာ နယ်စပ်၊ ဘုရားသုံးဆူမြို့ကို ကရင့်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များက ထိန်းချုပ် ထားသည်မှာ တစ်နှစ်ကျော်ခန့် ရှိပြီးဖြစ်သည်။ ယခုလက်ရှိ အုပ်ချုပ်ရေးအပိုင်း စီမံလုပ်ဆောင်နေမှုများ၊ ကုန်သွယ်ရေးအပိုင်းလုပ်ဆောင်မှု စသည့်အခြေအနေများနှင့် တရုတ်နွယ်ဝင်များ ဘုရားသုံးဆူသို့ ရွှေ့ပြောင်းအခြေချလာပြီး စီးပွားရေးလုပ်ဆောင်နေမှု၊ ကာစီနိုနှင့် ကျားဖြန့်လုပ်ငန်းများ လုပ်ဆောင်နေမှုရှိမရှိ စသည်တို့ကို ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်-DKBA အမှတ်-၂ စစ်ကွပ်ကဲရေးနည်းဗျူဟာမှူး ဗိုလ်မှူးကြီးစောအေဝမ်းနှင့် မေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်။

DKBA အမှတ် -၂ စစ်ကွပ်ကဲရေးနည်းဗျူဟာမှူး ဗိုလ်မှူးကြီးစောအေဝမ်းနှင့် မေးမြန်းခြင်း

ကေအိုင်စီ၊ နိုဝင်ဘာ ၅ ၊ ၂၀၂၄

ထိုင်း-မြန်မာ နယ်စပ်၊ ဘုရားသုံးဆူမြို့ကို ကရင့်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များက ထိန်းချုပ် ထားသည်မှာ တစ်နှစ်ကျော်ခန့် ရှိပြီးဖြစ်သည်။ ယခုလက်ရှိ အုပ်ချုပ်ရေးအပိုင်း စီမံလုပ်ဆောင်နေမှုများ၊ ကုန်သွယ်ရေးအပိုင်းလုပ်ဆောင်မှု စသည့်အခြေအနေများနှင့် တရုတ်နွယ်ဝင်များ ဘုရားသုံးဆူသို့ ရွှေ့ပြောင်းအခြေချလာပြီး စီးပွားရေးလုပ်ဆောင်နေမှု၊ ကာစီနိုနှင့် ကျားဖြန့်လုပ်ငန်းများ လုပ်ဆောင်နေမှုရှိမရှိ စသည်တို့ကို ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်-DKBA အမှတ်-၂ စစ်ကွပ်ကဲရေးနည်းဗျူဟာမှူး ဗိုလ်မှူးကြီးစောအေဝမ်းနှင့် မေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်။

မေး။    ။ ဘုရားသုံးဆူမြို့ရဲ့ လုံခြုံရေး၊ အုပ်ချုပ်ရေးအပိုင်းတွေမှာ ပါဝင်ဆောင်ရွက်နေတော့ အခု ဘုရားသုံးဆူမှာ တရုတ်လူမျိုးနဲ့ တရုတ်နွယ်ဝင်တွေ ရွှေ့ပြောင်း ဝင်ရောက်နေထိုင်တဲ့ အခြေအနေဘယ်လို ရှိပါလဲဆိုတာ ကနဦး ရှင်းပြပေးပါ။

ဖြေ။    ။ ဘုရားသုံးဆူမှာ တရုတ်စစ်စစ်တွေ နည်းနည်းပဲရှိတယ်။ ၁၀၀ ရာခိုင်နှုန်းမှာ တရုတ် စစ်စစ် တွေက ၃၀ ရာခိုင်နှုန်း လောက်ပဲရှိတယ်။ အများအားဖြင့်တော့ ကိုးကန့်နဲ့ လီဆူတွေ ဖြစ်တယ်။ လောက် ကိုင်မှာ တိုက်ပွဲဖြစ်တဲ့နောက်မှာ လာတာရှိတယ်။ ပြီးတော့ မဟာမိတ် (၃) ဖွဲ့ စစ်ဆင်ရေး ဖြစ်တဲ့နောက်မှာ ကိုးကန့်တွေတချို့ တက်လာတာရှိတယ်။ တချို့ကတက်လာတာက မြဝတီဘက်တက်ဖို့ ဒါပေမယ့် လမ်းအခြေအနေတွေကြောင့် အများစု ဘုရားသုံးဆူဘက် တက်လာတာဖြစ်တယ်။

သူတို့တက်လာတော့ အမျိုးမျိုး လုပ်ကိုင်ကြတယ်။ တချို့က ကာစီနိုတို့၊ တချို့ စားသောက်ဆိုင်တို့ တချို့က တရုတ်ပစ္စည်းတို့ အမျိုးမျိုး ရောင်းကြတာရှိတယ်။ ဒါပေမယ့် ဒီနယ်မြေက အဲလို ကာစီနိုတွေလုပ်တာတွေကတော့ ကျနော်တို့ သိပ်လက်မခံဘူးပေါ့။ သူတို့ကတော့ လားရှိုးဘက် အခြေအနေကောင်းလာရင်တော့ ပြန်ဖို့ရှိတယ်။ အခု နည်းနည်းပါးပါး ပြန်သွားတာတော့ရှိတယ်။ တချို့ကတော့ ဒီဇင်ဘာလကုန်ရင်တော့ ပြန်ဖို့ရှိတယ်။ ဒီလို စီးပွားရေးလာလုပ်တဲ့လူထက် လောင်းကစားတွေ လုပ်တဲ့လူတွေကိုတော့ ကျနော်တို့က သူတို့ကိုပြောထားတော့ သူတို့လည်း ဒီဇင်ဘာလကျရင် တချို့ပြန်သွားဖို့ ရှိတယ်။

မေး။    ။ အခုလို တရုတ်တွေ ရွှေ့ပြောင်းရောက်ရှိ နေထိုင်တဲ့ နေရာတွေမှာပေါ့၊ ဘယ်လို ကြပ်မတ် ထားတာတွေရှိလဲဆိုတာလည်း ရှင်းပြပေးပါ။

ဖြေ။    ။ အခုက သူတို့က သူများအိမ်တွေ၊ အခန်းတွေ တည်းခိုးခန်းတွေမှာ သွားငှားနေတယ်။ ကိုးကန့်တွေကတော့ အရင်တုန်းက သူတို့နဲ့ စစ်ကောင်စီက အဆင်ပြေတယ်။ အခုမပြေတော့ ဒီဘက် ပြောင်းရွှေ့လာရတာ ရှိတယ်။ နောက်ပြီး အရင်တုန်းက ဘုရားသုံးဆူမှာ ကာစီနို ၂ ရုံ၊ ၃ ရုံရှိတယ်။ အဲဒီကတည်းက ရောက်တဲ့လူ တွေရှိတယ်။ သူတို့တွေက  အခန်းတွေတန်းလျားတွေဆောက်တော့ အဲဒီမှာလာနေကြတာရှိတယ်။ တချို့က အပြင်မှာ ထွက်ငှားနေတယ်။ အဲဒီလိုအပြင်မှာနေတော့ အိမ်ခတွေအခန်းခတွေက စျေးတွေကြီးသွားတယ်။

အခန်းငှားစားတဲ့ လူတွေကတော့ သူတို့အဆင်ပြေတယ်။ ဒါပေမယ့် အိမ်ငှားနေတဲ့သူတွေအတွက်တော့ ထိသွားတာ ရှိတယ်။ ဆိုင်သမားတချို့ကတော့ အဲလိုများလာတော့ သူတို့ပစ္စည်းတွေ ရောင်းအားတွေ ကောင်းလာတယ်၊ အဲလိုတွေတော့ရှိတယ်။ နိုင်ငံရေးအခြေအနေကြောင့် အချို့ကပြန်လို့မရဘူးပေါ့။ တချို့က ပြန်ပြီးလမ်းမှာ အဖမ်းခံ ရတာတွေလည်း ရှိတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ပြန်တော့ ဆိပ်ကြီးမှာ အဖမ်းခံရပြီး သွားပြီးပြောပေးရတာ တွေလည်း ရှိတယ်။

မေး။    ။ ဒီမှာရောက်တဲ့တရုတ်တွေက အဓိက ကျားဖြန့်လုပ်ငန်းလုပ်တယ်ဆိုပြီး ပြောကြတာတွေရှိနေတယ်။ တွေ့ရှိချက်တွေက ဘယ်လိုရှိပါသလဲ။

ဖြေ။    ။ သူတို့ကျားဖြန့်လုပ်တာလား၊ ဘယ်လိုလုပ်တာလဲတော့ ကျနော်တို့လည်း သေချာမသိဘူး။ သွားလေ့လာသလောက် သူတို့က ကွန်ပျူတာနဲ့ ကစားတာတို့၊ ပြီးတော့ ငါးပစ်တာတို့ အဲလိုတွေတော့ရှိတယ်။ သူတို့ကျားဖြန့် က ဘယ်လိုလုပ်လဲဆိုတာတောာ့ ကျနော်တို့ကလည်း သူတို့လုပ်နည်းကို မသိတော့ မပြောတတ်ဘူး။ အဲဒီမှာက တရုတ်တွေပဲဆိုရင် အယောက် ၁၃၀ လောက်ရှိတယ်။ သူတို့မှာ ကွန်ပျူတာတွေနဲ့လုပ်တာတွေတော့ တွေ့ရတယ်။ သူတို့ဖြေတာကတော့ လိုင်းပေါ်မှာငွေချေးစနစ်လား၊ အဲလိုတွေလုပ်တယ်လို့ပဲ ပြောတယ်။ ပြီးတော့ သူတို့က မော်ဒယ်ပုံတွေနဲ့ အဲလိုပြန်ပြီး လုပ်တာတွေတော့ တွေ့ရတယ်။

ဘုရားသုံးဆူထဲမှာ အဲလိုလုပ်တာက ၂ နေရာရှိတယ်။ နောက်တစ်နေရာက သူတို့ထပ်လုပ်ဖို့ရှိတယ်။ ဒါပေမယ့် ကျနော်တို့က လက်မခံဘူးပေါ့။ ဒီမှာက ကျနော်တို့သတ်မှတ်လိုက်တာ သူတို့က မြေဝယ်ခွင့် ကျနော်တို့ မပေးဝယ်ဘူး။ နေချင်ရင်တော့ ငှားပြီးနေ အဲလိုပဲ ကျနော်တို့သတ်မှတ်တယ်။ သူတို့က ပိုက်ဆံရှိတော့ ဝယ်ခွင့်ပေးရင် အကုန်လိုက်ဝယ်မယ်။ နောက်ပြီး သူတို့လာတဲ့အတွက် ဒေသခံတော်တော်များများက ပစ္စည်းတွေရောင်းကောင်းလာကြတယ်။

ကျနော်တွေ့ရသလောက်တော့ သူတို့လာနေလို့ ဒေသခံတွေ စီးပွားရေးထိခိုက်သွားတာတို့က မရှိဘူးပေါ့။ ဒါပေမယ့် တစ်ခုကတော့ တရုတ်တွေ ကားရမ်းပြီးမောင်းလို့ လူတွေကို တိုက်မိတာတွေတော့ရှိတယ်။ နောက်ပြီး သူများစားသောက်ဆိုင်ထဲမှာဝင်ပြီး စကားတွေအကျယ်ကြီးပြောတာတို့ ဆေးလိပ် တွေသောက်ပြီး လိုက်ပစ်တာတို့ အဲတာတွေရှိတာကို လူထုတွေကတော့ ပြောတာတွေရှိတယ်။ လောလောဆယ်တော့ လူထုကိုထိခိုက်တဲ့ ပြဿနာကြီးကြီးမားမား မတွေ့ရသေးဘူး။

မေး။    ။ အခု ဘုရားသုံးဆူမြို့ကို ထိန်းချုပ်ထားနိုင်တာ တစ်နှစ်ကျော်ပြီးဆိုတော့ အုပ်ချုပ်ရေး အပိုင်းကရော ဘယ်လိုလုပ်ဆောင်တာတွေ ရှိပါသလဲ။

ဖြေ။    ။ အုပ်ချုပ်ရေးအပိုင်းကတော့ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရား ပျက်သွားပြီးတဲ့နောက်မှာ အားလုံးသိတဲ့ အတိုင်းပဲ မိခင်ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံးနဲ့ပူးပေါင်းပြီး၊ တိုင်ပင်ပြီးတော့ ကြားကာလအုပ်ချုပ်ရေးပေါ့။ ပြီးတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကလည်း လူထုရွေးချယ်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေ အုပ်ချုပ်ရေးယန္တရားအားလုံးက ကျနော်တို့ ကရင်က လုပ်ဆောင်နေတယ်ပေါ့။ အဲလိုတွေ သွားတယ်။ ဒါပေမယ့် တင်းတင်းကြပ်ကြပ်တော့ လုပ်လို့မရဘူး၊ ဒီလိုပဲ ပူးပေါင်းလုပ်ဆောင်ပြီး လုပ်ရတယ်။ အားလုံး အဆင်ပြေပါတယ်။

မေး။    ။ အခုလို လူမျိုးခြား တရုတ်တွေ ဝင်ရောက်လာတဲ့အပေါ် မြို့အုပ်ချုပ်ရေး လုပ်ဆောင်ရတဲ့အပိုင်းက ဘယ်လိုရှိလဲ။

ဖြေ။    ။ အပေါ်ကလူကြီးတွေကတော့ မြို့ထဲမှာတစ်ခုခုဆိုရင် ကျနော့်ကိုပဲ လာမေးတာများတယ်။ ကျနော်က အရင်ကတည်းက ဒီမှာပဲရှိတော့ အခြေအနေတွေကို အကုန်သိတယ်။ ကိစ္စတစ်ခုခုဆိုရင် ကျနော်တို့က တစ်ဖက်နဲ့တစ်ဖက် တိုင်ပင်ညှိနှိုင်းတာတော့ရှိတယ်။ ပြဿနာ ဖြစ်ရင် ဘယ်လိုရှင်းရမလဲ၊  ဒီလူတွေလာတော့ သူတို့ကို ဘယ်လိုလုပ်ဆောင်ပေးရလဲ အဲဒါတွေအစ ပြီးတော့ သတင်းတွေထွက်လာတဲ့အပေါ် လာမေးတာတွေရှိတော့ ကျနော်တို့လည်း ဒီလိုပဲတိုင်ပင်ညှိနှိုင်းရတယ်။

ဒီနယ်မြေမှာ ဒီဟာတွေကို ကင်းစင်ဖို့အတွက် ကျနော်တို့လည်း အဆင့်ဆင့်ပြန်လုပ်ရတယ် ။ တစ်ဖက်ထဲနဲ့လုပ်လို့ မရဘူး၊ အချင်းချင်းညှိနှိုင်းရတယ်။ အခက်အခဲရှိတဲ့အပေါ် အချင်းချင်းနားလည်မှုတွေလုပ်ရတယ်။ ဒီကိစ္စတွေက အထူးသဖြင့် ကျနော်ပဲ လုပ်ဆောင်ရတယ်ဆိုတော့ တစ်ခုခုဆိုရင် ကျနော်ကိုပဲ လာမေးတယ်။

ကျနော့်ဘက်ကလည်း အခက်အခဲရှိလာရင် ဘယ်လိုဖြေရှင်းရမလဲကို သူတို့ကို ကျနော်တင်ပြတယ်။ ဝိုင်းဝန်းဖြေရှင်းကြတာပေါ့။ အခုလောလောဆယ်တော့ ဖြေရှင်းရတာတွေတော့ မရှိသေးဘူး။ KNU မူမှာလည်း လောင်းကစား၊ ငွေကြေး လိမ်လည်မှုနဲ့ ပတ်သက်ပြီး လုပ်လို့မရတဲ့မူတွေ ရှိတယ်ဆိုတော့ ကျနော်တို့က ဘာလုပ်တာလဲဆိုတာကို အားလုံးတင်ပြရတာပေါ့။

မေး။    ။ ဘုရားသုံးဆူမြို့ဟာ နယ်စပ်မြို့တစ်မြို့လည်းဖြစ်တယ်ဆိုတော့ လက်ရှိနယ်စပ်ကုန်သွယ်ရေး အပိုင်းတွေမှာရော ဘယ်လိုအုပ်ချုပ် စီမံခန့်ခွဲရတာတွေရှိလဲ ပြောပြပေးပါဦး။

ဖြေ။    ။ ကူးသန်းရောင်းဝယ်ရေးအပိုင်းတော့ ခရိုင်းမှူးတွေနဲ့ကျနော်တို့တွေက စီစဉ်ပေးရတာပေါ့ ၊ လူထုတွေ လိုအပ်တဲ့ကုန်စည်တွေကို။ ဒီနယ်စပ်က စစ်ကောင်စီဘက်က တရားမဝင်ကုန်သွယ်ရေး နယ်စပ်လို့ သတ်မှတ်ထားတာ ပစ္စည်းတွေဝင်လာရင် တော်လှန်ရေးတပ်ဖွဲ့အတွက် အထောက်အပံ့ဖြစ်စေနိုင်တယ်ဆိုပြီး ကုန်စည်စီးဆင်းတာတွေကို သူတို့က လိုက်ပိတ်တာတွေ ရှိတယ်။ ဒီမှာက သူတို့လာပိတ်မရတော့ တစ်ခါတစ်လေမှာ ကြာအင်းဆိပ်ကြီးမှာစောင့်ပြီး ဖမ်းတယ်။ တစ်ခါတစ်လေမှာတော့ မော်လမြိုင်ဘက်မှာ ဖမ်းတာတွေလုပ်တယ်။

စားသောက်ကုန်စည်တွေက လူထုတွေနေ့တိုင်း လိုအပ်တယ်။ ကျနော်တို့က အဆင်ပြေတဲ့နည်းနဲ့ လုပ်ဆောင်ပေးတယ်။ အခွန်ကောက်တာတွေ ရှိတယ်။ ဒီဘက်က တပ်ရင်းမှူးတွေက သူတို့လည်း ဘာမှမလုပ်နိုင်ဘူးလေ။ တစ်ခါတစ်လေ သူတို့ကိုတော့ ကျနော်တို့ခွဲပေးတာတွေတော့ ရှိတယ်။ ဒေသအတွင်း လူထုအဆင်ပြေဖို့ပဲ ကျနော်တို့ အဓိက လုပ်ပေးတယ်။ တစ်ခါတစ်လေ ထိုင်းဘက်ကလည်း ပိတ်တာရှိတယ်။ တစ်ခါတစ်လေ မော်လမြိုင်ဘက်က ဖမ်းတာရှိရင်သူတို့လဲ ပစ္စည်းသယ်လို့ မရဲဘူး အဲလိုတွေရှိတယ်။

မေး။    ။ ဘုရားသုံးဆူမှာ စစ်ကောင်စီတပ်စခန်းတော့ ရှိသေးတယ်။ သူတို့လှုပ်ရှားမှု အခြေအနေတွေက ဘယ်လိုရှိလဲ ပြောပြပေးပါ။

ဒီမှာက စစ်ကောင်စီတပ်စခန်း ၂ ခု ကျန်တယ်။ ကျန်ပေမယ့်လည်း သူတို့က ဘာမှလုပ်ရှားမှုလုပ်လို့ မရဘူး။ သူတို့ တပ်ကုန်းထဲမှာပဲ နေတယ်။ အပေါ်က သူတို့ကို မေးလာရင် လှုပ်ရှားမှု ဒီလိုဒီလို တွေရှိတယ်ဆိုပြီး တင်ပြတယ်။ တကယ်တော့ သူတို့ဘာမှ လုပ်လို့မရဘူး။ အပြင်သွားရင်တောင် သူတို့က အရပ်ဝတ်နဲ့ပဲ သွားရတယ်။ စခန်း၂ ခု ပေါင်းမှ သူတို့အင်အားက ၈၀ နဲ့ ၉၀ ကြားလောက်ရှိမယ်။

မေး။    ။ ဘုရားသုံးဆူမှာ တရုတ်တွေ ဝင်ရောက်လာမှု များလာတဲ့အခြေအနေ၊ တခြားအုပ်ချုပ်ရေး ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ပြည်သူလူထုတွေကို ဘာများဖြည့်ပြောပြချင်တာရှိပါသလဲ။

ဖြေ။    ။ အဓိက ကျနော်အရင်ပြောချင်တာကတော့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနဲ့ ကျနော်တို့နဲ့က အုပ်ချုပ်ရေးအပိုင်းတွေမှာ ပူးပေါင်းလုပ်ဆောင်တယ်။ တစ်ဖက်နဲ့တစ်ဖက် ညှိနှိုင်းတိုင်ပင်တာတွေ နားလည်မှု ပေးတာတွေ ရှိတယ်။ တချို့က ကျနော်တို့ကို တိုက်ခိုက်ချင်ကြတယ်။ အဓိက ကျနော်တို့ကို တိုက်ခိုက်တာက တရုတ်ဝင်လာတဲ့ကိစ္စနဲ့ပတ်သက်ပြီး တိုက်ခိုက်လာတယ်။ ဘုရားသုံးဆူမှာ ကျနော်တို့ ကရင်တွေအုပ်ချုပ်တာကို မလိုချင်ကြတဲ့လူတွေက တိုက်ခိုက်တာတွေရှိတယ်။

နောက်ပြီး မီဒီယာမှာတစ်ခါတစ်လေ ကြည့်လိုက်တော့ ကျနော်တို့ နာမည်ပျက်အောင် တိုက်ခိုက် ရေး တယ်။ DKBA က တရုတ်တွေ လက်ခံတယ်။ ပြီးတော့ ငွေလိမ်လည်မှုတွေကို လက်ခံတယ်၊ DKBA က ဘုရားသုံးဆူကို သိမ်းပိုက်တယ်ဆိုပြီး။ မီဒီယာကို သတင်းပို့တဲ့လူတွေကလည်း ကျနော်တို့ကို တိုက်ခိုက်တဲ့လူတွေပါပဲ။ ကျနော်တို့နယ်မြေမှာရှိတဲ့ လူထုတွေထိခိုက်ရင် ကျနော်တို့ သိတာပဲ။ တရုတ်တွေက ကျနော်တို့နယ်မြေကို လာပြီး လွှမ်းမိုးမယ်။ ကျနော်တို့ မြေတွေကိုလာပြီး ယူသွားမယ်။ အဲလို စိုးရိမ်တာတွေ ရှိတာကိုတော့ ကျနော်တို့လည်းနားလည်တာပဲ။

ဒါပေမယ့် ဘုရားသုံးဆူကို ကျနော်တို့ဘယ်လိုထိန်းလဲ၊ ဘယ်လိုစီမံအုပ်ချုပ်လဲဆိုတာ ပြည်သူတွေ နားလည်စေချင်တယ်။ စစ်ကောင်စီတွေလည်း ဒီမြို့ကို သူတို့လှုပ်ရှားမှုလုပ်လို့ မရတော့ဘူး။ ပြည်သူတွေအပေါ်လည်း အကြမ်းဖက်လို့ မရတော့ဘူး။ အခုအခြေအနေက အရမ်းအခက်အခဲဖြစ်လာတာတော့ မရှိပါဘူး။

ကျနော်တို့ အုပ်ချုပ်ရေးစနစ် ကောင်းကောင်းလုပ်နိုင်တဲ့အချိန်ကျရင် ဒီဘုရားသုံးဆူမှာရှိတဲ့ တရုတ်တွေကိုလည်း ကျနော်တို့ထွက်ခိုင်းရင် အချိန်မရွေးသူတို့ထွက်ရမှာပဲ။

အခုအခြေအနေက သူတို့နဲ့တွဲပြီး လုပ်ရအုံးမယ့် အခြေအနေရှိလို့ ဆက်ပြီးတွဲလုပ်ရတယ်။ တစ်ခါတစ်လေ ကျနော်တို့ လုပ်တာတွေလည်း မှားတာတွေရှိမယ်။ ကျနော်တို့ကို ဝေဖန်မှု ထောက်ပြမှုရှိမှ အားနည်းချက်၊ အားသာချက် ဘယ်လိုရှိလဲ၊ ကောင်းမွန်အောင် ကျနော်တို့ဘယ်လို လုပ်ရမလဲဆိုတာ ကျနော်တို့ သိလာမယ်။  အဲ့ဒါပဲ ပြောချင်ပါတယ်။

 

Most read this week

January 22, 2025
ငွေကြေးလိမ်လည်ဖြားယောင်းမှု (ကျားဖြန့်) ပြဿနာအပါအဝင် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကို...
January 22, 2025
မောင်ကျော်စွာ — အခုတလော ကျယ်ကျယ်လောင်လောင် ဖြစ်လာနေတဲ့ မြန်မာ - ထိုင်း နယ်စပ်၊ မြဝတီ -...
January 16, 2025
ကရင်ပြည်နယ်၊ မြဝတီခရိုင်အတွင်း လာရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ကြသည့်...
January 14, 2025
ရှမ်းပြည်နယ် တောင်ပိုင်းရှိ စစ်ရှောင်များအတွက် နိုင်ငံတကာမှ ပေးပို့သည့် လူသားချင်းဆိုင်ရာ...