ပေါင်မြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောကြောင့် ရေလုပ်သား ၅၀ ကျော် ဆေးရုံတက်နေရ

ပေါင်မြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောကြောင့် ရေလုပ်သား ၅၀ ကျော် ဆေးရုံတက်နေရ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ဝဲပတန်နှင့် အလှပ်ကျေးရွာတို့မှ ရေလုပ်သားများ ၅၀ ကျော် ဝမ်းပျက်ဝမ်းလျှောကြောင့် ဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်ဟု ဒေသတွင်းသတင်း အရင်းမြစ်တို့ထံမှ သိရသည်။

ပင်လယ်ကမ်းစပ်အနီးရှိ ဝဲပတန်နှင့် အလှပ်ကျေးရွာတို့တွင် အောက်တိုဘာလ ၂၇ ရက်နေ့ကစပြီး ဝမ်းပျက်ဝမ်းလျှောစတင်ဖြစ်ပွားခဲ့ကြောင်း ဝမ်းရောဂါဖြစ်ပွားသူအများစုသည် ပင်လယ်ပြင် ရေလုပ်သားများဖြစ်သည်ဟု ဆိုသည်။

မသန့်ရှင်းသည့်ရေ သုံးစွဲနေခြင်းနှင့် အပူလွန်ကဲမှုမှုကြောင့် ဝမ်းပျက်ဝမ်းလျှော ရောဂါကူးစက်ဖြစ်ပွားမှု များလာသည်ဟု ပေါင်မြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

“၂၇ နေ့က စဖြစ်တယ်။ အများဆုံးဖြစ်တာက ဝဲပတန်မှာ။ ရေလုပ်သားများတယ်။ အလှပ်မှာလည်း ဖြစ်တယ်။ (အောက်တိုဘာ ၂၈) ထိက ၄၂ ယောက်၊ ၂၉ ရက်နေ့မှာ ၉ ယောက်ဆို ၅၀ ကျော်သွားတာ။ ပြင်းထန်လူနာ ၅ ယောက်ကိုတော့ မော်လမြိုင်ဆေးရုံကြီးကို ပို့ဆောင်လိုက်တယ်။ လှေလုပ်သားအချို့က လှေပေါ်မှာစဖြစ်တယ်။ အချို့က အိမ်မှာဖြစ်တာ ကန်ရေ သောက်သုံးနေတာလို့ ပြောတယ်။ အပူလွန်လို့လည်း ပြောတယ်။ အလှပ်တိုက်နယ်မှာနဲ့ ပေါင်မြို့ဆေးရုံတွေမှာလည်း လူနာတွေ ထားထားတာရှိတယ်” ဟု ၎င်းက ပြောသည်။

ဝမ်းပျက်ဝမ်းလျှောကြောင့် ဆေးရုံတက် ကုသမှုခံယူနေရသည့်အပြင် နေအိမ်တွင် ဆေးကုသမှု ခံယူနေရသူများလည်းရှိကြောင်း လူနာ ၁၀၀ နီးပါးအထိရှိနိုင်ကြောင်းလည်း ၎င်းဒေသခံက ဆက်ပြောသည်။

ပေါင်မြို့နယ် ကျန်းမာရေးဌာနမှ ရောဂါဖြစ်ပွားနေသည့် ကျေးရွာအတွင်းရှိ ရေတွင်း၊ ရေကန်တို့ကို ကလိုးရင်းဆေးခပ်ခြင်းနှင့် ကျန်းမာရေးအသိပေးမှုများ လုပ်ဆောင်ပေးနေကြောင်း သိရသည်။

ဝမ်းပျက်ဝမ်းလျှောကြောင့် အလှပ်တိုက်နယ်ဆေးရုံတွင် ကုသမှုခံယူနေရသူများအနက်မှ အချို့ ရောဂါသက်သာလာသည့်အတွက် ဆေးရုံဆင်းသွားသူများလည်း ရှိနေသည်။

“အစုလိုက်အပြုံလိုက်ဖြစ်သွားတော့ နည်းနည်းဆိုးသွားတာပေါ့။ ရေမသန့်ရှင်းတာကြောင့်လည်းပါတယ်။ အခု ကလိုးရင်းဆေးလိုက်ခတ်နေတာ ကာကွယ်ဆေးတော့ မထိုးရသေးဘူး။ အခြားရွာတွေလည်း ထပ်ဖြစ်မှာ စိုးရတယ်။ သူတို့ ပြောပုံအရက ဝမ်းလျှောတာက ဘယ်နှစ်ခါမှန်း မသိဘူး” ဟု အထက်ပါ ပေါင်ဒေသခံက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလပထမပတ်အတွင်းကလည်း သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ရေလုပ်သား ၆ ဦးသေဆုံးခဲ့ရပြီး၊ လှေလုပ်သား ၁၀၀ ကျော် ဆေးရုံတက်ရပြီး စောင့်ကြည့်ခဲ့ရသည့်အခြေအနေမျိုး ဖြစ်ပွားခဲ့သည်။

အလားတူ စက်တင်ဘာ ၁၇ ရက်နေ့တွင်လည်း ရေးမြို့နယ်၊ အစင်စံပြကျေးရွာ၊ ဓမင်းဆိပ်အပိုင်းတွင် ပင်လယ်ပြင်က ပြန်ဝင်လာသည့် ငါးဖမ်းစက်လှေတစ်စီးမှ ရေလုပ်သားအချို့ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားခဲ့ပြီး တစ်ဦး သေဆုံးကာ၊ ၉ ဦး ဆေးကုသမှုခံယူခဲ့ရသည်။

မွန်ပြည်နယ်၊ ပင်လယ်ကမ်းကမ်းရိုးတမ်းတစ်လျှောက်က ရေလုပ်သားများ အသက်သေဆုံးသည်ထိ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားနေနှင့်ပတ်သက်ပြီး ရေလုပ်ငန်းရှင်တို့က သတင်းပိတ်ပင်ထားသလို စစ်ကောင်စီ ကျန်းမာရေးဌာနဘက်ကလည်း ထိရောက်သည့် စစ်ဆေးမှုများ မပြုလုပ်သည့်အပြင် ကုသမှုအပိုင်းလည်း ထိထိရောက်ရောက်ဆောင်ရွက်ပေးခြင်းမရှိကြောင်း သိရသည်။

Most read this week

November 25, 2024
စစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့သည့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ လက်ပြကျေးရွာက...
November 22, 2024
မွန်ပြည်နယ်အတွင်း တိုက်ပွဲများနှင့် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ပြီးခဲ့သည့်...
November 21, 2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း ရပ်နားထားသည့် ကျောက်မိုင်းနှင့်...
November 21, 2024
စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်ပြန်သွင်းလာသည့်နောက်  မွန်ပြည်နယ်ရှိ...