သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် TNLA ထိန်းချုပ်ထားသည့် စာသင်ကျောင်းများကို ရက်အကန့်အသတ်မရှိ ပိတ်သိမ်းရန် တအာင်းပြည်ပညာရေးကောင်စီ (TLEC) မှ ညွှန်ကြားခဲ့ကြောင်း သတင်းရရှိသည်။
ဇူလိုင်လ ၄ ရက် နေ့လယ်ပိုင်းမှ စတင်ပြီး TNLA တပ်ဖွဲ့ ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့နယ်ရှိ အထက်တန်းကျောင်း (၂)ကျောင်း၊ အလယ်တန်းကျောင်း (၁)ကျောင်း စသည့် စာသင်ကျောင်းများကို ရက်အကန့်အသတ်မရှိ ပိတ်ထားရန် TLEC မှ ညွှန်ကြားခဲ့ကြောင်း နမ့်ခမ်းမြို့ ဒေသခံများက ပြောသည်။
“ သူတို့ ပညာရေးပိုင်းက ပိတ်ခိုင်းတာ၊ သူတို့ကျောင်းကော ကိုယ်ပိုင်ကျောင်းတွေရော အကုန်ပိတ်ခိုင်းပြီ။ ဒီမြို့ကတော့ သေချာသွားပြီ၊ ကျန်တဲ့မြို့တွေကတော့ အတည်မပြုနိုင်သေးဘူး။ ဒီနေ့မနက်တော့ ကျောင်းတက်ကြတယ်၊ နေ့လယ်ကျတော့ ရုတ်တရက် ပိတ်ခိုင်းတော့ ကျောင်းသားမိဘတွေ ရုတ်ရုတ်သဲသဲ ဖြစ်ကြတာ”ဟု နမ့်ခမ်းမြို့ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
နမ့်ခမ်းမြို့နယ် TLEC မှ စာသင်ကျောင်းများကို ရက်အကန့်အသတ်မရှိ ပိတ်ရန် ညွှန်ကြားလာခြင်းအပေါ် ဒေသခံများက တိုက်ပွဲများနှင့် လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကို စိုးရိမ်နေရကြောင်း နမ့်ခမ်းမြို့ ဒေသခံများက ပြောသည်။
“ဒီလိုပိတ်ခိုင်းတာ ဘာကြောင့်လဲ ကောင်းကောင်းမသိပေမဲ့ လေကြောင်းနဲ့ တိုက်ခိုက်မှာကို စိုးရိမ်ရတယ်လေ။ ပြီးတော့ လားရှိုးတောင် တိုက်ပွဲဖြစ်နေတယ်ဆိုတော့ နမ့်ခမ်းမြို့မှာ နေရတာလည်း စိုးရိမ်ရပြီ။ ပြောလို့ရတာ တစ်ခုကတော့ လေကြောင်းနဲ့ ဒရုန်းတွေ အချိန်မရွေး လာနိုင်တယ်လေ အဲ့တာတွေကိုပဲ စိုးရိမ်ရတယ်”ဟု ၎င်းဒေသခံအမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။
အလားတူ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကွမ်းလုံ၊ ချင်းရွှေဟော်နှင့် လောက်ကိုင်မြို့ပေါ်ရှိ စာသင်ကျောင်းများ၊ ဆေးရုံများကို ရက်အကန့်အသတ်မရှိ ပိတ်ထားရန် ကိုးကန့်တပ် MNDAA မှ ဇူလိုင်လ ၃ ရက်နေ့ နံနက်ပိုင်းတွင် ညွှန်ကြားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဇူလိုင်လ ၃ ရက် ညသန်းခေါင်အချိန်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့ပေါ် ရဲစခန်း အနောက်ဘက်သို့ စစ်ကောင်စီတပ်မှ ဂျက်လေယာဉ်ဖြင့် ဗုံး ၃ လုံး လာရောက်ကြဲချသွားခဲ့ရာ ပြည်သူနေအိမ်အနီး ကျရောက် ပေါက်ကွဲခဲ့ပြီး (၁၀) လုံးထက်မနည်း ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။
ဇွန်လ ၂၅ ရက်မှ စတင်ပြီး နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နှင့် မိုးမိတ်မြို့နယ်များတွင် စစ်ကောင်စီတပ်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့အကြား မြို့သိမ်းတိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခဲ့သည်။
ဇူလိုင်လ ၃ ရက်နေ့တွင် လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ရမခကို ကိုးကန့်တပ်ဖွဲ့ MNDAA အပါအဝင် ညီနောင်မဟာမိတ်တပ်များက ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိရာ မြို့ပေါ်ရပ်ကွက်အတွင်း လက်နက်ကြီး၊ ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခြင်းကြောင့် အမျိုးသမီး ၅ ဦးနှင့် ကလေး ၂ ဦး အပါအဝင် အရပ်သား ၁၄ ဦး ထိခိုက်သေဆုံးခဲ့ကြောင်း လားရှိုးဒေသခံများထံမှ သိရသည်။