၂ နှစ်တာကာလအတွင်း စစ်ကောင်စီ၏ စစ်ရာဇဝတ်ချိုးဖောက်မှု အကြိမ်ပေါင်း တစ်ထောင်ကျော်ရှိကြောင်း KNU ထုတ်ပြန်

၂ နှစ်တာကာလအတွင်း စစ်ကောင်စီ၏ စစ်ရာဇဝတ်ချိုးဖောက်မှု အကြိမ်ပေါင်း တစ်ထောင်ကျော်ရှိကြောင်း KNU ထုတ်ပြန်

KNU-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီကျူးလွန်ခဲ့သည့် စစ်ရာဇ ဝတ်မှုမြောက်သော လူ့အခွင့်အရေး ချိုးဖောက်မှုအကြိမ်ပေါင်း တစ်ထောင်ကျော်ရှိခဲ့ကြောင်း ယနေ့  KNU ၏ လူ့အခွင့်အရေးကော်မတီနှင့် သုတေသနနှင့် မှတ်တမ်းဌာနခွဲက ထုတ်ပြန်လိုက်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းချိန်မှစ၍ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလအထိ KNU၏ လူ့အခွင့်အရေးကော်မတီမှ ကောက်ယူမှတ်တမ်း တင်ထားသော အဆိုပါ အစီရင်ခံစာတွင် အရပ်သားများအပေါ် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့သည့်စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုမြောက် လူ့အခွင့်အရေးချိုးဖောက်မှု အကြိမ်ရေပေါင်းမှာ ၁၄၉၃ ကြိမ်ရှိကြောင်းကို အချက်အလက် အသေးစိတ်များဖြင့် ကိုးကား ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

‘မြန်မာစစ်တပ်၏ စစ်ရာဇဝတ်မှုများကြောင့် ရှင်သန်မှု ပျောက်ဆုံးနေသော လူသားဘဝများ’ ခေါင်းစဉ်ဖြင့် ထုတ် ပြန်သည့် အဆိုပါ အစီရင်ခံစာတွင် KNU နယ်မြေအတွင်း စစ်ကောင်စီ၏ ၂ နှစ်တာ ကာလအတွင်း ချိုးဖောက် ကျူးလွန်ခဲ့သော လူ့အခွင့်အရေးနှင့်စစ်ရာဇဝတ်မှုများကို ကဏ္ဍအလိုက် ခွဲ၍ ဖော်ပြထားကာ စစ်တပ်၏ အာဏာရရေးအတွက် အကြောက်တရားအောက်မှာ ရှင်သန်နေရသည့် ပြည်သူများ၏ဘဝများကို သိရှိစေလိုခြင်းကြောင့် ရည်ရွယ်ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း KNU၏ တွဲဖက်အတွင်းရေးမှူး(၂) ပဒိုစောလှန်ထွန်းက ယခုလို ပြောသည်။

၎င်းက “ပြည်သူတွေရဲ့  ခံစားလွတ်လပ်မှုကို လုံခြုံမှုမရှိအောင် ခြိမ်းခြောက်နေတဲ့ ပြည်သူတွေကို အကြောက် တရားအောက်မှာ ဖြစ်နေစေဖို့အတွက် ဖမ်းဆီးတာတွေ၊ နှိပ်စက်တာတွေ စစ်မြေပြင်မှာ လူသားဒိုင်းအဖြစ် အသုံးပြုနေတာ ဒါတွေအားလုံးဟာ သူတို့ရဲ့ ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ခဲ့တဲ့ ကိစ္စတွေအပေါ် သူတို့ရဲ့ အာဏာရလိုမှုအတွက် ပြည်သူတွေကို အကြောက်တရား အောက်မှာရှင်သန်နေရတဲ့ ဖြစ်စဉ်တွေကို အဓိကထားတဲ့ အချက်အလက်တွေကို စုစည်းထားတာဖြစ်ပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

စာမျက်နှာပေါင်း ၈၆ မျက်နှာနှင့် အချက်အလက်ခေါင်းစဉ်ကြီး (၆) ခုပါ ထိုအစီရင်ခံစာတွင် စစ်ကောင်စီ ၏ လေကြောင်းတိုက်ခိုက်မှု၊ မြေပြင်တိုက်ခိုက်မှု၊ အရပ်သားများအပေါ် အဓမ္မခိုင်းစေ၊ သတ်ဖြတ်၊ နှိပ်စက်မှုများ၊ ကျေးရွာများမီးရှို့ဖျက်ဆီး၊ လုယက်ခိုးယူမှုများ၊ အမျိုးသမီးအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် သက်ဆိုင်ရာ အစုအဖွဲ့များအပေါ် အကြံပြု တောင်းဆိုချက်များ ပါဝင်ကြောင်းတွေ့ရသည်။  

KNU ၏ ထိန်းချုပ်နယ်မြေ တပ်မဟာ၊ ခရိုင် (၇)ခုလုံးတွင် စစ်ကောင်စီနှင့်အပေါင်းအပါ တပ်ဖွဲ့ဝင်များမှ ပြည်သူလူထုများအပေါ် ခြိမ်းခြောက်ခြင်း(၆၉) ကြိမ်၊  ပြည်သူပိုင်ပစ္စည်းခိုးယူမှု အတင်းအဓမ္မတောင်းခံမှု (၂၆) ကြိမ်၊ ညှင်းပမ်းနှိပ်စက်မှု (၁၄) ကြိမ်၊ အရပ်သားပိုင်တိရိစ္ဆာန်ဖမ်းဆီးသတ်ဖြတ်မှု (၉)ကြိမ်၊  နေအိမ် ဖျက်ဆီးမှု  (၆)ကြိမ်၊ နေအိမ်မွှေနှောက်ပြီး လိုချင်သည်များကို ယူဆောင်သွားမှု (၂၈)ကြိမ်၊  နေအိမ်မီး ရှို့မှု (၄၉)ကြိမ်၊  ပြည်သူပိုင်ပစ္စည်းဥစ္စာအတင်းအဓိမ္မသယ်ဆောင်မှု (၄၄)ကြိမ် လုပ်ဆောင်ခဲ့သည်ဟု ဖော်ပြထားသည်။

၎င်းအပြင် ပေါ်တာဆွဲခြင်း (၁၃)ကြိမ်၊ အရပ်သား ဖမ်းဆီးခြင်း(၈၀)ကြိမ်၊ ဖမ်းဆီးငွေတောင်းခံမှု (၇)ကြိမ်၊ ဖမ်းဆီးသတ်ဖြတ်မှု (၄)ကြိမ်၊ အရပ်သား အသုံးပြုသည့် လမ်းမိုင်းထောင်မှု (၁၉)ကြိမ်၊ ရွာသားများအားအကြောင်းမဲ့ ပစ်ခတ်ခြင်း (၄၄)ကြိမ်၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှု(၇၅၈)ကြိမ်၊ လက်နက်ငယ်ပစ်ခတ်မှု(၃၄)ကြိမ်၊ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်မှု (၆)ကြိမ်၊  လေကြောင်း တိုက်ခိုက်မှု (၂၃၀) ကြိမ်နှင့် ပြည်သူများအား အတင်းအဓမ္မ ခိုင်းစေမှု (၅၃) ကြိမ် စုစုပေါင်း (၁၄၉၃)ကြိမ် ကျူးလွန်ခဲ့ကြောင်း အစီရင်ခံစာတွင် အသေးစိတ်ဖော်ပြထားသည်။

အစီရင်ခံစာပါ အချက်အလက်များအရ ၂ နှစ်တာကာလအတွင်း လေကြောင်းတိုက်ခိုက်မှု အများဆုံး ဒေသမှာ KNU တပ်မဟာ(၆) နယ်မြေ၊ ဒုတိယအများဆုံးမှာ တပ်မဟာ(၅) နယ်မြေဖြစ်ပြီး လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အများဆုံးခံရသည့် ဒေသမှာ တပ်မဟာ(၁) နယ်မြေ၊ ကျန်တပ်မဟာ (၃)၊ တပ်မဟာ (၄) နှင့် တပ်မဟာ (၂)ဒေသများတွင်လည်း အချိုးဖောက်ခံရမှုဖြစ်စဉ် အရေအတွက်အလိုက်ဖော်ပြထားသည်။

ထို့အတူ အရပ်သား ပြည်သူ ထိခိုက်သေဆုံးဖမ်းဆီးခံရမှုနှင့် အိုးအိမ်ပျက်စီးဆုံးရှုံးမှု အရေအတွက်အရ ၂ နှစ်အတွင်း အရပ်သားသေဆုံးမှု ၁၉၂ ဦး၊ ထိခိုက်ဒဏ်ရာရရှိမှု ၄၈၅ဦး၊ အိုးအိမ်ပျက်စီးမှု ၈၈၂လုံးနှင့် ဖမ်းဆီးခံရမှု ၁၃၀၁ ဦးရှိခဲ့ကာ နေအိမ်အဆောက်အဦး အလုံး ၂၀၊ ဆေးရုံ ၆ လုံး၊ စာသင်ကျောင်းဆောင် ၁၃ ဆောင်၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးနှင့် သီလရှင်ကျောင်း ၈ ကျောင်းအပြင် ခရစ်ယာန်ဘုရားကျောင်း ၆ ကျောင်း ပျက်စီးဆုံးရှုံးသွားကြောင်း အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။

ဆက်လက်၍ နှစ်ဖက် တိုက်ပွဲများအပြင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်း တိုက်ခိုက်မှု၊ ဖမ်းဆီးခေါ်ဆောင်မှုနှင့် ညှင်းပမ်းနှိပ်စက်မှု စသည့် အကြမ်းဖက်လုပ်ရပ်များကြောင့် KNU ထိန်းချုပ်ရာ ခရိုင် (၇) ခုလုံးတွင် ၂၀၂၂ ခုနှစ် ကုန်ပိုင်းအထိ ဘေးလွတ်ရာ ထွက်ပြေးတိမ်း ရှောင်နေရသည့် အရပ်သားပြည်သူပေါင်း (၃၆၅,၁၈၇) ဦးရှိကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြရေးသားထားသည်။

ယနေ့ ပြုလုပ်ခဲ့သည့် အစီရင်ခံစာ မိတ်ဆက်ပွဲကို KNU၏ ဌာနချုပ် တစ်နေရာတွင် ပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာ KNU ဗဟိုခေါင်းဆောင်များဖြစ်သည့် KNU တွဲဖက် အထွေထွေအတွင်းရေးမှူး(၁) ပဒို စောဆဲပွယ်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး(၂) ပဒိုစောလှထွန်း နှင့် အခြားဗဟိုခေါင်းဆောင်များ၊ တပ်ပိုင်းဆိုင်ရာ ခေါင်းဆောင်များ၊ ကျောင်းသား လူငယ်များ နှင့် သတင်းမီဒီယာတချို့ ပါဝင်တက်ရောက်ခဲ့ကြပြီး  အစီရင်ခံစာပါ အချက်အလက်များကို ပြောကြားရှင်းလင်းခြင်း၊ မှတ်တမ်းရုပ်ရှင်များ၊ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းဓါတ်ပုံများကို ပြသခဲ့ကာ လူ့အခွင့်အရေးချိုးဖောက်မှုခံစားနေရသည့် ပြည်သူများအတွက် တစ်မိနစ် ငြိမ်သက် ဆုဆောင်ပေးခြင်းလည်း ပြုလုပ်ခဲ့သည်။

KNU ၏ ထိန်းချုပ်နယ်မြေ (၇) ခုတွင် ဒူးသထူ(သထုံ)ခရိုင်၊ တောအူး (တောင်ငူ)ခရိုင်၊ ညောင် လေးပင်ခရိုင်၊ ဘိတ်-ထားဝယ်ခရိုင်၊ မူတြော်(ဖာပွန်)ခရိုင်၊ ဒူးပလာယာခရိုင်၊ နှင့် ဖားအံခရိုင် ဟူ၍ ပါရှိပြီး ယနေ့ အစီရင်ခံစာ တင်ပြလိုက်သည့် အချက်အလက်များသည် အဆိုပါ ဒေသများကို အခြေခံ၍ တင်ပြထားခြင်းဖြစ်ကြောင်းလည်း သိရသည်။

November 29, 2024
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ချောင်းဝရွာကို နိုဝင်ဘာလ(၂၃)ရက်နေ့ နံနက်ပိုင်းက KNU,...
November 28, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်သည့် ကော်သူးလေနယ်မြေများရှိ စစ်ဘေးရှောင်...
photo-SHRF
November 28, 2024
ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ် တာချီလိတ်နှင့် မယ်ဆိုင်မြို့တို့တွင် ယခုနှစ်မိုးရာသီတွင်...
November 27, 2024
ယခုလို တရုတ်ငွေလိမ်လုပ်ငန်းမှ ပြန်လွတ်လာသူ နိုင်ငံခြားသားများမှာ သီရိလင်္ကာနိုင်ငံသား ၃၂ ဦး၊...