ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာ စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက် နေပြီး ကျေးရွာထဲက လူနေအိမ်တွေကို မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွှေကူနယ် အနောက်ခြမ်းမှာရှိတဲ့ ဘိုကုန်း၊ ချောင်းဝ၊ သပြေလှ စတဲ့ကျေးရွာဘက်မှာ စစ်ကြောင်း ၂ကြောင်းခွဲပြီး ဝင်ရောက်နေတဲ့အပြင် ဇူလိုင်လ ၄ ရက်နေ့ ညနေမှာတော့ လူနေအိမ်တွေကို မီးရှို့နေတယ်လို့ ဘိုကုန်းဇာတိ ဒေသခံ အမျိုးသားတစ်ဦးက KNG ကို အခုလိုပြောပါတယ်။
“ချောင်းဝကော၊ ဘိုကုန်းကောမီးရှို့တယ် ဘိုကုန်းထဲက အိမ်ရှစ်လုံးမီးရှို့တယ် ချောင်းဝကတော့ အိမ်ဘယ် လောက်ပါသွားလဲ မသိရသေးဘူး။ အဲ့ဘက်က ဖုန်းလိုင်းတွေလည်း ပြတ်နေတယ်။ အခုလောလောဆယ်က ပြည်သူတွေလည်းပြေးနေတယ်” လို့ ပြောပါတယ်။
ရွှေကူ အနောက်ခြမ်းက ရွာတွေကို ဝင်ပြီး မီးရှို့နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ ဇူလိုင်လ ၃ ရက်နေ့ကစပြီး ဝင်ရောက် လာတာ ဖြစ်ပါတယ်။ စစ်တပ်ရဲ့ ခလရ ၇၇ နဲ့ ခလရ ၁၀ ပူးပေါင်းထားတဲ့ စစ်အင်အား ၃၀၀ ခန့်ရှိတဲ့ စစ်ကြောင်း က လိုက်လံမီးရှို့နေတာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်တွေက စစ်ကြောင်းတစ်ကြောင်းကို စစ်အင်အား ၁၀၀ လောက်သုံးပြီး ရှေ့ဆင့်နောက်ဆင့် တက်လာတာလို့ ဒေသခံတွေကပြောပါတယ်။
လက်ရှိ ယင်း စစ်ကြောင်း နှစ်ကြောင်းထဲက တစ်ကြောင်းကတော့ ဘိုကုန်းမှာရှိနေပြီး နောက်ထပ် စစ်ကြောင်း ကတော့ ဇူလိုင်လ ၅ ရက်နေ့ ညနေပိုင်းမှာ သပြေလှကျေးရွာကို ဝင်ရောက်နေတယ်လို့ ဒေသခံတွေက ပြောပါ တယ်။
ဒါ့အပြင် ဇူလိုင်လ ၅ ရက်နေ့ ညနေပိုင်းအထိ ကျေးရွာစဉ်အလိုက် စစ်ကြောင်းထိုးနေဆဲဖြစ်ပြီး နေအိမ်တွေကို လိုက်လံမီးရှို့နေသေးတဲ့ အတွက် မီးရှို့ခံရတဲ့ နေအိမ် အသေးစိတ်ကို မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါ တယ်။
“ဘိုကုန်းကတော့ ဆက်တိုက် ရှို့ခံထားရတာတွေရှိတယ်လို့လည်း သိရတယ်။ လောလောဆယ်ဆယ်က သူတို့ လည်းပြေးနေရတော့ ကောင်းကောင်းကို အဆက်အသွယ်မရ ဖြစ်နေတယ်။ ဖုန်းလိုင်းတွေကလည်း နေရာတိုင်း မရဘူး” လို့ ရွှေကူမြို့နေ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
လတ်တလော စစ်ကြောင်းဝင်နေတဲ့ ကျေးရွာတွေဟာ ဘိုကုန်း၊ သပြေလှ၊ ချောင်းဝနဲ့ အနီးဝန်းကျင်က ကျေးရွာ တွေဖြစ်ပြီး ကျေးရွာနေ ပြည်သူတွေကတော့ စစ်ကြောင်း ဝင်ရောက်လာတဲ့အတွက် ဘေးလွတ်ရာကို ထွက်ပြေး နေကြရပါတယ်။
လက်ရှိ ဘိုကုန်းဘက်ဝင်နေတဲ့ တပ်မ ၇၇ နဲ့ တပ်မ ၁၀ ပူးပေါင်းစစ်ကြောင်းတို့ဟာ ပြီးခဲ့တဲ့ မတ်လ ၂၀ ကျော်မှာ လည်း ရွှေကူအရှေ့တောင်ခြမ်းက နန့်လန်၊ နောင်လတ်ကြီး၊ မံဝင်း၊ စီသာ၊ စီသောင်စတဲ့ ကျေးရွာပေါင်း ၁၂ ရွာ ခန့်ကို ဝင်ရောက်မီးရှို့မှုတွေ လုပ်ခဲ့တဲ့ စစ်ကြောင်းဖြစ်ပါတယ်။
မီးရှို့ခံထားရတဲ့ ဘိုကုန်းကျေးရွာနဲ့ ချောင်းဝကျေးရွာတို့ဟာ အိမ်ခြေ ၃၀၀ ခန့်စီရှိတဲ့ ကျေးရွာကြီးတွေ ဖြစ်ကြ ပါတယ်။