ကမ်းဝေး ငါးဖမ်းလှေ ၇ စီးကို ပြည်သူ့ကာကွယ်ရေး တပ်ဖမ်းဆီး

ကမ်းဝေး ငါးဖမ်းလှေ ၇ စီးကို ပြည်သူ့ကာကွယ်ရေး တပ်ဖမ်းဆီး

တနင်္သာရီတိုင်း ပုလောမြို့နယ်အတွင်းရှိ ကမ်းနီးပင်လယ်ပြင် အတွင်း ဥပဒေမဲ့ ဝင်ရောက် ငါးဖမ်းနေသည့် ကမ်းဝေးငါးဖမ်းလှေ (ဝါးလတ်) ၇ စီးကို ဖမ်းဆီးခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် တပ်ရင်း (၁) မှ စက်တင်ဘာ လ ၁၂ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

ပြည်သူများ၏ တိုင်ကြားချက်အရ ပုလောမြို့နယ်၊ ညှင်းဖိုညှင်းမ ကျွန်းများအနီးတွင် ဝင်ရောက် ငါးခိုးဖမ်းနေ သည့် ကမ်းဝေးငါးဖမ်းလှေ ၇ စီးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

မြိတ်ခရိုင်တပ်ရင်း(၁) ပြန်ကြားရေး တာဝန်ရှိသူက “ကမ်းနီးမှာငါးဝင်ခိုးဖမ်းတဲ့ လှေတွေကို ဖမ်းဆီးအရေး

ယူတာ ပထမဆုံးအကြိမ်ပါပဲ။ ဥပဒေနဲ့မညီဘဲ ငါးခိုးဖမ်းနေတာကို စစ်ကောင်စီက အရေးယူတာ မတွေ့ရပါဘူး။ တစ်စီးနှစ်စီးထဲ မဟုတ်ဘူး။ အဖွဲ့လိုက် အုပ်စုလိုက် အတင့်ရဲပြီး ပြောင်ပြောင်တင်းတင်းကို ခိုးဖမ်းနေကြတာ” ဟု ပြောသည်။

ဖမ်းဆီးခဲ့ရာတွင် ငါးဖမ်းလှေများအား ယူဆောင်သိမ်းဆည်းခြင်း မပြုဘဲ တာဝန်ရှိသူ လှေဦးစီး ပဲ့နင်း ၇ ဦးကိုသာ အပြစ်ပေး အရေးယူရန် ခေါ်ဆောင်လာခဲ့ပြီး မြိတ်ခရိုင်တပ်ရင်း (၁) တွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဆိုသည်။

ကမ်းဝေးငါးဖမ်းလှေများက စည်းကမ်းမဲ့ ငါးဖမ်းခြင်းများကြောင့် ငါးပမာဏ သိသိသာသာ လျော့နည်းလာပြီး ကမ်းနီးငါးဖမ်းခြင်းကို လှေငယ်လေးများဖြင့် တနိုင်တပိုင်လုပ်ကိုင်သူ ဒေသခံများ၏ အသက်မွေးဝမ်းကြောင်း လုပ်ငန်းများ ထိခိုက်မှုများရှိလာနေသည်ဟု ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

မြန်မာ့ပင်လယ်ပြင် ငါးဖမ်းဥပဒေကို ဖေါက်ဖျက်ပြီး ကမ်းနီးတွင် ငါးဝင်ခိုးဖမ်းနေသည့် ကမ်းဝေးလှေကြီး

(ဝါးလတ်) များကို ဥပဒေအရ အပြစ်ပေးအရေးယူနိုင်ရန် စက်တင်ဘာ ၇ ရက်နေ့က သွားရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု မြိတ်ခရိုင်တပ်ရင်း(၁) ပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။

ကမ်းဝေး ငါးဖမ်းလှေများမှ ကမ်းနီးတွင် လာရောက်ခိုးဆွဲခြင်းကြောင့် ငါးရရှိမှုနည်းပါးလာသည့်အပြင် ပိုက်လှေငယ်လေးများ၏ ငါးဖမ်းပိုက်များ ပျက်ဆီးဆုံးရှုံးရခြင်းများလည်း မကြာခဏကြုံတွေ့နေရကြောင်း ဒေသခံ ကမ်းနီးလုပ်ငန်း လုပ်ကိုင်နေသူများက ပြောသည်။

ကမ်းဝေး ငါးဖမ်းစက်လှေ (ဝါးလတ်) များမှ တစ်နိုင်တစ်ပိုင် လုပ်ကိုင်စားသောက်နေသည့် ဒေသခံများ၏ ရှေ့ရေး ကို ရှေးရှုပြီး ဥပဒေမဲ့ လုပ်ရပ်များကို ရပ်တန့်ကြရန်နှင့် လေးစားလိုက်နာခြင်းမရှိဘဲ ဆက်လက်ကျူးလွန်နေပါက ဥပဒေနှင့်အညီ ဆက်လက် ဖမ်းဆီးအရေးယူသွားမည် ဖြစ်ကြောင်းနှင့် ပြည်သူများအနေဖြင့် ဥပဒေချိုးဖေါက် သည့် လုပ်ရပ်များတွေ့ရှိပါက တိုင်ကြားနိုင်ကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် အသိပေး ရေးသားထားသည်။

ကမ်းနီးသို့ဝင်ရောက်၍ စည်းကမ်းမဲ့ ငါးခိုးဖမ်းသည့် လှေများအား စောင့်ကြည့်နိုင်ရန်အတွက် ပင်လယ်ပြင် ငါးဖမ်းမှု စောင့်ကြည့်ရေး ခြေရာခံစက် VMS (Vess Monitoring System) ကို ငါးလုပ်ငန်းဦးစီးဌာနမှ ၂၀၁၉ ခုနှစ် ငါးဖမ်းရာသီမှ စတင်၍ ငါးဖမ်းစက်လှေကြီးများတွင် တပ်ဆင်အသုံးပြု စောင့်ကြည့်ခဲ့သည်။

စတင်အသုံးပြုခဲ့သည့် နှစ်များအတွင်း ကမ်းနီးဝင်ရောက် ခိုးဆွဲမှုများ သိသိသာသာ လျော့နည်း ကျဆင်းသွားခဲ့ သော်လည်း ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးသည့် နောက်ပိုင်းမှစတင်၍ လက်ရှိအချိန်အထိ ကမ်းဝေးလှေများ ကမ်းနီးပိုင်း ရေတိမ်သို့ ဥပဒေမဲ့ ဝင်ရောက်ခိုးဆွဲသည့် လှေအစီးရေ ရာဂဏာန်းအထိပင် ရှိနေသည်ကို မြင်တွေ့ နေရကြောင်း ကမ်းနီးလှေငယ် လုပ်ကိုင်နေသူများက ပြောသည်။

Most read this week

October 26, 2024
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၆ ရက်။ကချင်ပြည်နယ် ပန်ဝါမြို့ကို သိမ်းပိုက်လိုက်သည့် ကချင်လွတ်လပ်ရေး...
October 25, 2024
စစ်ကောင်စီက ကရင်နီပြည်နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်အချို့၌ သန်းခေါင်စာရင်း ကောက်ယူမှုများ...
October 24, 2024
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် စစ်ပွဲအတွင်း...
October 23, 2024
စစ်ကောင်စီတပ်က ၎င်းတို့ လက်လွှတ်ဆုံးရှုံးထားရသည့် ရှမ်းမြောက်ဒေသထဲက လားရှိုးမြို့အပါအဝင်...