ရခိုင်ပြည်၊ မောင်တောမြို့နယ် မြောက်ပိုင်းတွင် စစ်ကောင်စီတပ်သားတစ်ဦးနှင့် နယ်ခြားစောင့်ရဲတပ်သား သုံးဦးမှာ စခန်းမှထွက်ပြေးခဲ့ကြပြီး တစ်ဦးကို ပြန်လည်ဖမ်းဆီးရမိခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင် ၂၀ ရက်နေ့ နံနက် ၆ နာရီခန့်က မောင်တောမြောက်ပိုင်း၊ တောင်ပြိုလက်ဝဲမြို့နယ် ဘင်္ဂလား ဒေ့ရှ် - မြန်မာနယ်စပ်ရှိ တပ်စခန်းတစ်ခုမှ နယ်ခြားစောင့်ရဲတပ်သား (၃) ဦးမှာ ကင်းလှည်းနေစဉ် ထွက်ပြေးခဲ့ ကြခြင်း ဖြစ်သည်။
စခန်းအနီးရှိ မီးတိုက်ကျေးရွာသားတစ်ဦးက “အဲဒီစခန်းက တပ်သားတစ်ဦးကို အေအေနဲ့ဆက်စပ်တယ်ဆိုပြီး စစ်ကောင်စီတပ်က ဖမ်းဆီးသွားတာရှိတယ်။ ဒါ ကြောင့် သူတို့ကိုလည်း လာဖမ်းနိုင်တယ်ထင်ပြီး ထွက်ပြေး ကြတာထင်တယ်။ အဲဒီနေရာက ဘင်္ဂလားဒေ့ရှ်နဲ့ လည်းနီးတော့ အဲဒီဘက်ကို ကျော်သွားတာဖြစ်နိုင်တယ်။ သူတို့ ကို ပြန်တွေ့ဖို့တော့ မလွယ်လောက်ဘူး” ဟု ပြောသည်။
အဆိုပါစခန်းတွင် တာဝန်ကျနေသည့် ကြိမ်ချောင်းကျေးရွာမှ ရဲတပ်သား ကျော်မျိုးဦးကို ရက္ခိုင့်တပ်တော်(AA) နှင့် ဆက်စပ်သည်ဟုဆိုကာ စစ်ကောင်စီတပ်က ဇူလိုင်လ ၁၈ ရက်နေ့တွင် လာရောက် ဖမ်းဆီးသွားခြင်း ဖြစ် သည်။
တောင်ပြိုလက်ဝဲမြို့ခံတစ်ဦးက “AA ဆက်စပ်တယ်ဆိုပြီး လာဖမ်းမှာကိုကြောက်လို့ ထွက်ပြေးကြတာလို့ ပြော ကြတယ်။ ပြီးတော့ ထွက်ပြေး သွားတဲ့ ရဲတပ်သား သုံးဦးစလုံးကလည်း ရခိုင်လူမျိုးတွေ ဖြစ်တယ်လို့ ကြားရ တယ်” ဟု ပြောသည်။
အလားတူ မောင်တောမြို့နယ်မြောက်ပိုင်း ဂြစ်ချောင်းကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းတစ်ခုမှ တပ်ဖွဲ့ ဝင်တစ်ဦးလည်း ဇူလိုင်လ ၂၀ ရက်နေ့ နံနက်ပိုင်းက ကင်းစောင့်နေစဉ် ထွက်ပြေးသွားခဲ့သဖြင့် လိုက်ရှာကြရာ တွင် ညနေပိုင်းတွင် ဖမ်းမိသွားသည်။
“အဲဒီဖမ်းမိသွားတဲ့ တပ်သားကို အထက်အရာရှိတွေက တော်တော်ဒဏ်ပေးထားပုံပေါ်တယ်။ အဲဒီတပ်သားကို ရိုက်နှက်သံနဲ့ အော်သံဟစ်သံတွေကို ကျနော်တို့ရွာကနေ ကြားရတယ်။ ထမင်းမကျွေးဘဲ မိုးရေထဲမှာ တစ်ညလုံး ချုပ်ထားတယ်လို့ ကြားရတယ်” ဟု ဂြစ်ချောင်း(မြို) ကျေးရွာသားတစ်ဦးက ပြောသည်။
အဆိုပါစခန်းမှာ ဂြစ်ချောင်းကျေးရွာ မြောက်ဘက် ၃ ဖာလုံကျော်အကွာတွင် ၂၀၂၃ ခုနစ် ဇန်နဝါရီလက စတင်စခန်းချခဲ့ပြီး ကြိမ်ချောင်း (၂၄) ဗျူဟာတပ်ရင်း၏ ကင်းစခန်းတစ်ခုဖြစ်ကြသည်။
နယ်ခြားစောင့်ရဲနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ထွက်ပြေးသည့်ကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရကို DMG က ဖုန်းဆက်သွယ်ခဲ့ရာ “ဝန်ကြီး အစည်းအဝေးတက်နေ ပါတယ်။ မအားသေးပါဘူး” ဟု ဖုန်းလက်ခံဖြေဆိုသူက ပြောသည်။
ရခိုင်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ အပစ်အခတ် ရပ်စဲပြီးနောက် စခန်းမှထွက်ပြေးသွား ကြသော နယ်ခြားစောင့်ရဲနှင့် စစ်ကောင်စီတပ်ဖွဲဝင် ၁၄ ဦးထက်မနည်းရှိကြောင်း DMG က စာရင်းပြုစုထား သည်။
၎င်းတို့မှာ - မတ်လ ၆ ရက်နေ့က မောင်တော မြင်းလွှတ် နယ်ခြားစောင့်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်လေးဦး၊ မတ်လ ၁၉ ရက်နေ့က ရသေ့တောင်မြို့နယ် နယ်ခြားစောင့်စခန်းမှ တပ်ဖွဲ့ဝင်နှစ်ဦး၊ ဧပြီလ ၁ ရက်နေ့က ဘူးသီးတောင် အခြေစိုက် ခလရ (၂၆၃) တပ်ရင်းမှ တပ်သားလင်မယားနှစ်ဦး၊ ဇူလိုင်လ ၃ ရက်နေ့က မောင်တော ငါးခူရနယ် မြေ နယ်ခြားစောင့်စခန်းက သုံးဦးနှင့် လတ်တလောထွက်ပြေးသွားသူများ ဖြစ်သည်။ လက်ရှိစာရင်းသည် DMG က လက်လှမ်းမီသလောက် ကောက်ယူထားခြင်းသာ ဖြစ်သည်။
အပစ်ရပ်ကာလတွင် စစ်ကောင်စီ တပ်ဖွဲဝင်နှင့် ရဲများ ထွက်ပြေးလာကြခြင်းမှာ တစ်နိုင်ငံလုံးတွင် ရင်ဆိုင်နေ သည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်က ရှုံးနိမ့်မှုများရှိနေပြီး အသက်အာမခံချက်မရှိခြင်း အပါအဝင် အခြား အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်သည်ဟု နိုင်ငံရေးလေ့လာသူများက ပြောကြသည်။