ရခိုင်သို့ တင်သွင်းကုန်တချို့အပေါ် စစ်ကောင်စီက လက်ရှိအချိန်ထိ ကန့်သတ်ပိတ်ပင်ထားဆဲ

ရခိုင်သို့ တင်သွင်းကုန်တချို့အပေါ် စစ်ကောင်စီက လက်ရှိအချိန်ထိ ကန့်သတ်ပိတ်ပင်ထားဆဲ

ရခိုင်ပြည်နယ်သို့ ပြည်မဘက်မှ ကားလမ်းဖြင့်တင်သွင်းသည့် သွင်းကုန်ပစ္စည်း တချို့အပေါ် စစ်ကောင်စီက ကန့်သတ် တားမြစ်ထားဆဲဖြစ်ကြောင်း သိရသည်။

ရခိုင်တွင် လက်ရှိအချိန်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတို့အကြား နှစ်ဖက် နားလည်မှုနှင့် အပစ်ရပ်စဲထားပြီဖြစ်သော်လည်း ရခိုင်ပြည်သူများ အတွက် မရှိမဖြစ် လိုအပ်သည့် စားသုံးဆီ၊ အိမ်ဆောက်ပစ္စည်းများ၊ ကျွန်းသစ်ပရိဘောဂများ၊ လျှပ်စစ်ပစ္စည်းများ၊ ဆေးဝါးပစ္စည်းများ အပေါ် ကန့်သတ် တားမြစ်ထားဆဲဖြစ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များနှင့် ကားသမားတို့ ပြောကြားသည်။

အမည်မဖော်လိုသည့်ကားသမားတစ်ဦးက  "လျှပ်စစ်ပစ္စည်းတွေဆိုရင်တော့ နည်းနည်းပါးပါး ပေးကမ်းပြီးသွားရတယ်။ ဘိလပ်မြေ အပါအဝင် အိမ်ဆောက်ပစ္စည်းတို့၊ ဆေးဝါးတွေကျရင် လက်မှတ်လိုတယ်။  ရခိုင်ကိုတင်သွင်း တဲ့ပစ္စည်းတိုင်းလိုလိုက နယ်လုံလက်မှတ်ခံပြီးမှသာ သွင်းရတာများတယ်" ဟုပြောသည်။

အဝတ်အထည်၊ အလှကုန်ပစ္စည်း၊ ပလတ်စတစ်ပစ္စည်းများ၊ အထည်ထုပ်များနှင့် စားကုန်ပစ္စည်းများမှ အပ ကျန်ပစ္စည်းများကို ရခိုင်သို့ တင်သွင်းရာတွင် နယ်လုံလက်မှတ်လိုအပ်သည်ဟု သိရသည်။

အခြားကားသမားတစ်ဦးက " စားသုံးကုန်ဆိုရင်လည်း မုန့်ဖာတွေလောက်ပဲ တင်ခွင့်ရတာ။ အခြားဟာတွေအားလုံးက အကုန်လုံးက နယ်လုံလက်မှတ်တောင်းရတယ်" ဟုပြောသည်။

ရန်ကုန်-စစ်တွေ ကားလမ်းမတစ်လျှောက်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်များတွင် အထက်ပါ ကုန်ပစ္စည်းများကို နယ်လုံလက်မှတ်ဖြင့်သယ်ယူလာသော်လည်း ငွေကြေးအနည်းအကျဉ်းပေးကမ်းကာ သယ်ယူနေရကြောင်း၊  တားမြစ်ထားသောပစ္စည်းများကို နယ်လုံလက်မှတ်ပါမှသာလျှင် ကားဂိတ်များကလည်း သယ်ဆောင်ခွင့်ပေးကြောင်း အိမ်ဆောက်ပစ္စည်းရောင်းဝယ်သူတစ်ဦးက ပြောသည်။

ထိုသို့  ကုန်ပစ္စည်းအများအပြား အပေါ်တွင် ကန့်သတ်တားမြစ်ထားသဖြင့်  ပြည်မဘက်မှ တင်သွင်းရသည့်ပစ္စည်းများဖြစ်သည့် ဆေးဝါးများ၊ အိမ်ဆောက်ပစ္စည်းများ၊ စားသုံးဆီများမှာ မလိုအပ်ဘဲ စျေးနှုန်းမြင့်တက်နေသည်ဟု ဒေသခံများက ပြောဆိုသည်။

စစ်တွေမြို့ခံအမျိုးသမီးတစ်ဦးက " ဆေးတွေဆိုရင် စျေးကနိမ့်လိုက် မြင့်လိုက်နဲ့ ဝယ်သုံးနေရတယ်။ စျေးကျသွားတာက မရှိသလောက်ပဲ။ အရင်ကကိုယ်သုံးနေကျဆေးတစ်ကဒ်က အခုချိန်ဆိုရင် စျေးအများနဲ့ဝယ်သုံးနေရတယ်။ စားသုံးဆီဆိုရင်လည်း ချွေတာပြီးသုံးနေရတယ်။ ၂၀၂၁ နောက်ပိုင်းကနေ ကုန်စျေးနှုန်းတွေက စျေးကျသွားတယ်လို့ကိုမရှိဘူး။ စျေးက မြင့်ပဲမြင့်လာတယ်" ဟု နိရဉ္စရာကိုပြောသည်။

စစ်ကောင်စီလက်အောက်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ရခိုင်ရိုးမအနောက်ဘက်ခြမ်း ရခိုင်ပြည်နယ်ဘက်ရှိ  ကားလမ်းတစ်လျှောက်တွင် စစ်ဆေးရေးဂိတ်များဖွင့်လှစ်ပြီး ခရီးသွား ပြည်သူများထံမှ အကြောင်းအမျိုးမျိုး ပြပြီး ငွေကြေးကောက်ခံမှုများရှိနေသည်ဟု ဒေသခံများနှင့် ကားသမားများက ပြောသည်။

"ပရိဘောဂပစ္စည်းတွေဆိုလည်း သယ်ရတာတွေခက်ခဲတယ်။ အမ်းကဂိတ်တွေမှာဆိုရင် အရင်ကလောက်တော့ မဆိုးတော့ဘူး။ သွားရလာရအဆင်ပြေအောင်တော့ ပိုက်ဆံ နည်းနည်းပါးပါးတော့ပေးကြတယ်။ အားလုံးနီးပါးပစ္စည်းတွေက မတင်ရဖြစ်နေတော့ ပစ္စည်းတွေတင်ရင်ပေးရတယ်။ ခရီးသည်တွေဆိုရင်လည်း လမ်းဆင်းလျှောက်ခိုင်းပြီး ပိုက်ဆံနှစ်ထောင်လောက်စီတော့ ပေးရတယ်။ ခရီးသည်တွေကတော့အလုပ်ရှုပ်သွားတာပေါ့" ဟု ခရီးသည်တင်ကားမောင်းနှင်သူတစ်ဦးက ပြောသည်။

ထိုကဲ့သို့ တောင်းခံနေသည်ကို ဟုတ်/ မဟုတ် သိရှိလိုပါက စစ်ကောင်စီတာဝန်ရှိသူများ ကားပေါ်တွင် အရပ်သားကဲ့သို့ လိုက်ပါကြည့်ပါက မျက်မြင် တွေ့ရှိရလိမ့်မည်ဖြစ်ကြောင်း ၎င်းကားသမားက ပြောဆိုသည်။

ရခိုင်တွင် ပြီးခဲ့သည့်နှစ်ကဖြစ်ပွားခဲ့သည့် အေအေနှင့်စစ်တပ်တို့ တစ်ကျော့ပြန်တိုက်ပွဲအတွင်း ပြည်သူများအဓိကအားထားနေကြရသည့် ကုန်းလမ်း၊ ရေလမ်းကြောင်းများကို စစ်ကောင်စီက ပိတ်ပင်ထားခဲ့သဖြင့် ရခိုင်ဒေသအတွင်း ကုန်စျေးနှုန်းအဆမတန်မြင့်တက်ခဲ့ရပြီး ၎င်းကုန်စျေးနှုန်းများမှာ လက်ရှိ အချိန်ထိ ပြန်ကျဆင်းခြင်း မရှိတော့ဟု  သိရသည်။

ကားသမားတစ်ဦးက “ ရခိုင်ကုန်စျေးနှုန်းမကျတာက သယ်ယူပို့ဆောင်ရေး စရိတ်တွေတက်တာလည်း ပါတယ်။ ဆီစျေးက မကျတော့ ကားစျေးက မကျဘူး။ နောက်ထပ် လမ်းတစ်လျှောက် အမျိုးမျိုးအကြောင်းအမျိုးမျိုးပြပြီး ဂိတ်တွေက တောင်းတာတွေလည်းပါတယ်။ ဥပမာဆိုရင် မြေပုံမြို့နယ် ယောချောင်းတံတားက ပေ ၁၁၀၀ လောက်ရှည်တယ်။ အဲဒီတံတားပေါ်က ၁၂ ဘီးဆိုရင် ကျပ် ၃ သောင်း၊ ၆ ဘီးဆိုရင် ၂ သောင်း ကောက်တယ်။ လွန်ခဲ့တဲ့လကစပြီး စစ်သားတွေက ကောက်တာ။ သူတို့ က သတ်မှတ်ထားချက်ထက် ဝန်ပိုတင်တယ်ဆိုပြီးတော့ အကြောင်းပြ ကောက်တာ။ မပေးရင် ရစ်နေတော့ ကားသမားတွေလည်း ပေးကြရတာပါပဲ”ဟု ပြောဆိုသည်။

လက်ရှိတွင် တိုက်ပွဲများရပ်နားနေပြီဖြစ်သော်လည်း လုံခြုံရေး အကြောင်းပြချက်ဖြင့် ရခိုင်ပြည်နယ် လမ်းမတစ်လျှောက်တွင် စစ်ဆေးရေးဂိတ် အများအပြားကို တိုးချဲ့ဖွင့်လှစ်ကာ  စစ်ဆေးမှုများ ပြုလုပ်နေသဖြင့် ယခုလို ကုန်ပစ္စည်းများတင်သွင်းရာတွင် အခက်အခဲဖြစ်နေကြရသည်ဟု သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သဘောထားကို သိလိုသော်လည်း စစ်တပ်နှင့် ပတ်သက်ပြီး မီဒီယာများသို့ ဖြေကြားပေးမည့်သူ မရှိသလို ရခိုင်ပြည်နယ် စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရကို ဆက်သွယ်လျှင်လည်း တစ်ခါမှ ဖုန်းကိုင် ဖြေကြားခြင်း မရှိသဖြင့် စစ်ကောင်စီဘက်က သဘောထားကို တင်ပြနိုင်ခြင်း မရှိပါ။

October 26, 2024
စစ်ကောင်စီ အုပ်ချုပ်မှုရှိနေသေးသည့် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်၊ အမ်း၊ တောင်ကုတ် နှင့်...
October 25, 2024
ရခိုင်ပြည်၊ ဂွမြို့၊ မြို့မ ရပ်ကွက်မှ ဒေသခံ အမျိုးသား၃ ဦးကို စစ်ကောင်စီနှင့် ပြည်သူ့စစ်တို့က...
October 24, 2024
ရခိုင်ပြည်၊ မောင်‌တောမြို့နယ်မြောက်ပိုင်း ဖားဝပ်ချောင်းကျေးရွာမှ ကထိန်ခင်းသည့် နေအိမ်အား...
October 23, 2024
တိုက်ပွဲအပြင်းအထန် ဖြစ်ပွားပြီးနောက် ဂွမြို့နယ်၊ ကြွေချိုင် ယာယီအထိုင် စစ်စခန်းကို...