မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမား ၇၀၀ ကျော်ကို အရေးယူမယ်လို့ ထိုင်းအစိုးရကြေညာ

မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမား ၇၀၀ ကျော်ကို အရေးယူမယ်လို့ ထိုင်းအစိုးရကြေညာ

ထိုင်းနိုင်ငံထဲက ရွှေ့ပြောင်းအလုပ်သမားတွေရှိတဲ့ အလုပ်ရုံတွေထဲကို ထိုင်းအာဏာပိုင်တွေ တစ်လကျော်ကြာ စစ်ဆေးပြီးနောက် အဲဒီထဲက မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမား ၇၀၀ ကျော်ကို အရေးယူသွားမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ထိုင်းအလုပ်သမားဝန်ကြီးများအဖွဲ့ဟာ ထိုင်းနိုင်ငံအတွင်းက တရားမဝင် ရွှေ့ပြောင်းအလုပ်သမားဖမ်းဆီးရေး ရက်ပေါင်း ၁၂၀ စီမံချက်ကို ပြီးခဲ့တဲ့ ဇွန် ၅ ရက်ကနေ ဇူလိုင် ၁၈ ရက်နေ့အထိ ရက်ပေါင်း ၄၃ ရက်ကြာ ဆောင်ရွက်ခဲ့တာပါ။

အဲဒီစီမံချက်အတွင်း မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားပေါင်း ၁၃၀၀၀၀ ကျော်ကို စစ်ဆေးခဲ့တယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးအဖွဲ့က ဇူလိုင် ၁၉ ရက်က ထုတ်ပြန်ပါတယ်။

ထိုင်းအာဏာပိုင်တွေဟာ ရွှေ့ပြောင်းအလုပ်သမားတွေရှိတဲ့ နေရာပေါင်း ၁၀၀၀၀ ကျော်ကို စစ်ဆေးခဲ့ရာ ၃၄၈ နေရာကို အရေးယူထားပြီး စစ်ဆေးမှုတွေအရ မြန်မာ၊ ကမ္ဘောဒီယား၊ လာအို၊ ဗီယက်နမ်အပါအဝင် အခြားအလုပ်သမား ၁၃၀၀၀၀ ကျော်အထိ ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဲ့ဒီအထဲက မြန်မာအလုပ်သမား ၅၇၀ ဦး၊ ကမ္ဘောဒီးယားအလုပ်သမား ၁၀၂ ဦး၊ ဗီယက်နမ်အလုပ် သမား ၂၁ ဦးနဲ့ အခြားအလုပ်သမား ၆၈ ဦးတို့ကို ထိုင်းအာဏာပိုင်တွေက ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း-LRF က ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ကျော်က အခုလို အရေးယူခံရတာဟာ ထိုင်းအစိုးရရဲ့ ထုတ်ပြန်ထားတဲ့ ဥပဒေတွေကို နားမလည်တာ၊ စာရွက်စာ တမ်းမပြည့်စုံတာနဲ့ အလုပ်ရှင်နာမည်နဲ့ အလုပ်ရုံတွေ မတူတာကြောင့်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ထိုင်းနိုင်ငံအစိုးရက သတ်မှတ်ထားတဲ့ ဥပဒေစည်းမျဉ်းစည်းကမ်းတွေကို စနစ်တကျလေ့လာထားဖို့၊ အလုပ်တစ်ခုလုပ်ကိုင်တော့မယ်ဆိုပါက မိမိတို့ကိုင်ဆောင်ထားတဲ့ စာရွက်စာတမ်းနဲ့ စာရွက်စာတမ်းမှာပါတဲ့ လုပ်ငန်းအမျိုးအစား၊ အလုပ်ရှင်နဲ့ နေရာတည့်မှန်အောင် စိစစ်ဖို့နဲ့ အသွားအလာဆင်ခြင်ဖို့ ဦးအောင်ကျော်က တိုက်တွန်းတာပါ။

ထိုင်းနိုင်ငံထဲမှာ ရောက်ရှိနေတဲ့ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားအပါအဝင် ရွှေ့ ပြောင်းအလုပ်သမားတွေကို ပန်းရောင်ကတ်ပြုလုပ်ပေးသွားမယ်လို့ ထိုင်းအစိုးရက ပြီးခဲ့တဲ့လတုန်းက ကြေညာထားတာလည်းရှိပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ စစ်ရေး နိုင်ငံရေး စီးပွားရေးမပြေလည်မှုအခြေအနေအပါအဝင် စစ် မှုထမ်းဥပဒေကြောင့် မြန်မာနိုင်ငံသားအများအပြားဟာ ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုတွေ ရှိနေတဲ့အတွက် ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်တွေ ဒုနဲ့ဒေး ရှိနေတာပါ။

Most read this week

September 30, 2024
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ စစ်ကောင်စီရဲ့ နိုင်ငံရေးဆွေးနွေးပွဲ...
September 28, 2024
ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေကို စစ်ကောင်စီရဲ့...
September 27, 2024
မကွေးတိုင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာနဲ့ ရပ်ကွက်တွေမှာ စစ်ကောင်စီက မကြာမီပြုလုပ်မယ့်...
September 27, 2024
နိုင်ငံတဝန်းမှာ တိုင်ဖွန်းရာဂီမုန်တိုင်းဒဏ်ကြောင့် စပါးစိုက်ဧက ခုနှစ်သိန်းခွဲနီးပါး...