ပအိုဝ်းလူမျိုးများအကြား ပဋိပက္ခဖန်တီး၍ လက်ကိုင်တုတ်အဖြစ် စစ်ကောင်စီ လုပ်ဆောင်နေခြင်းမှ ရုန်းထွက်ရန် PNFC ဥက္ကဌ တိုက်တွန်း

ပအိုဝ်းလူမျိုးများအကြား ပဋိပက္ခဖန်တီး၍ လက်ကိုင်တုတ်အဖြစ် စစ်ကောင်စီ လုပ်ဆောင်နေခြင်းမှ ရုန်းထွက်ရန် PNFC ဥက္ကဌ တိုက်တွန်း

ပအိုဝ်းလူမျိုးအချင်းချင်းကြား ပဋိပက္ခဖန်တီး၍ လက်ကိုင်တုတ်အဖြစ် စစ်ကောင်စီက လုပ်ဆောင်နေခြင်းမှရုန်းထွက်ရန် ယနေ့ မတ်လ ၅ရက်နေ့တွင် ကျင်းပသည့် ၇၄နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အွန်လိုင်းအခမ်းအနားတွင် ပအိုဝ်းအမျိုးသားဖယ်ဒရယ်ကောင်စီ(PNFC) ဥက္ကဌ ခွန်မြင့်ထွန်းက ပအိုဝ်းပြည်သူများသို့ တိုက်တွန်း ပြောကြားလိုက်သည်။

ကိုယ်ပိုင်ထင်ရှားချက်အတိုင်း နေလိုသောဆန္ဒရှိသည့် ပအိုဝ်းအမျိုးသားများသည် ပြည်ထောင်စုအတွင်းရှိ အခြားသောတိုင်းရင်းသားများနှင့် တန်းတူသောလူမျိုးဖြစ်လိုခြင်းကို အခြေခံ ၍ ပအိုဝ်းအမျိုးသားနေ့ကို ကျင်းပကြခြင်းဖြစ်ကြောင်း၊ ယခုအခါ စစ်ကောင်စီသည် ပအိုဝ်းဒေသများတွင် လူသားဒိုင်းအဖြစ် အသုံးပြုခြင်းနှင့် လက်ကိုင်တုတ်ဖြင့်အသုံးပြု၍ ပအိုဝ်းလူ မျိုးအချင်းချင်းကြား ပဋိပက္ခများကို ဖန်တီးနေကြကြောင်း PNFC ဥက္ကဌက ယခုလို ပြောသည်။

ခွန်မြင့်ထွန်းက “စစ်ကောင်စီက ပအိုဝ်းနှင့် အခြားတိုင်းရင်းသားလူမျိုးတွေကြားမှာ ပူးတွဲရန်တိုက်မှုဖြစ်အောင် လုပ်ဆောင်နေကြပါတယ်။ သူတို့ရဲ့အကျိုးစီးပွားအတွက် ပအိုဝ်းပြည်သူ တွေ လက်ကိုင်တုတ်အဖြစ် အသုံးချခံနေရခြင်းကနေ ရှောင်ရှားရုန်းထွက်ကြပါ။ စစ်အာဏာရှင်စနစ် အပြီးတိုင်ဖျက်သိမ်းဖို့ လိုအပ်တဲ့အတွက် ပအိုဝ်းအမျိုးသားတွေအနေနဲ့လည်း ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် တော်လှန်ရေးဆင်နွှဲနေတဲ့ ပြည်သူတွေနဲ့ လက်တွဲတိုက်ပွဲဝင်နေပါတယ်။”ဟု ပြောကြားခဲ့သည်။

ထိုသို့တိုက်ပွဲဝင်ရာတွင် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ၏ ဦးဆောင်မှုအောက်မှ ပအိုဝ်းပြည်သူ့အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(PPDF-KD)နှင့် ပအိုဝ်းအမျိူးသားကာကွယ်ရေးတပ်ဖွဲ့(PNDF-KK)တို့ကိုဖွဲ့စည်းကာ သထုံ၊ ဖားအံ၊ သျှမ်းနှင့် ကရင်နီနယ်စပ်များတွင် တပ်နယ်(၃)နယ်ဖွဲ့စည်း၍ စစ်ရေးဆောင်ရွက်နေခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

မနက် ၁၀နာရီမှ ၁၂နာရီအထိ ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါအခမ်းအနားသို့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလ အပါအဝင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မ တီ(CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ အရပ် ဖက်အဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်းနှင့် နိုင်ငံရေးပါတီကိုယ်စားပြုသူများ စသဖြင့် လူပရိဿတ် (၁၀၀)နီးပါး တက်ရောက်ခဲ့ကြသည်။

NUG ယာယီသမ္မတ ဒူဝါလရှီးလက “ပအိုဝ်းအမျိူးသားရေးယဥ်ကျေးမှုဖြစ်ထွန်းတဲ့ ရေခံမြေခံကို ယခုထက်ပိုမို အားဖြည့်ကြဖို့နဲ့ ပအိုဝ်းလူအဖွဲ့အစည်းရဲ့ယဥ်ကျေးမှုတွေ ခိုင်မာအား ကောင်းလေလေ ပအိုဝ်းအမျိုးသားရေးလက္ခဏာတွေ ခိုင်မာကျစ်လစ်လေလေဖြစ်တာကြောင့် တဖက်မှာလည်း လူမျိုးရဲ့ကျန်းမာရေး၊ပညာရေး အစရှိသည်တို့ကို ကြီးပွားသည်ထက် ကြီးပွားအောင် တိုင်းရင်းသားညီအစ်ကိုများက ဝိုင်းဝန်းပံ့ပိုးကြဖို့ တိုက်တွန်းလိုပါတယ်။”ဟု ပြောဆိုခဲ့သည်။

ပအိုဝ်းအမျိုးသားနေ့ အွန်လိုင်းအခမ်းအနားတွင် ဦးစွာ ပအိုဝ်းအမျိုးသား အလံတော်အား အလေးပြုခြင်း အပါအဝင် ကျဆုံးလေပြီးသော ပအိုဝ်းအာဇာနည်များ၊ နွေဦးတော်လှန်ရေး၊ ဒီမိုကရေစီရေး၊ ဖက်ဒရယ်အရေးတို့တွင် ကျဆုံးသွားခဲ့သည့် အာဇာနည်များကို အလေးပြုခြင်းများ ပြုလုပ်ခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာကြသည့် အစုအဖွဲ့အသီးသီးမှ ကိုယ်စားလှယ်များက အားပေးစကားပြောကြားခြင်း၊ မလေးရှားရောက် ပအိုဝ်းလူငယ်အဖွဲ့က တင်ဆက်ကပြခြင်း၊ ပအိုဝ်းအမျိုးသားနေ့အကြောင်း ရှင်းပြခြင်း၊ PNFC အကြောင်းနှင့် ဆောင်ရွက်ချက်များ ရှင်းပြခြင်း၊ ပအိုဝ်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(PPDF-KD)နှင့် CDM အင်အားစုတို့မှ ပေးပို့လာသော ရုပ်သံသီချင်းများ ဖွင့်လှစ်ခြင်းများဖြင့် ကျင်းပခဲ့ကြသည်။

ယနေ့ကျင်းပသည့် ၇၄နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ကို PNFC အနေဖြင့် ဒုတိယအကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး “ ၇၄နှစ် ပအိုဝ်းအမျိုးသားနေ့မှသည် ဖက်ဒရယ်ဒီမိုကရေစီ ပြည် ထောင်စုဆီသို့ အတူချီတက်ကြပါစို့” ဟူသော အခမ်းအနား၏ ဆောင်ပုဒ်အတိုင်း ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်တစ်ရပ် စုစည်းတည်ဆောက်ရာတွင် တစ်ခုပါဝင်ဖြစ်သော တန်းတူညီ မျှမှုကို တည်ဆောက်ရန် သမိုင်းအဆက်ဆက်အား သင်ခန်းစာယူသည့်အနေဖြင့် လေ့လာရမည်ဖြစ်ကြောင်း အရပ်ဖက်အဖွဲ့အစည်းနှင့် CDM လှုပ်ရှားမှုဆိုင်ရာအဖွဲ့မှ လူငယ်ကိုယ်စား လှယ်ကလည်း ပြောဆိုသည်။

၎င်းလူငယ်ကိုယ်စားလှယ်က “ပအိုဝ်းအမျိုးသားနေ့ ဖြစ်ပေါ်လာပုံသမိုင်းမှာ တောင်းဆိုချက်(၃)ရပ်ကိုဦးတည်ပြီး တောင်းဆိုခဲ့ကြတဲ့ ပအိုဝ်းအမျိူးသားထုကြီးရဲ့ လူထုလှုပ်ရှားမှုက ဂုဏ်ယူစရာဖြစ်ပါတယ်။ အဲဒီတောင်းဆိုချက် (၃)ရပ်က အစောပိုင်းကာလတွေမှာ ပအိုဝ်းအမျိုးသားတွေရဲ့ နိုင်ငံရေးနိုးကြားမှုကို ဖော်ပြနေတာဖြစ်သလို နိုင်ငံရေးအမြင်ကို ဖော်ပြရာ လည်း ရောက်ပါတယ်။”ဟု အခမ်းအနားတွင် ပြောသည်။

ဖဆပလ အစိုးရသည် (၁၉၄၈)ခုနှစ် မတ်လတွင် မြေယာမူဝါဒကို ပြဌာန်းကျင့်သုံးခဲ့ရာမှ ပအိုဝ်းလူမျိုးတို့၏ မြေယာအမြောက်အမြားကို အဓမ္မသိမ်းယူခဲ့ကြသည့်အတွက် ပအိုဝ်းလယ် သမား တစ်သောင်းကျော် တို့သည် သထုံမြို့ရှိ ရေကျော်ဘုန်းကြီးကျောင်းတွင် လူထုအစည်းအဝေး တစ်ရပ်ပြုလုပ်ခဲ့ပြီး ထိုမှတဆင့် သထုံမြို့၊ ဖဆပလ ကော်မရှင်နာရုံးသို့ ချီတက်ကာ ပအိုဝ်းလူမျိုးများအား ‘တောင်သူ’ ဟု ခေါ်ဆို ရေးသားခြင်းမပြုဘဲ ‘ပအိုဝ်း’ဟုသာခေါ်ဆိုရေးသားရန်၊ မြေယာခွဲဝေရေးမူဝါဒကို ပြန်လည် ရုတ်သိမ်းပေးရန်နှင့် ဗမာ့တပ်မတော်တွင် ပအိုဝ်းတပ်ရင်းနှစ်ရင်း ထူထောင်ပေးရန် အချက်(၃)ချက်ကို တောင်းဆို၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

သို့သော် ပအိုဝ်းလူမျိုးအား ပအိုဝ်းဟုသာ ရေးသားခေါ်ဆို၍ နောက်နောင်တွင် တောင်သူဟု ရေးသားခေါ်ဆိုခြင်းမပြုသည့်အဆိုကိုသာ ဖဆပလအစိုးရက သဘောတူ အသိအမှတ်ပြုခဲ့ ပြီး ပအိုဝ်းလူမျိုးတို့ အထွဋ်အမြတ်ထားသည့် သုဝဏ္ဏဘူမိပြည့်ရှင်ဖြစ်သော သူရိစန္ဒာမင်း၏မွေးနေ့ တပေါင်းလပြည့်နေ့ကို ပအိုဝ်းအမျိုးသားနေ့အဖြစ် ၁၉၄၉ခုနှစ်မှစ၍ ပအိုဝ်းတစ်မျိုး သားလုံးက သတ်မှတ်ကျင်းပလာခဲ့ကြရာ ၂၀၂၃ခုနှစ်၊ တပေါင်းလပြည့်နေ့တွင် (၇၄)နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။

November 29, 2024
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ချောင်းဝရွာကို နိုဝင်ဘာလ(၂၃)ရက်နေ့ နံနက်ပိုင်းက KNU,...
November 28, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်သည့် ကော်သူးလေနယ်မြေများရှိ စစ်ဘေးရှောင်...
photo-SHRF
November 28, 2024
ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ် တာချီလိတ်နှင့် မယ်ဆိုင်မြို့တို့တွင် ယခုနှစ်မိုးရာသီတွင်...
November 27, 2024
ယခုလို တရုတ်ငွေလိမ်လုပ်ငန်းမှ ပြန်လွတ်လာသူ နိုင်ငံခြားသားများမှာ သီရိလင်္ကာနိုင်ငံသား ၃၂ ဦး၊...