ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဒူးပလာယာခရိုင်၊ နို့တကော (ကြာအင်းဆိပ်ကြီး)မြို့နယ်အတွင်း ဝင်ရောက်လာသော CDM (အာဏာဖီဆန်ရေးလှုပ်ရှားမှု)ရဲနှင့် တပ်မတော်သားများကို အမျိုးသားညီ ညွတ်ရေးအစိုးရ (NUG)မှ ပေးပို့လာသည့် ဂုဏ်ပြုလက်မှတ်များအား ယမန်နေ့ မတ်လ ၆ရက်တွင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
CDM ပြုလုပ်သည့် ပြည်သူ့ဘက်တော်သားများကို လေးစားပြီး ၎င်းတို့စားဝတ်နေရေးနှင့် လုံခြုံရေး အတွက် လုပ်ဆောင်ပေးနေသည်ကို ပြည်တွင်းတွင်ကျန်ရှိနေသည့် အာဏာရှင်ဘက်တော်သားများ သိရှိရန် ရည်ရွယ်ကာ အသိမှတ်ပြုဂုဏ်ပြုပွဲပြုလုပ်ပေးခြင်းဖြစ်ကြောင်း ကြာအင်းဆိပ်ကြီးမြို့နယ် (ပအဖ) မဟာမိတ်ဆက်ဆံရေးတာဝန်ခံ ဦးငြိမ်းမင်းက ကေအိုင်စီသို့ ပြောသည်။
၎င်းက“သူတို့ကို လေးစားတယ်။ ဒီလောက်တင်းကြပ်တဲ့ ရိုက်သွင်းထားတဲ့ စိတ်ဓာတ်တွေ ထိုးဖောက်ပြီး အမှန်တရားဘက်ကို ရပ်တည်နိုင်တဲ့စိတ်ဓာတ်ကိုလည်း လေးစားတယ်။ နောက်ပြီး တစ်ချို့က CDM လုပ်ပြီးရင် ဘာလုပ်သွားမလဲ၊ ဘယ်လိုဆက်ဆံနေလဲဆိုတာ ပြောကြတယ်။ သူတို့ကိုယ်တိုင်လည်း သိတယ်။ ကျနော်တို့က CDM လုပ်ပြီးရင် အသက်မွေးဝမ်းရေးအတွက်ကော၊ ဘဝလုံခြုံရေးအတွက်ကော လုပ်ဆောင်ပေးနေတယ်ဆိုတာ အာဏာရှင်ဘက်တော်သားများ သိရှိအောင်ရည်ရွယ်တယ်”ဟု ပြောသည်။
ထို့အပြင် ယခုလို အသိမှတ်ပြုဂုဏ်ပြုပေးခြင်းဖြင့် CDM ဝင်များနှင့် ညီအစ်ကိုထက်ပိုပြီး ရင်းနှီးမှုခံစားရသလို ပြည်သူဘက်မှ ပူပေါင်းလာမည့်သူအများရှိနေကြောင်းလည်း ဦးငြိမ်းမင်းက ဆက်လက်ပြောသည်။
"ကျနော်တို့ ဂုဏ်ပြုပေးတော့ အားလုံးက ဝမ်းသာကြတယ်။ ကျနော်တို့က သူတို့တွေ ညီအစ်ကို မောင်နှမထက်ပိုပြီးလေးစားတယ်လို့ သူတို့ခံစားရတယ်။ ဒီမှာရှိတဲ့လူတွေက အာဏာရှင်ကို ဖြုတ်ဖို့ အားလုံး ဆန္ဒတူတယ်။ သူတို့က အာဏာရှင်ကို အမြစ်ဖြတ်ဖို့ရော၊ သူတို့ရဲ့အင်မတန်တင်းကြပ်တာ ဖောက်ထွက်တဲ့အတွက် ကျနော်တို့ပိုလေးစားတာ သူတို့လည်း ကိုယ့်ကိုယ်ကို ဂုဏ်ယူခဲ့ကြတယ်။ သူတို့တွေက အပြင်ထွက်ရဖို့ခက်ခဲတယ်။ ရှေ့တန်းထွက်ပြီးထွက်ပြေးမယ့်သူလည်း ရှိတယ်။ ကျနော်တို့ကို ဆက်သွယ်ပြီးနောက်လာမယ့် သူတွေအများကြီးရှိတယ်”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
ကေအဲန်ယူ နို့တကော (ကြာအင်းဆိပ်ကြီး)မြို့နယ်တွင် တရားဝင် CDM ပြုလုပ်သည့် ရဲနှင့် တပ်မတော် သားစုစုပေါင်း ၁၅ ဦးရှိသည့်အထဲတွင် တပ်သားအဆင့်မှ ဗိုလ်ကြီးအဆင့်အထိ ပါရှိပြီး စိစစ် နေဆဲစာရင်းလည်းရှိနေသေးကြောင်း တာဝန်ရှိသူများက ပြောသည်။
ကြာအင်းဆိပ်ကြီးမြို့နယ် ပအဖက တာဝန်ယူပေးအပ်သည့် ယမန်နေ့ ဂုဏ်ပြုပွဲအခမ်းအနားသို့ ကြာအင်းဆိပ်ကြီးမြို့နယ်ကိုယ်စားပြု ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်မျိုးဦး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA တပ်ရင်း ၁၇ မှ တာဝန်ရှိသူများနှင့် တော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။