တန်းပြည့်စစ်မှုထမ်းဖို့နဲ့ အငြိမ်းစားတပ်အရာရှိတွေကို ဆင့်ခေါ်ရတဲ့အထိ စစ်ကောင်စီရုန်းကန်နေရ

တန်းပြည့်စစ်မှုထမ်းဖို့နဲ့ အငြိမ်းစားတပ်အရာရှိတွေကို ဆင့်ခေါ်ရတဲ့အထိ စစ်ကောင်စီရုန်းကန်နေရ

အာဏာသိမ်းမှုအတွင်း စိုးမိုးနယ်မြေများစွာ လက်လွှတ်ခဲ့ရတဲ့ စစ်ကောင်စီက တိုင်းစစ်ဌာနချုပ် ထက်ဝက်ကျော်က တပ်ဖွဲ့ဝင်တွေအားလုံးကို တန်းပြည့်စစ်မှုထမ်းဖို့နဲ့ အငြိမ်းစာတပ်အရာရှိ တစ်ထောင်ကျော်ကို ဆင့်ခေါ်ရတဲ့အထိ မနိုင်မနင်းရုန်းကန်နေရပါတယ်။

နိုင်ငံတဝန်းရှိ တိုင်းစစ်ဌာနချုပ် ၁၄ ခုထဲက ၈ ခုမှာ တာဝန်ထမ်းဆောင်နေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နယ်ခြားစောင့်တပ်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေအပြင် စစ်တပ်ရဲ့အစိတ်အပိုင်းတစ်ခုခုမှာ လိုက် ပါလာကြသူတွေကို တန်းပြည့်စစ်မှုထမ်းနေကြသူတွေအဖြစ် သတ်မှတ်တယ်လို့ မေ ၃ ရက်နေ့မှာ စစ်ခေါင်း‌ဆောင်က ကြေညာခဲ့ပါတယ်။

တန်းပြည့်စစ်မှုထမ်းချိန်မှာ စစ်စခန်းမှာဖြစ်စေ စစ်ချီနေတဲ့အခါမှာဖြစ်စေ စစ်တပ်ရဲ့ အစိတ်အပိုင်းတစ်ခုခုမှာ တာဝန်ပေးခြင်းခံရသူတွေ အမှုထမ်းရွက်နေသူတွေ နောက်လိုက်နောက်ပါဖြစ်ကြသူတွေနဲ့ လိုက်ပါလာကြသူတွေကို တန်းပြည့်စစ်မှုထမ်းနေကြသူတွေအဖြစ် မှတ်ယူရတယ်လို့ ကြေ ညာချက်မှာ ဖော်ပြပါတယ်။

တိုင်းစစ်ဌာနချုပ် ၈ ခုရဲ့ ထိန်းချုပ်နယ်မြေဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တော် လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖော်ဆောင်နေတဲ့ ကချင်၊ ချင်း၊ ရခိုင်၊ ရှမ်းမြောက်၊ ရှမ်းတောင်၊ ကရင်နီ၊ မွန်၊ ကရင်၊ စစ်ကိုင်း၊ မကွေး၊ မန္တလေးနဲ့ ပဲခူးတိုင်းတို့ပါဝင်ပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကြေညာခဲ့တဲ့ တန်းပြည့်စစ်မှုထမ်းချိန်ဟာ အရင်က ရှေ့တန်းထွက် စစ်သည်တွေကိုသာ ၂၄ နာရီ တာဝန်ထမ်းဆောင်ရတဲ့သဘောနဲ့ သတ်မှတ်ခဲ့ပြီး ပုံမှန်နောက်တန်းက စစ်သည်တွေကိုတော့ အကျုံးဝင်ခြင်း မရှိခဲ့ပါဘူး။

CDM ဗိုလ်ကြီး ညီသုတက စစ်ကောင်စီအနေနဲ့ အခုလိုချိန်မှာ သတ်မှတ်ကြေညာတာဟာ တပ်ဖွဲ့ဝင်တွေ အချိန်မရွေး ရှေ့တန်းထွက်ဖို့ ကျောပိုးအိတ်ပြင်ရမယ့် ပုံစံမျိုးဖြစ်ပြီး အင်အားဆုတ်ယုတ်လာတဲ့ လက္ခဏာရပ်တွေလို့ သုံးသပ်ပါတယ်။

“အခုကျတော့ သူတို့ကသူတို့ဘက်မှာ အင်အားက ဆုံးရှုံးလာတဲ့အခြေအနေတွေ မြင်လာတဲ့အခါမှာ အထဲမှာရှိတဲ့ ရှေ့တန်းမှာပဲဖြစ်စေ၊ နောက်တန်းမှာပဲဖြစ်စေ၊ နောက်တစ်ခြားတာဝန်နဲ့ ခရီးထွက်နေသူ တွေတောင်မှ အချိန်မရွေးရှေ့တန်းထွက် ကျောပိုးအိတ်ပြင်ရမယ့်ပုံစံမျိုးပေါ့။ ဆိုတော့ ဒါဟာ သူတို့ဆီမှာ အင်အားနည်းနေတဲ့ အင်အားဆုတ်ယုတ်လာတဲ့ လက္ခဏာရပ်တွေပါ”လို့ ပြောပါတယ်။

နိုင်ငံ့အာဏာကို လက်နက်အားကိုးနဲ့သိမ်းယူဖို့ ကြိုးပမ်းချိန်ကစပြီး လက်ရှိအချိန်အထိ နိုင်ငံတဝန်းရှိ ဒီမိုကရေစီရေးတက်ကြွသူတွေနဲ့ ဒီမိုကရေစီရေးလိုလားသူ ပြည်သူတွေဟာ စစ်ကောင်စီကို နည်းမျိုးစုံနဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေ ဆင်နွှဲခဲ့ကြပါတယ်။

ဒါ့အပြင် နိုင်ငံအနှံ့ ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ပေါင်း ၅၀၀ ထက်မနည်းရှိလာခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAO တွေနဲ့အတူ စစ်ကောင်စီရဲ့ စစ်အာဏာရှင် စနစ်ကို အမြစ်ပြတ်တိုက်ဖျက်နေကြတာပါ။

ဒါကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အကြောင်းအမျိုးမျိုးနဲ့ တပ်ပြေးတာတွေ၊ CDM ပြုလုပ်တာတွေရှိလာခဲ့ပြီး မြေပြင်ထိတွေ့တိုက်ပွဲတွေမှာလည်း အိမ်နီးချင်းနိုင်ငံတွေဘက် ထွက်ပြေးတာ၊ သေဆုံးတာ၊ ဖမ်းဆီးခံရတာတွေနဲ့ လက်နက်ချအညံ့ခံမှုတွေလည်း ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။

ဒီအခြေအနေတွေကြောင့် တပ်တွင်းအင်အားပြန်လည် ဖြည့်တင်းနိုင်ဖို့ နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရဥပဒေနဲ့ စစ်မှုထမ်းဟောင်းတွေကို ပြန်ဆင့်ခေါ်တဲ့ အရန်တပ်ဖွဲ့ဥပဒေကို စစ်ကောင်စီက ဖေ ဖော်ဝါရီမှာ အာဏာတည် အသက်သွင်းစေခဲ့ပါတယ်။

ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာ စောင့်ကြည်ရေးအဖွဲ့ BACS ရဲ့ အစီရင်ခံစာအရ စစ်ကောင်စီရဲ့ စစ် မှုထမ်းအပတ်စဉ် ၁ နဲ့ ၂ အတွက် သင်တန်းကျောင်း ၂၁ ကျောင်းဖွင့်လှစ်ထားပြီး အပတ်စဉ်နှစ်ခုအ တွက် လူငယ် ၉၀၀၀ ဝန်းကျင် တပ်သားစုဆောင်းခံထားရတာပါ။

တစ်ဘက်မှာ အရန်တပ်ဖွဲ့ဥပဒေအရ စစ်တပ်ကနေ လွန်ခဲ့တဲ့ ၅ နှစ်အတွင်းနုတ်ထွက်ခွင့်ရထားသူတွေနဲ့ အငြိမ်းစားယူခွင့်ရသူ ၁၄၀၀ ကျော်ကို စစ်ဘက်တာဝန် ထမ်းဆောင်စေဖို့ ဇွန်လဆန်းကစပြီး နေပြည်တော်မှာ ဆင့်ခေါ်ထားတယ်လို့ BBC သတင်းဌာနက ဖော်ပြပါတယ်။

ဆင့်ခေါ်ခံရသူတွေဟာ တိုက်ခိုက်ရေး၊ ထောက်ပံ့ပို့ဆောင်ရေးနဲ့ အကြံပေးဆိုတဲ့ ကဏ္ဍတွေအ တွင်း သင့်တော်တဲ့နေရာမှာ တာဝန်ပြန်လည်ထမ်းဆောင်ဖို့ ဖြစ်တယ်လို့ ဆင့်ခေါ်ခံရသူတစ်ဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဖော်ပြထားတာပါ။

CDM ဗိုလ်ကြီး ညီသုတကတော့ စစ်တပ်ဟာ လက်ရှိ အင်အားနဲ့ မနိုင်မနင်းဖြစ်နေတဲ့ လက္ခဏာရပ်တွေဖြစ်ပြီး တပ်ထဲရောက်ရှိသူတွေနဲ့ ကျန်နေသူတွေကလည်း စိတ်ဓာတ်ပိုင်း အတော်ပျက်စီးနေသလို စစ်ညောင်းနေတဲ့ အခြေအနေလို့ ထောက်ပြပါတယ်။

“ဒါဟာစစ်တပ်မှာ အင်အားတော်တော့်ကို လိုအပ်နေတယ်။ သူတို့လက်ရှိ အင်အားနဲ့ မနိုင်မနင်းဖြစ်နေတယ်ဆိုတဲ့ လက္ခဏာရပ်တွေပါပဲ။ အဲဒီအတွက် သူတို့ဟာ တပ်သားသစ်စုဆောင်းတယ်။ သင် တန်းတွေစဖွင့်ပြီး သူတို့အတော်ကို အပြင်းအထန်ရုန်းကန်နေတာ ဖြစ်ပါတယ်။ သို့သော် လက်ရှိအခြေအနေက အင်အားတစ်ခုတည်း မဟုတ်ဘူး။ (စစ်တပ်) အထဲမှာ ရောက်သွားတဲ့ လူတွေကလည်း စိတ်ဓာတ်ပိုင်းဆိုင်ရာတော်တော့်ကို ပျက်စီးနေပြီ။ အထဲမှာ ကျန်နေတဲ့သူတွေကလည်း စစ်ညောင်းနေပြီ။ တော်တော်လေးကို ပင်ပန်းတဲ့အခြေအနေပါ။ ဆိုတော့စစ်တပ်အနေနဲ့ လှေပျက်ကြီးပေါ်မှာ ရေတွေထပ်ဖြည့်နေတဲ့ ပုံစံပါပဲ။ အဲဒီတော့ ဖြည့်လေလေ ပိုပြီးတော့ နစ်လေလေဖြစ်လာနိုင်တဲ့ အခြေအနေမျိုးပါ”လို့ ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ ၁၀၂၇ စစ်ဆင်ရေးကနေ အစချီကာ လက်ရှိအချိန်ထိ ကချင်၊ချင်း၊ရခိုင်၊ရှမ်းမြောက်၊ကရင်နီ၊ ကရင်နဲ့ စစ်ကိုင်းတို့မှာ တပ်စခန်းတွေရဲ့ စိုးမိုးနယ်မြေများစွာ လက်လွှတ်ခဲ့ရတဲ့အတွက် မြို့ ပေါင်း ၆၀ နီးပါးကို ဆုံးရှုံးခဲ့ရတာပါ။

ဧပြီနှောင်းပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျုရဲ့ အစီရင်ခံစာအရ မြန်မာစစ်တပ်အနေနဲ့ စစ်ရုံးကနေ လုံခြုံရေးကင်းစခန်းအထိ စစ်စခန်းပေါင်း ၅၂၈၀ အထိ ရှိပြီး အဲဒီထဲက စစ်စခန်း ၂၅၀၀ ကို ဆုံးရှုံး လိုက်ရပြီးလို့ ခန့်မှန်းထားပါတယ်။

October 3, 2024
နိုင်ငံ့အာဏာကို လက်နက်အားကိုးပြီး အဓမ္မသိမ်းယူထားတဲ့ စစ်ကောင်စီက နိုင်ငံရေးပြဿနာကို နိုင်ငံ‌...
October 2, 2024
မွန်ပြည်နယ်အတွင်းရှိ နေလှန်ဆားလုပ်ငန်းတွေဟာ အထွေထွေကုန်ကျစရိတ်ကြီးမြင့်မှုအပါအဝင်...
October 2, 2024
နိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေမှာ အခုနှစ် ကိုးလအတွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ...
October 1, 2024
လူတစ်ဦးချင်းစီရဲ့ ကိုယ်ရေးအချက်အလက်တွေကို ဖြည့်စွက်ကောက်ယူသွားမယ့် စစ်ကောင်စီရဲ့...