ရခိုင်တွင် တကျော့ပြန်စစ်ပွဲကြောင့် စစ်ရှောင်သူလူဦးရေ ၂ သိန်းနီးပါးအထိ ထပ်တိုးလာ

ရခိုင်တွင် တကျော့ပြန်စစ်ပွဲကြောင့် စစ်ရှောင်သူလူဦးရေ ၂ သိန်းနီးပါးအထိ ထပ်တိုးလာ

ရခိုင်ပြည်နယ်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် နိုဝင်ဘာ ၁၃ ရက်မှ ၂၉ ရက်အထိ စစ်ဘေးရှောင်အသစ် ၂ သိန်းနီးပါးအထိ တိုးလာကြောင်း သိရသည်။

ယင်းအနက် ပေါက်တောမြို့နယ်တွင် စစ်ဘေးရှောင်ဦးရေ ၇ သောင်းကျော် အထိ အများဆုံးဖြစ်နေသည်ဟု ရက္ခိုင်ပြည်အရေးပေါ်ကူညီကယ်ဆယ်ရီး ပူးပေါင်းအဖွဲ့(Arakan Responders For Emergency) မှ တာဝန်ရှိသူတစ်ဦးက နိရဥ္စရာသတင်းဌာနကိုပြောသည်။

“စာရင်းအတိအကျ ကောက်ရတာခက်ပေမယ့် လက်ရှိအချိန်ထိတော့ ၂ သိန်းနီးပါးအထိရှိနေတယ်။ ခုဆိုရင် မောင်တောတို့ဘူးသီးတောင်တို့ဆိုလည်း တိုးလာတာပေါ့နော်။ ပုဏ္ဏားကျွန်းဘက်ကလည်း သိသိသာသာတိုးလာတယ်” ဟုပြောသည်။

ရခိုင်မှ စစ်ပြေးတိမ်းရှောင်နေရသည့် မြို့နယ်များမှာ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ရသေ့တောင်တို့တွင်အများဆုံးဖြစ်နေပြီး မောင်တော၊ ဘူးသီးတောင်၊ မြေပုံတို့ဘက်မှလည်း စစ်ရှောင်သူများတိုးလာကြောင်း သိရသည်။

ပေါက်တော၊ မင်းပြား၊ ပုဏ္ဏားကျွန်းဘက်တို့တွင် ရွာလုံးကျွတ်ထွက်ပြေး နေရသူများပင်ရှိကြောင်းလည်း သိရသည်။

လက်ရှိတွင် စစ်ဘေးရှောင်အတွက် စားဝတ်နေရေးအတွက် အကူညီ လိုအပ်နေသည်ဟု ပရဟိတလုပ်နေသူ ပေါက်တောမြို့မှ အမျိုးသားတစ်ဦးက နိရဥ္စရာကိုပြောသည်။

“အဓိကတော့ စားနပ်ရိက္ခာပါ။ လမ်းတွေပိတ်ထားတော့ ကူညီပေးမယ့် အဖွဲ့တွေက သွားရလာရနည်းနည်းတော့ ကျပ်တာမျိုးရှိတာပေါ့နော်။ စစ်ရှောင်တွေဆီကို အကူညီအချိန်မီမရောက်နိုင်တာမျိုးလည်း ရှိတယ်”ဟု ပြောသည်။

အဆိုပါစစ်ဘေးရှောင်များသည် နီးစပ်ရာကျေးရွာများရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် အသိမိတ်ဆွေများ၏နေအိမ်များတို့တွင် ကျပ်ကျပ်တည်းတည်း နေထိုင်နေရခြင်းဖြစ်သည်ဟု ကူညီပေးနေသူများက ပြောသည်။

အဆိုပါစစ်ဘေးရှောင်များသည် နိုဝင်ဘာ ၁၃ ရက် တကျော့ပြန် တိုက်ပွဲများဖြစ်ပြီးနောက် စစ်ကောင်စီတပ်က ရပ်ရွာများကို တိုက်ပွဲဖြစ်မှုမရှိဘဲ နေ့နှင့်ညပါ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေသည့်အတွက် အသက်အန္တရာယ်စိုးရိမ်၍ ထွက်ပြေး တိမ်းရှောင်နေကြရခြင်း ဖြစ်သည်။

ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA)၏ နိုဝင်ဘာလ ၁၆ ရက်အထိ စာရင်းများအရ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ဒုက္ခသည် စုစုပေါင်း ၉ သောင်းအထိရှိလာသည်ဟု နိုဝင်ဘာ ၁၇ ရက်တွင် ထုတ်ပြန်ထားသည်။

ယင်းအထဲမှ အသစ်ထပ်တိုးလာသည့် ၂၆,၀၀၀ ကျော်သည် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA) တို့အကြား နိုဝင်ဘာ ၁၃ ရက်နေ့က တိုက်ပွဲ စတင်ဖြစ်ပွားပြီးနောက် ထွက်ပြေးရသည့် အရေအတွက်ဖြစ်သည်ဟု ဆိုထားသည်။  

ဓာတ်ပုံ - ARE

Most read this week

October 18, 2024
ရခိုင်ပြည်တွင် စပါးစျေးမရသည့်အပြင် ယခင်နှစ် စိုက်ပျိုးရာသီမှ ထွက်ရှိလာသော စပါးများကို ယခုနှစ်...
October 16, 2024
ရခိုင်ပြည်၊မောင်တောမြို့၊ နခခ(၅)တပ်ရင်းအား အာရက္ခတပ်‌တော် (AA)  နေစဉ်ရက်ဆက် ထိုးစစ်ဆင်...
October 15, 2024
ရခိုင်ပြည် တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်၏မြောက်ပိုင်းတွင် တိုက်ပွဲတွေပြင်းထန်နေသည့်အတွက်...
October 14, 2024
ရခိုင်ပြည်၊ တောင်ကုတ်မြို့မှ  စစ်ဘေးရှောင်သွားကြသည့်  နေအိမ်များ၏ လူဦးရေစာရင်းကို...