စစ်မှုထမ်းဥပဒေနဲ့ ဝေးရာ …

စစ်မှုထမ်းဥပဒေနဲ့ ဝေးရာ …
ရန်ကုန်ရှိ ထိုင်းသံရုံးရှေ့တွင် ဗီဇာလျှောက်ရန် စောင့်ဆိုင်းနေကြသူများ။ ဓာတ်ပုံ - AFP
ရန်ကုန်ရှိ ထိုင်းသံရုံးရှေ့တွင် ဗီဇာလျှောက်ရန် စောင့်ဆိုင်းနေကြသူများ။ ဓာတ်ပုံ - AFP

ဝေါလေကျေးရွာမှာတော့ ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံကို သစ်သားတံတား အသေးလေးတစ်ခုနဲ့ ဆက်သွယ်ထားပါတယ်။ ဒီတံတားအောက်မှာရှိတဲ့ မြစ်ကျဉ်းလေးဟာ နှစ်နိုင်ငံ နယ်စပ်မျှဉ်းပဲ ဖြစ်ပါတယ်။ မြစ်တစ်ဘက်တစ်ချက်က ကျေးရွာနှစ်ရွာဟာ နာမည်တစ်မျိုးတည်းနဲ့ ဖြစ်ပြီး သူတို့ရဲ့ ဘဝတွေဟာလည်း နီးနီးကပ်ကပ် ပတ်သက်ဆက်နွယ်နေကြပါတယ်။

ကျေးရွာသူ ကျေးရွာသားတွေဟာ ဒီတံတားလေးကို အပြောင်းအပြန် ဖြတ်ပြီး ဆန်သယ်မယ်၊ ဟင်းသီးဟင်းရွက် သယ်မယ်။ ကလေးတွေဆိုရင် တံတားအောက်က ရေပြင်မှာ ကစားမယ်။ ထိုင်းဘက်က နယ်စပ်ဂိတ်မှာရှိတဲ့ အစောင့်ဝန်ထမ်း ဆိုရင်လည်း လူတွေဝင်ထွက် သွားလာနေတာထက် သူ့ဖုန်းကိုပဲ ပိုစိတ်ဝင်စားနေပါလိမ့်မယ်။

ဒီတံတားကို ဖြတ်သူအများစုဟာ ဒေသခံ ကျေးရွာသားတွေသာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်းမှာတော့ မြန်မာနိုင်ငံ အနှံ့အပြားက လူငယ်တွေဟာ ဒီကျေးရွာလေးကို ဖြတ်ပြီး ထိုင်းဘက်ကို ဝင်ကြတာတွေ အရေအတွက် အများအပြား ရှိလာပါတယ်။

“ကျောပိုးအိတ်ကြီးတွေ ပါလာကြတဲ့ သူတို့ကို တွေ့တာနဲ့ ချက်ချင်း သိလွယ်ပါတယ်” လို့ မြန်မာဘက်ခြမ်းမှာ ကုန်စုံဆိုင်ဖွင့်ထားသူ တုံဆာက ဒိုမီနိုကစားရင်း ပြောပါတယ်။

■ ဒီအထိ ရောက်လာနိုင်ရင်တော့ သူတို့ လုံခြုံပါပြီ

ဒီလူငယ်တွေဟာ မြန်မာစစ်တပ်ရဲ့ စစ်မှုထမ်းဥပဒေကြောင့် ထွက်ပြေးလာကြသူတွေပါ။ ဧပြီလမှာ စတင်အသက်ဝင်မယ့် စစ်မှုမထမ်းမနေရ ဥပဒေကြောင့် လူငယ် ထောင်ပေါင်းများစွာဟာ ပြည်ပကို ထွက်ခွာနေကြပါတယ်။ ဒီဥပဒေအရ အမျိုးသားဆိုရင် အသက် ၁၈ နဲ့ ၃၅ ကြား၊ အမျိုးသမီးဆိုရင် ၁၈ နဲ့ ၂၇ ကြားတွေ အကျုံးဝင်ပါတယ်။ ရှောင်မပြေးသူတွေကတော့ စစ်မှုထမ်းအဖြစ် ဆင့်ခေါ်ခံရပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်တဲ့ အဆင့်အထိ ကြုံရနိုင်ပါတယ်။ စစ်မှုထမ်းဖို့ ငြင်းဆန်သူကိုလည်း ထောင်ဒဏ် နှစ်ပေါင်းများစွာ ချမှတ်နိုင်ပါတယ်။

“ဒီနေရာထိ အရောက်လာနိုင်ရင်တော့ လုံခြုံပါပြီ” လို့ တုံဆာက ပြောပါတယ်။ ဘာလို့လဲဆိုတော့ ဝေါလေရွာရဲ့ မြန်မာဘက်ခြမ်းကို ကေအန်ယူက ထိန်းချုပ်ထားတာ ဖြစ်လို့ပါ။ ကေအန်ယူဟာ မြန်မာနိုင်ငံတစ်ဝန်းမှာ မြန်မာစစ်တပ်ကို စစ်မျက်နှာပေါင်းစုံက တိုက်ခိုက်နေကြတဲ့ လက်နက်ကိုင်တပ်တွေ ထဲက တစ်ဖွဲ့ဖြစ်ပါတယ်။ မြန်မာစစ်တပ်ဟာ ပြီးခဲ့တဲ့ လတွေအတွင်းမှာ ကြီးမားတဲ့ အရှုံးတွေ ရင်ဆိုင်ထားရပါတယ်။

အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျု (USIP) ခန့်မှန်းချက်အရ မြန်မာစစ်တပ်ရဲ့ စစ်သည်အင်အားဟာ အလွန်ဆုံး ၁၃၀၀၀၀ ခန့်ပဲ ရှိမယ်လို့ သိရပါတယ်။ ဒီအထဲကမှ တိုက်ပွဲဝင်ဖို့ အသင့်ရှိတဲ့ အရေအတွက်ဟာ ထက်ဝက်ခန့်ပဲ ရှိတယ်လို့ ဆိုပါတယ်။ စစ်မှုမထမ်းမနေရ ဥပဒေကို အသက်သွင်းလာတာဟာ အကြီးအကျယ် ကျဆင်းနေတဲ့ တပ်ဖွဲ့ဝင်အရေအတွက်ကို အတင်း အင်အားဖြည့်တင်းတာလို့ လေ့လာသူတွေက ယုံကြည်ကြပါတယ်။ ဒါနဲ့ပဲ ဒီဥပဒေကို တိမ်းရှောင်ဖို့ အတွက် ထိုင်းနိုင်ငံထဲကို အစုလိုက်အပြုံလိုက် ဝင်လာကြတဲ့ လူငယ်အရေအတွက်ဟာ ပိုပိုများလာနေတော့တာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်အတွင်း ထိုင်းနယ်စပ်ရဲက ဖမ်းမိခဲ့တဲ့ လူငယ်အရေအတွက်ဟာ ရာပေါင်းများစွာ ရှိပါတယ်။ ရဲ ဒါမှမဟုတ် ဖမ်းဆီးတဲ့ အာဏာပိုင်တွေအပေါ် မူတည်ပြီး ဒီလူငယ်တွေဟာ ဖမ်းဆီးခံရတာ၊ မြန်မာဘက်ခြမ်းကို ပြန်ပို့ခံရတာ၊ တခါတလေတော့လည်း လာဘ်ထိုးပြီး လွတ်မြောက်လာတာတွေ ရှိတယ်လို့ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်သူတွေရဲ့ အစီရင်ခံစာတွေအရ သိရပါတယ်။

■ တောတောင်ထူထပ်တဲ့ နယ်စပ်ကြောင့် ဖြတ်ကျော်သူ အများအပြားရှိ

ဒါပေမဲ့လည်း မြန်မာဘက်ကနေ ထိုင်းထဲကို ဝင်ရောက်ကြတဲ့ ဒုက္ခသည်အများစုကတော့ ဖမ်းဆီးမခံရဘဲ ရောက်သွားကြပါတယ်။ တောတောင်တွေကြားထဲက ခိုးဝင်ကြတာ၊ တောအုပ်အစပ်တွေမှာ အစောင့်တွေ မမြင်ရတဲ့အချိန် ခိုးဝင်ကြတာ၊ ဒါမှမဟုတ်လည်း ပုံမှန်သွားလာသူတွေနဲ့ ရောနှောပြီး ဝင်ရောက်သွားတာ စသဖြင့် အမျိုးမျိုးရှိကြပါတယ်။ ဝေါလေအနောက်ဘက်က နယ်စပ်နေရာဖြစ်တဲ့ ဘန်မန်ရူချိုင်မြစ်မှာဆိုရင် ကင်းစခန်းမှာ အစောင့်တောင် မရှိပါဘူး။ ဒီမြစ်ကိုဖြတ်ပြီး ထိုင်းထဲကို ဝင်သွားကြသူတွေကို ဆိပ်နှစ်ကောင်က ငေးကြည့်နေကြပါတယ်။

ထိုင်းအစိုးရဟာ မြန်မာ့အခြေအနေနဲ့ ပတ်သက်ပြီး ဘာမှ ပြင်ဆင်ထားပုံ မပေါ်ဘူးလို့ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင် ပါနိတန်ဝတ္တနာယာဂွန်က ပြောပါတယ်။ သူက ဘန်ကောက်မှာရှိတဲ့ ချူလာလောင်ကွန်တက္ကသိုလ်ရဲ့ ပါမောက္ခတစ်ဦးပါ။ လာမယ့်လတွေအတွင်း မြန်မာစစ်ကောင်စီနဲ့ တော်လှန်ရေး အုပ်စုတွေအကြားက တိုက်ပွဲတွေဟာ ပိုပြင်းထန်လာမှာဖြစ်ပြီး စစ်မှုထမ်းဥပဒေကြောင့် လူတွေဟာလည်း ထိုင်းထဲကို ပိုဝင်လာနိုင်တယ်လို့ သူကပြောပါတယ်။ ထိုင်း PBS ရုပ်သံနဲ့ပြောကြားချက်မှာ ဝတ္တနာယာဂွန်က ထိုင်းအနေနဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေ အစုလိုက်အပြုံလိုက် ဝင်ရောက်လာကြမယ့် အရေးကို ဖြေရှင်းဖို့ အထူးလိုအပ်နေပြီလို့ သတိပေးပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးကတော့ နိုင်ငံအနောက်ပိုင်း နယ်စပ်တလျှောက်မှာ စာနာမှုလုံခြုံရေးဇုန်တစ်ခု အကောင်အထည်ဖော်ပြီး ဒုက္ခသည်တွေကို အစားအစာနဲ့ ဆေးဝါးအကူအညီတွေ ပေးမယ့် အစီအစဉ်တွေကို ကြေညာထားပါတယ်။ ဒါပေမဲ့လည်း ဒီလုံခြုံရေးဇုန်ဟာ ဘယ်နေရာမှာရှိမှာလဲ၊ ဘယ်အချိန် ရှိလာမှာလဲ ဆိုတာနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် တွေကိုတော့ အာဏာပိုင်က ဘာတစ်ခုမှ မယ်မယ်ရရ မပြောပါဘူး။

လတ်တလောမှာကတော့ ကီလိုမီတာ ၂၀၀၀ ရှည်တဲ့ ထိုင်း-မြန်မာ နယ်စပ်တလျှောက်မှာ ကြုံရာကျဗန်း စစ်ဆေးမှုတွေပဲ ရှိပါတယ်။

“ကျဗန်းစစ်တယ်” လို့ ဝေါလေက နယ်ခြားစောင့်ဝန်ထမ်းက ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ စစ်မှုမထမ်းလိုလို့ ထွက်ပြေးလာသူ ခြောက်ဦး ဖမ်းမိခဲ့ပါတယ်။ ဒါပေမဲ့ “တခါတလေတော့လည်း သူတို့ကို ဒီအတိုင်း ပေးသွားလိုက်တာပဲ” လို့ သူက ဝန်ခံပါတယ်။ ထမင်းပန်းကန်ကို ပြင်ဆင်ရင်း သူဒီလိုပြောနေချိန်မှာ မြန်မာဘက်ကသုံးဦး တံတားကို အစစ်အဆေးမရှိ ဖြတ်ကျော်သွားကြတာကိုလည်း တွေ့ရပါတယ်။

■ စျေးပေါတဲ့ မြန်မာလုပ်သားတွေ ထိုင်းလိုအပ်

ဝေါလေကလူတွေကတော့ ဒုက္ခသည်တွေ စုပြုံဝင်ရောက်လာမှာကို ကြောက်ကြပုံ မပေါ်ပါဘူး။

“အကုန်သာဝင်ခွင့်ပေးလိုက်ပါ” လို့ ဆိုင်ကယ်တက္ကစီ မောင်းသူတစ်ဦးဖြစ်တဲ့ ပတ္တနူက ဆိုပါတယ်။ သူက နယ်စပ်တံတား နားတစ်ဝိုက်မှာ ဂိတ်ထိုးထားသူပါ။ သူ့ဆိုင်ကယ်ကို နေ့စားအလုပ်သမားတွေ စီးကြပါတယ်။ ဒီအလုပ်သမားတွေဟာ မဖြစ်စလောက် ပိုက်ဆံလေးရဖို့အတွက် ထိုင်းလယ်ကွင်းတွေမှာ အလုပ်လုပ်ကြသူတွေ၊ နေအိမ်သန့်ရှင်းရေးအလုပ် လုပ်ကြသူတွေ ဖြစ်ပါတယ်။

“မြန်မာဘက်က ရွှေ့ပြောင်းအလုပ်သမားတွေသာ မရှိဘူးဆိုရင် ကျွန်တော်တို့မှာ အခက်အခဲတွေ အများကြီးကြုံရနိုင်တယ်” လို့ သူကပြောပါတယ်။

“သူတို့က ပင်ပင်ပန်းပန်း အလုပ်လုပ်နိုင်တယ်။ နေပူပူ မိုးရွာရွာ မညည်းဘူး” လို့ ပတ္တနူက ဆိုပါတယ်။

သူ့ဆိုင်ကယ်ကို စီးသူအများစုက ဒီဒေသတစ်ဝိုက်မှာ အလုပ်လုပ်ကြသူတွေ ဖြစ်ပါတယ်။ အခြားတစ်ဘက်မှာကျတော့ အသစ်ရောက်လာကြတဲ့ ဒုက္ခသည်တွေဟာ များသောအားဖြင့် ဘန်ကောက်၊ ချင်းမိုင် ဒါမှမဟုတ် စမွတ်စခွန်မှာရှိတဲ့ ရွှေ့ပြောင်းရပ်ကွက်တွေဆီ သွားကြတာပါ။ ဒီနေရာတွေက မြန်မာတွေကြားထဲမှာ သူတို့ သွားပြီးအခြေချကြပါတယ်။

ထိုင်းနိုင်ငံမှာ နေထိုင်နေကြတဲ့ မြန်မာအရေအတွက်ဟာ ၂ သန်းနဲ့ ၃ သန်းကြား ရှိမယ်လို့ ခန့်မှန်းကြပါတယ်။ တရားမဝင် နေထိုင်သူ အများအပြားရှိတဲ့အတွက် အရေအတွက် အတိအကျကို ဘယ်သူမှ မသိကြပါဘူး။

အာဏာပိုင်တွေ သိသွားမှာစိုးလို့ ‘မော်အာ’ ဆိုပြီး အမည်လွှဲပြောသူ မြန်မာတစ်ဦးကတော့ ဧရာဝတီကနေ ရောက်လာသူပါ။ ထိုင်းကို ရောက်နေတာ တစ်လနီးပါး ရှိပါပြီ။ လာရတဲ့ လမ်းတလျှောက်မှာ မြန်မာစစ်တပ် စစ်ဆေးရေးဂိတ်တွေကို ဖြတ်ရတိုင်း ဖမ်းဆီးခံရမယ့်အရေးကို အထိတ်အတန့် ဖြစ်ရတယ်လို့ သူက ဆိုပါတယ်။

“ကျွန်တော် တော်တော် ကံကောင်းသွားတာပါ” လို့ သူက ဆိုပါတယ်။

နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံထဲကို ရောက်လာတဲ့ အချိန်မှာတော့ သူဟာ ဘန်ကောက် ဆင်ခြေဖုံးနေရာတစ်ခုမှာ နေထိုင်နေပါတယ်။ လှောင်ပိတ်နေတဲ့ သူ့အခန်းထဲကနေ အပြင်ကို ထွက်တာမျိုး မရှိသလောက်ပါပဲ။ မြန်မာဘက်မှာ ကျန်ခဲ့တဲ့ သူ့ညီမအတွက်လည်း သူက စိတ်ပူနေပါတယ်။ ဒီမိန်းကလေးဟာ သူ့လိုပဲ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံထားရသူပါ။

“ကျွန်တော် ဒီမှာ အလုပ်ရပြီဆိုတာနဲ့ သူလည်း လိုက်လာဖို့ တိုင်ပင်ထားကြတယ်” လို့ မော်က ဆိုပါတယ်။ သူ့စိတ်ကူးအရကတော့  လူတွေကို အကာအကွယ်ပေးရတဲ့ လုံခြုံရေးအပိုင်းမှာ ဝင်လုပ်ချင်ပါတယ်။ ဒါပေမဲ့လည်း လက်တွေ့မှာတော့ သူက ဘာအလုပ်ရရ လုပ်ဖို့ အသင့်ရှိနေပါတယ်။

“ဘယ်နေရာမှာ ဘာပဲ လုပ်ရလုပ်ရ” လို့ သူကဆိုပါတယ်။

မော်က ထိုင်းအာဏာပိုင်တွေပေးတဲ့ အလုပ်သမား လွတ်ငြိမ်းခွင့် ရဖို့ မျှော်လင့်နေပါတယ်။ တရားမဝင် နေထိုင်သူတွေဟာ ဒီလွတ်ငြိမ်းအတွက် တစ်နှစ်ကို လေးကြိမ် လျှောက်ခွင့်ရပါတယ်။ ဒီခွင့်ပြုမိန့် ရတဲ့သူတွေဟာ ထိုင်းနိုင်ငံထဲမှာ အချိန်ကာလ တစ်ခုအထိ တရားဝင် အလုပ်လုပ်ခွင့် ရကြမှာဖြစ်ပါတယ်။

အလုပ်သမားရှေ့နေတွေကတော့ ဒီလုပ်ငန်းစဉ်ကို ဝေဖန်ကြတာတွေ ရှိပါတယ်။ လုပ်ငန်းစဉ်က အရမ်းရှုပ်ထွေးပြီး လာဘ်စားမှုတွေလည်း ဖြစ်လာစေတဲ့အတွက် မြန်မာဒုက္ခသည် အများအပြားဟာ ဒီအတိုင်းပဲ တရားမဝင်သာ လုပ်ကိုင်နေထိုင်နေကြတယ်လို့ သူတို့က ဝေဖန်ကြပါတယ်။

■ ထိုင်းအာဏာပိုင်တွေ မသိကျိုးကျွန်ပြုမှု

စာရင်းပျောက် မြန်မာအလုပ်သမားတွေရဲ့ လုပ်အားဟာ ထိုင်းနိုင်ငံ တစ်ပြည်လုံးထုတ်ကုန် GDP ရဲ့ ၆.၆ ရာခိုင်နှုန်းအထိ ရှိတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂ (ILO) ရဲ့ အချက်အလက်တွေအရ သိရပါတယ်။ အလုပ်သမားအခွင့်အရေး မြှင့်တင်ရေးကွန်ရက်က ဆွမ်ပေါင်ဆရာကူး (Sompong Srakaew) ကတော့ မြန်မာဘက်ကနေ အလုပ်သမားတွေ အစုလိုက်အပြုံလိုက် ဝင်လာကြရင် ထိုင်းစီးပွားရေးကို ဒီထက်ပို အထောက်အကူ ဖြစ်ဦးမယ်လို့ ယူဆပါတယ်။

“ထိုင်းစီးပွားရေးအတွက် ကောင်းပါတယ်။ အလုပ်ရှင်တွေအတွက်က လုပ်ငန်းခွင်မှာ ဆက်လက်ပြိုင်ဆိုင်ဖို့ဆိုရင် စျေးပေါတဲ့ အလုပ်သမားတွေ လိုအပ်တယ်လေ” လို့ သူကဆိုပါတယ်။

အလုပ်သမားတွေရဲ့ အခွင့်အရေးအတွက် ကူညီလှုပ်ရှားပေးနေတဲ့ ဆရာကူးက စစ်မှုထမ်းဥပဒေကြောင့် နယ်စပ်ဖြတ်ဝင်လာသူပေါင်း ၁၀၀၀၀ ကျော်နေပြီဖြစ်ပြီး နေ့စဉ်နဲ့အမျှ ထပ်ဝင်လာနေတယ်လို့ ခန့်မှန်းပါတယ်။

“နိုင်ငံထဲကို လူအများအပြား တရားမဝင် ဝင်လာနေကြတာကို ထိုင်းအာဏာပိုင်တွေက မသိလိုက်မသိဘာသာ လွှတ်ပေးထားပုံ ပေါ်ပါတယ်” လို့ သူကဆိုပါတယ်။

Deutsche Welle တွင်ဖော်ပြထားသည့် Fleeing military service in Myanmar ကို ဆီလျော်အောင် ဘာသာပြန်ပါသည်။

မောင်တောမြို့နယ်ရှိ ဟိန္ဒူစစ်ဘေးရှောင်စခန်းမှ ကလေးငယ်တစ်ဦး။ (၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂ ရက်)
November 21, 2024
မြန်မာ့ပြည်တွင်းစစ်တွင် အခက်အခဲ၊ အကျပ်အတည်းများစွာနှင့် ရင်ဆိုင်နေရသည့် ကလေးသူငယ်များကို...
ရခိုင်ဒေသမှ စစ်ဘေးရှောင် ကလေးငယ်များ။
November 20, 2024
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းအချို့တွင် ကလေးသူငယ်များ ဝမ်းပျက်ဝမ်းလျှော...
စစ်ရေးလေ့ကျင့်နေသော AA တပ်ဖွဲ့များ။ (ဓာတ်ပုံ - Hein Tun / Arakan Bay News)
November 20, 2024
ရခိုင်ပြည်၊ ဂွမြို့နယ်၊ ဆပ်သွားရွာအနီးတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့...
November 19, 2024
ရခိုင်ဒေသတွင် တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ လမ်းခရီးပိတ်ဆို့ခံထားရမှုကြောင့်...