နှစ်ဖက်ကြားပြဿနာများဖြေရှင်းရန် ဗိုလ်စလုံးနှင့် ထောက်ပို့ မသင်းသင်းဦးတို့ကို KTLA ဗဟိုစစ်ဌာနချုပ် ဖိတ်ခေါ်

နှစ်ဖက်ကြားပြဿနာများဖြေရှင်းရန် ဗိုလ်စလုံးနှင့် ထောက်ပို့ မသင်းသင်းဦးတို့ကို KTLA ဗဟိုစစ်ဌာနချုပ် ဖိတ်ခေါ်

လတ်တလေ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ပြန့်နှံ့နေသည့် ကော်သူးလေ အာမီ (KTLA) ၏ ဆင်ဖြူစစ်ကြောင်းမှ ဒုဗိုလ်မှူးကြီးစောစလုံးနှင့် ထောက်ပို့တပ်ခွဲမှူး မသင်းသင်းဦးတို့ကို နှစ်ဦးနှစ်ဖက်ပြဿနာများ ဖြေရှင်းရန်အတွက် နံနက်ဖြန် မတ်လ (၈)ရက်နေ့ နံနက် (၉)နာရီ အချိန်တွင် ဌာနချုပ်ရုံးသို့ လာရောက်တွေ့ဆုံရန် ကော်သူးလေအာမီ -KTLA ဗဟိုစစ်ဌာနချုပ်ရုံး က ယမန်နေ့ သတင်းထုတ်ပြန်ထားသည်။

ထိုကိစ္စနှင့်ပတ်သက်၍ KTLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောနယ်ဒါးမြက “ ဗိုလ်စလုံးကိစ္စကတော့ ကျနော်တို့ရှင်းပေးမယ်လေ။ မနက်ဖြန်ရှင်းပေးဖို့ ဗိုလ်စလုံးနဲ့မသင်းသင်းကို ခေါ်ထားတယ်။ သူတို့ Live လွှင့်တာ တစ်ခုခုဆိုရင် ဌာနချုပ်ရုံးကို အရင်ပြောရမှာလေ။ လက်ရှိက ပြဿနာက တော့ရှိအုံးမှာပဲ။ ဌာနချုပ်မှာ ပြဿနာတွေကို ပြန်ရှင်းပေးရမှာပေါ့။ မနက်ဖြန်ရှင်းကြရင်တော့ တစ်ခုခုတော့ ပေါ်လာမှာပဲ။ ဒီလိုင်းပေါ်မှာတင်ပြီး လုပ်နေတဲ့ဟာက နောက်ဆိုရင် သတိထား ရမှာလေ။ အဖွဲ့အစည်းနာမည်လည်းပျက်တာပေါ့”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ဖြစ်ပျက်နေသည့်ကိစ္စနှင့်ပတ်သက်ပြီး ဒုတိယဗိုလ်မှူးကြီး စောစလုံးနှင့် ထောက်ပို့ တပ်ခွဲမှူး မသင်းသင်းဦးတို့သည် မိမိတို့၏ စိတ်ခံစားချက်ဖြင့် Live ထုတ်လွှင့်ပြောဆိုချက်များ အပေါ် အမှန်တရားပေါ်ပေါက်လာစေရန် စစ်ဆေးရေးအဖွဲ့များဖြင့် စုံစမ်းစစ်ဆေးသွားမည် ဟုလည်း KTLA ဗဟိုဌာနချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုဖြစ်စဉ်များအပေါ် ကေအိုင်စီ-ကရင်သတင်းဌာနကဒုဗိုလ်မှူးကြီး စောစလုံးကို ဆက်သွယ်မေး မြန်းရာတွင် ၎င်းအနေဖြင့် နှစ်ဦးနှစ်ဖက်ဖြစ်ပွားနေသည့် ကိစ္စရပ်များကို အားနည်းချက်၊ လိုအပ်ချက်များကို တွေ့ဆုံဆွေးနွေးပြီး အာဏာရှင်များကို အတူတကွပူးပေါင်း တိုက်ထုတ်ရေးကိုသာ စဉ်းစားထားသည်ဟု ယခုလိုပြောသည်။

“ဘာဖြစ်လို့ ဒီလိုဖြစ်သွားလဲ၊ ဘာအားနည်းချက်ရှိလဲ၊ ဘာလိုအပ်ချက်ရှိလဲ။ ကျနော်သူ တို့နဲ့တွေ့ချင်တယ်။ လူကြီးတွေအရှေ့မှာ ပရိသတ်တကမ္ဘာလုံးအရှေ့မှာ အမေးအဖြေတွေ မေးကြမှာ ပေါ့။ ကျနော့်ဘဝထဲမှာ သူတို့ကို ညီအစ်ကိုလိုပဲ ဆက်ဆံတယ်။ ကျနော်တို့ အာဏာရှင်၊ အာဏာရူးကို တိုက်ထုတ်ဖို့ ကျနော်တို့ပူးပေါင်းပြီးတော့ ဆက်သွားဖို့ အဲ့ဒါ ကျနော် စဉ်းစားထားတယ်။ ကိုယ့်အချင်းချင်း ပြန်ယုတ်မာဖို့ ကျနော်ဦးနှောက်ထဲမှာမရှိဘူး”ဟု ကေအိုင်စီ သို့ ပြောသည်။

နံနက် မတ်လ(၈)ရက်နေ့တွင် ကော်သူးလေ ဗဟိုစစ်ဌာနချုပ်ရုံး၌ ပြုလုပ်မည့် နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေးမှုတွင် စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်စောနယ်ဒါးမြမပါရှိပါက လုံခြုံရေးအရ လာရောက်တွေ့ဆုံဖြေရှင်းရန် အစီအစဉ်မရှိဟု ထောက်ပို့တပ်ခွဲမှူး မသင်းသင်းဦးဘက်က ပြော သည်။

၎င်းက “အဖူးနယ်ဒါးမြရှိရင်တော့ သွားမှာပါ။ အဖူးမရှိရင်တော့ ကျမလုံခြုံ ရေးရှိတဲ့အတွက် မသွားဘူး။ အဖူးကျတော့ စိတ်ချရတယ်လေ။ သူ(ဗိုလ်စလုံး)က ဘယ်သူ့ကိုမှ လူမထင်ပဲနဲ့ ပြဿနာ ခဏခဏရှာတတ်တဲ့လူဆိုတော့ ကိုယ့်ကြောင့်နဲ့ ရုန်းရင်းဆန်ခတ်ဖြစ်သွားမှာလေ။ အဖူးနယ် ဒါးမြရှိတယ်ဆိုရင်တော့ သွားမှာပါ။ အဓိကကတော့ ညီမကလေး တွေရဲ့ယုံကြည်မှုပေါ့။”ဟု ဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းတွင် ထောက်ပို့တပ်ခွဲမှူး မသင်းသင်းဦးက ဖေ့ဘွတ်ခ်လူမှုကွန် ယက်စာမျက်နှာပေါ်တွင် တိုက်ရိုက်(Live) ထုတ်လွှင့်၍ ဒုတိယဗိုလ်မှူးကြီး စောစလုံးသည် ပြည်သူများလှူဒါန်းထားသည့် အလှူငွေများကို ဘီယာသောက်ခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF ၏ လက်နက် ၈ လက်ကို ယူဆောင်သွားသည်ဟု ပြောဆိုထားသည့် ရုပ်သံဖိုင်များ ပျံ့နှံ့လာလျက်ရှိသည်။

၎င်းပြောဆိုသည့်အကြောင်းအရာများအပေါ် ဒုတိယဗိုလ်မှူးကြီး စောစလုံးဘက်ကလည်း ဖေ့ဘွတ်လူမှုကွန်ယက်စာနှာပေါ် ပြန်လည်တိုက်ရိုက်ထုတ်လွှင့်ကာ ထောက်ပို့ တပ်ခွဲမှူး မသင်းသင်းဦးသည် ၎င်းတို့အဖွဲ့ထံမှ ခိုးထွက်သွားသူဖြစ်ပြီး ဖုန်းဆက်ရာတွင်လည်း ဖုန်းပိတ်ထားခြင်းများရှိနေသည်ဟု တုန့်ပြန်ပြောဆိုထားသည်ကို တွေ့ရှိရသည်။  

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဧပြီလ(၂၆)ရက်နေ့တွင် ဗိုလ်စလုံးဦးဆောင်သည့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် −DKBA တပ်ဖွဲ့ဝင် ၂၀၀ ကျော်သည် ယခင် ကရင်အမျိုးသား ကာကွယ်ရေး တပ်မတော်−KNDO စစ်ဦးစီးချုပ်ဟောင်း ဗိုလ်မှူးချုပ်စောနယ်ဒါးမြထံ သွားရောက် ပူးပေါင်းခဲ့ သည်။

ထို့နောက် ဗိုလ်ချုပ်စောနယ်ဒါးမြဦးဆောင် ဖွဲ့စည်းလိုက်သော ကော်သူးလေအာမီ -KTLA ၏ အထူးကွန်မန်ဒိုတပ်ရင်း၊ မဟာမိတ်ပူးပေါင်းဆင်ဖြူစစ်ကြောင်းတွင်ဒုတိယ ဗိုလ်မှူးကြီးစော စလုံးကို တပ်ရင်းမှူးအဖြစ် တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

November 29, 2024
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ချောင်းဝရွာကို နိုဝင်ဘာလ(၂၃)ရက်နေ့ နံနက်ပိုင်းက KNU,...
November 28, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်သည့် ကော်သူးလေနယ်မြေများရှိ စစ်ဘေးရှောင်...
photo-SHRF
November 28, 2024
ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ် တာချီလိတ်နှင့် မယ်ဆိုင်မြို့တို့တွင် ယခုနှစ်မိုးရာသီတွင်...
November 27, 2024
ယခုလို တရုတ်ငွေလိမ်လုပ်ငန်းမှ ပြန်လွတ်လာသူ နိုင်ငံခြားသားများမှာ သီရိလင်္ကာနိုင်ငံသား ၃၂ ဦး၊...