မွန်ပြည်နယ်မှာ ဆေးဝါးပစ္စည်းအများစု ဝယ်မရတဲ့အထိ ပြတ်လပ်လာ

မွန်ပြည်နယ်မှာ ဆေးဝါးပစ္စည်းအများစု ဝယ်မရတဲ့အထိ ပြတ်လပ်လာ

မွန်ပြည်နယ်အတွင်းရှိ ဆေးရုံ၊ ဆေးခန်းနဲ့ ဆေးဆိုင်အပါအဝင်ဆေးကုမ္ပဏီတွေမှာပါ ဆေးဝါးပစ္စည်းအများစု ဆိုးဆိုးရွားရွား ပြတ်လပ်လာတာကြောင့် ဆေးကုသဖို့ပင် အခက်အခဲရှိလာတယ်လို့ ဆရာဝန်တွေနဲ့ ဆေးဆိုင်လုပ်ငန်းရှင်တွေက ပြောပါတယ်။

ဒေသတွင်းမှာ ဆိုးဆိုးရွားရွား ပြတ်လပ်လာတဲ့ ဆေးဝါးတွေဟာ မဖြစ်မနေ အသုံးပြုနေရတဲ့ သွေး တိုး၊ ဆီးချိုဆေးတွေ၊ နှလုံးဆေး၊ ကျောက်ကပ်ဆေးအပါအဝင် တခြားသောက်ဆေးနဲ့ ထိုးဆေးတွေကအစ ဈေးကွက်အတွင်း ပြတ်လပ်နေတာပါ။

ဆေးဝါးပြတ်လပ်မှုဟာ စစ်ကောင်စီက ဆေးဝါးတင်သွင်းခွင့်တွေ တင်းကျပ်ထားတာကြောင့် ဆေး ဝါးတင်သွင်းရ ခက်ခဲလာတာ၊ အခွန်အခဈေးနှုန်းတွေ မြင့်တက်လာတာနဲ့ ဒေါ်လာဈေးနှုန်း အဆ မတန် မြင့်တက်လာတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

ဆရာဝန်တစ်ဦးကတော့ နာတာရှည် စွဲသောက်ရတဲ့ ဆေးတွေအပါအဝင် မဖြစ်မနေ အသုံးပြုရတဲ့ ဆေးတွေကအစ ပြတ်လပ်လာတာကြောင့် ရှိတဲ့ဆေးနဲ့သာ လူနာတွေကို ကုသပေးနေတယ်လို့ သံ လွင်တိုင်းမ်ကို ပြောပါတယ်။

“အဓိကတော့ ဆေးဝါးအကြီးကြီးတွေပေါ့။ နာတာရှည် စွဲသောက်ရတဲ့ဆေးတွေ တော်တော်များများ ပြတ်လပ်မှုရှိတယ်။ ဆေးအမျိုးအစား အားလုံးနီးပါးပါပဲ။ နှလုံးဆေးလိုဟာမျိုး၊ ကျောက်ကပ်ဆေးလိုဟာမျိုးလည်း ပြတ်တယ်ခင်ဗျ။ မဖြစ်မနေသုံးရမယ့် ဆေးတွေလည်းပြတ်တယ်။ နောက်တားဆေးလိုမျိုး လွယ်လွယ်ကူကူရတဲ့ ဆေးတောင် ပစ္စည်းမရှိတော့ဘူး။ ကျွန်တော်တို့ကရှိတဲ့ ဆေးနဲ့ ဖြစ်သလို ကုရတဲ့သဘောဖြစ်နေတာပေါ့”လို့ ဆိုပါတယ်။

ဆေးဝါးပြတ်လပ်မှု ဆိုးဆိုးရွားရွား ဖြစ်နေတာကြောင့် တချို့ဆေးဝါးတွေကို အစားထိုးဆေးဝါးတွေနဲ့ အသုံးပြုနေရသလို တချို့ဆေးတွေဟာ လုံးဝမရှိတော့တဲ့အတွက် ဆေးကုသဖို့ အဆင်မပြေတဲ့ အခြေအနေနဲ့ ကြုံနေရတယ်လို့ ဆရာဝန်က ထပ်လောင်းပြောဆိုပါတယ်။

ဆေးဆိုင်လုပ်ငန်းရှင်တစ်ဦးက ဆေးဝါးပစ္စည်း ပြတ်လပ်မှုဟာ ဒေါ်လာဈေနှုန်း အဆမတန်မြင့်တက်လာတာ၊ ဆေးဝါးတင်သွင်းခွင့် အခက်အခဲတွေကြောင့်ဖြစ်ပြီး ပြည်နယ်အတွင်းမှာ ဆေးဝါးပြတ်လပ်မှုကို လွန်ခဲ့တဲ့နှစ်လကတည်းက စတင်ရင်ဆိုင်နေရတာလို့ ပြောပါတယ်။

“ဆေးကတော့ ပြတ်တာက နည်းနည်းတောင် ကြာသွားပြီ။ နှစ်လလောက်တောင် ရှိသွားပြီ။ တော် တော်များ များ ပြတ်နေကြတာလေ။ တချို့ဟာတွေတော့ ပြန်ဝင်တယ်။ တချို့ ဟာတွေတော့ မဝင်ဘူးပေါ့။ တော်တော် များများတော့ ပြတ်နေကြတယ်။ အမြဲသောက်နေကျဆေးတွေ ပြတ်တယ်။ အရင်တုန်းကကျ ဂိုထောင်မှာရှိတဲ့ဆေးကို ထိန်းထိန်းရောင်းရင်းနဲ့ လက်ကျန်ဆေးက မဝင်လာတော့ ပြတ်တာစဖြစ်လာတာပေါ့။ တော်တော်များများက ဒေါ်လာဈေးကြောင့်ရယ်၊ ဆေးဝါးတင်သွင်းခွင့်ရယ် အဲဒါတွေကြောင့် ပါတာပေါ့”လို့ ဆိုပါတယ်။

လက်ရှိမှာ ပြတ်လပ်နေတဲ့ ဆေးဝါးတချို့ကိုတော့ အစားထိုးဆေးဝါးတွေနဲ့ ရောင်းဝယ်နေကြပြီး အစားထိုးဆေးဝါးတွေကလည်း အသုံးပြုသူများလာတာကြောင့် ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ ဈေးနှုန်းထပ်မံမြင့်တက်လာတာပါ။

ဆေးဈေးကွက်အတွင်း ဆေးဝါးပြတ်လပ်မှု ဆိုးဆိုးရွားရွား ဖြစ်နေတာကြောင့် ဆေးကုမ္ပဏီတချို့မှာ လက်ကျန်ဆေးဝါးမရှိတဲ့အတွက် အရောင်းပိတ်ထားတာတွေရှိသလို တချို့ဆေးဆိုင်တွေမှာတော့ လူသုံးနည်းတဲ့ ဆေးဝါးတွေလောက်သာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။

ဆေးဝါးပြတ်လပ်မှုတွေ ဖြစ်ပေါ်နေတာကြောင့် နာတာရှည် လူနာတွေနဲ့ ရောဂါပြင်းထန်သူတွေအတွက် စိုးရိမ်စရာဖြစ်လာပြီး အချိန်မတိုင်ခင် အသက်သေဆုံးနိုင်တဲ့ အခြေအနေထိ ရှိလာနိုင်တယ်လို့ ဆရာဝန်တွေက သတိပေးထားပါတယ်။

မြန်မာနိုင်ငံဟာ ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေကို ထိုင်း၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေကနေ အဓိက တင်သွင်းနေရတာဖြစ်ပြီး စစ်တပ်အာဏာသိမ်းတဲ့ သုံးနှစ်ကျော်ကာလတွင်း မကြာခဏဆိုသလို ဆေးဝါးပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရပါတယ်။

Most read this week

September 30, 2024
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ စစ်ကောင်စီရဲ့ နိုင်ငံရေးဆွေးနွေးပွဲ...
September 28, 2024
ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေကို စစ်ကောင်စီရဲ့...
September 27, 2024
မကွေးတိုင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာနဲ့ ရပ်ကွက်တွေမှာ စစ်ကောင်စီက မကြာမီပြုလုပ်မယ့်...
September 27, 2024
နိုင်ငံတဝန်းမှာ တိုင်ဖွန်းရာဂီမုန်တိုင်းဒဏ်ကြောင့် စပါးစိုက်ဧက ခုနှစ်သိန်းခွဲနီးပါး...