KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တစ်ဖွဲ့လုံး နုတ်ထွက်ပေးရန် ကရင်လူ့အဖွဲ့အစည်းများ တောင်းဆို

KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တစ်ဖွဲ့လုံး နုတ်ထွက်ပေးရန် ကရင်လူ့အဖွဲ့အစည်းများ တောင်းဆို

ကေအဲန်ယူ-ကရက်အမျိုးသားအစည်းအရုံးအဖွဲ့အစည်းမူများကို ဆန့်ကျင်ပြီး (သို့မဟုတ်)နိုင်ငံတကာ ဥပဒေကိုချိုးဖောက်နေသည့် ကေအဲန်ယူ ထိပ်ပိုင်းခေါင်းဆောင်အချို့ကို အရေးယူဆောင်ရွက်နိုင်ခြင်းမရှိ သည့်အတွက် တာဝန်ခံသည့်အနေဖြင့် ကေအဲန်ယူ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် တစ်ဖွဲ့လုံး နုတ်ထွက်ပေးရန် ကမ္ဘာတစ်ဝှမ်းရှိ ကရင်လူ့အဖွဲ့အစည်းများက အိတ်ဖွင့်စာပို့ပြီး တောင်းဆိုသည်။

ထိုင်း-မြန်မာနယ်စပ်နှင့် ပြည်တွင်းပြည်ပရှိ ကရင်အဖွဲ့အစည်းပေါင်း (၆၈) ဖွဲ့က ယမန်နေ့ ဖေဖော်ဝါရီလ ၂၃ ရက် နေ့စွဲဖြင့်  ကေအဲန်ယူ အထွေထွေအတွင်းရေးမှူးချုပ်အား လိပ်မူ၍ ဗဟိုအမြဲတမ်းကော်မတီနှင့် ဗဟိုအလုပ်အမှု ဆောင်ကော်မတီထံ ပေးပို့သည့် အိတ်ဖွင့်စာပေးစာတွင် ထိုသို့ တောင်းဆိုထားခြင်းဖြစ်သည်။

ကရင်ပြည်နယ်ထဲရှိ လူ့အခွင့်အရေးချိုးဖောက်မှုများစွာရှိကာ တရားမဝင်လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်မြို့သစ်စီမံကိန်းထဲတွင် ကေအဲန်ယူဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တစ်ဦးလည်းဖြစ်၊ ကာကွယ်ရေး ဌာန၏ဌာနမှူးတစ်ဦးလည်းဖြစ်သည့် ပဒိုစောရောဂျာခင် ပါဝင်ပတ်သက်မှုနှင့် ကေအဲန်ယူထိပ်ပိုင်းခေါင်း ဆောင်တချို့ ပါဝင်ပတ်သက်မှုပတ်သက်၍ ကေအဲန်ယူ တာဝန်ရှိခေါင်းဆောင်များမှ အရေးယူဆောင်ရွက်ခြင်း တစ်စုံတစ်ရာမရှိသည်ကို တွေ့ရသည်ဟု ထိုအိတ်ဖွင့်စာထဲတွင် ဖော်ပြထားသည်။

အလားတူ ကေအဲန်ယူမူဝါဒနှင့် ဆန့်ကျင်နေသည့် အခြားခေါင်းဆောင်များရှိသော်လည်း ထိုခေါင်းဆောင်များကို အရေးယူဆောင်ရွက်ခြင်းများမတွေ့ရှိရသလို စစ်ကောင်စီနှင့် ယခုအချိန်အထိ လက်တွဲလုပ်ဆောင်နေသည့် ဗဟိုအမြဲတမ်းကော်မတီ ခေါင်းဆောင်အချို့၏ အပြုအမူသည် ဗဟိုအလုပ်အမှုဆောင်ကော်မတီနှင့် ဗဟိုအမြဲ တမ်းကော်မတီ နှစ်ရပ်လုံး၏ ခေါင်းဆောင်မှုကျဆင်းနေသည်ကို ပြသနေသည်ဟု ကမ္ဘာတစ်ဝှမ်းရှိ ကရင်လူ့အဖွဲ့အစည်းက ပြောဆိုသည်။

“ဒီစီမံကိန်းထဲမှာ ကေအဲန်ယူ ခေါင်းဆောင်ပါဝင်တယ်ဆိုတာဟာ ကျနော်တို့ ကေအဲန်ယူ တော်လှန်ရေးနဲ့ ရှေ့ဆက် သွားနေတဲ့ နိုင်ငံရေးလမ်းစဉ်လမ်းကြောင်းကို ကောင်းဖို့အတွက် လုပ်ဆောင်တာမဟုတ်ဘူး။ နာမည် ပျက်စာရင်းထဲမှာ ကေအဲန်ယူ ခေါင်းဆောင်တစ်ယောက်ပါတယ်ဆိုတာဟာ ကေအဲန်ယူ ဂုဏ်သိက္ခာကိုလည်း ထိခိုက်စေတယ်။”ဟု ထိုအိတ်ဖွင့်ပေးစာ၏ ပြောရေးဆိုခွင့်ရှိသူ စောသူးကဘီးက ကေအိုင်စီသို့ ပြောသည်။

ယခုလို အိတ်ဖွင့်စာပေးပို့ထုတ်ပြန်ခြင်းသည် ကေအဲန်ယူခေါင်းဆောင်အချို့၏ မှားယွင်းမှုလုပ်ဆောင်ချက်များကို ဒီမိုကရေစီနည်းလမ်းကျကျ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန် အမြန်ဆုံးဖြေရှင်းသင့်သည့်အတွက် ထောက်ပြပြောဆိုခြင်းလည်းဖြစ်သည်ဟု စောသူးကဘီးက ဖြည့်စွက်ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့ မောထိုသလေးနယ်မြေတွင် ပြုလုပ်ခဲ့သည့် (တရုတ်မြို့ သစ်စီမံကိန်း/လောင်းကစားနယ်)ဟု လူသိများသည့်စီမံကိန်းဖွင့်ပွဲတွင် ပဒိုစောရောဂျာခင်ကိုယ်တိုင် တက်ရောက်သည်ဟု သတင်းဓာတ်ပုံများထွက်ရှိခဲ့ကြောင်း၊  ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းနှင့်နီးသည့် နောက်ထပ်စီမံကိန်းတစ်ခုဖြစ်သည့် ဟွမ်ယာမြို့သစ်စီမံကိန်းတွင် ပဒိုစောရောဂျာခင်ခွင့်ပြုခဲ့ကြောင်း ထိုင်း သတင်းဌာနတစ်ခုဖြစ်သည့် BPS သတင်းဌာန၏ ဖော်ပြချက်အရသိရပြီး အဆိုပါ စီမံကိန်းနှင့်ပတ်သက်၍ ကေအဲန်ယူ၏ ပါဝင်ပတ်သက်မှုများကို လူထုများကို အသိပေးမှု တစ်စုံတစ်ရာမရှိခဲ့ကြောင်းလည်း ကရင်လူ့အဖွဲ့အစည်းများ၏ အိတ်ဖွင့်စာထဲတွင် ထောက်ပြထားသည်။

အဆိုပါပတ်သက်ဆက်နွယ်မှုများကြောင့် ကရင်တစ်မျိုးသားလုံး၏ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် တော်လှန်ရေးကို ကမ္ဘာမှ အသိအမှတ်ပြုပြီးထောက်ခံမှုရှိစေရန်  ကြိုးစားအားထုတ်သည့် ယခုလိုအချိန်ကောင်းတွင် ကေအဲန်ယူ အဖွဲ့အစည်း တစ်ခုလုံး နာမည်နှင့် ဂုဏ်သိက္ခာကျဆင်းစေကြောင်းလည်း အိတ်ဖွင့်စာတွင် ပြောဆိုထားသည်။

ထို့အပြင် လာမည့် (၁၇)ကြိမ်မြောက် ကေအဲန်ယူရွေးကောက်ပွဲတွင် ကေအဲန်ယူမူကို ဆန့်ကျင်နေသည့် ခေါင်းဆောင်းများ၏ နာမည်စာရင်းများပါရှိနေသည်ကိုလည်းတွေ့ရှိရ၍ ထွက်လာမည့် ရွေးကောက်ပွဲရ လဒ်သည် လည်း ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး ဦးဆောင်မှု ပိုမိုကောင်းမွန် အောင်ပြုပြင်ပြောင်း လဲနိုင်မည်မဟုတ်သည့်အပြင် ခေါင်းဆောင်အသစ်များကိုလည်း မွေးထုတ်နိုင်မည် မဟုတ်ကြောင်း ၎င်းအိတ်ဖွင့်ပေးစာတွင် ဖော်ပြပါရှိသည်။

ထို့ကြောင့် ဗဟိုအလုပ်မှုဆောင်ကော်မတီတစ်ဖွဲ့လုံးသည် တာဝန်ယူမှုတာဝန်ခံမှုရှိသည့် စိတ်ဓာတ်ကိုထားပြီး မိမိသဘောဆန္ဒဖြင့်နုတ်ထွက်ပေးရန်၊ ဗဟိုအလုပ်မှုဆောင်အသစ်ပြန်လည်ရွေးကောက်နိုင်ခြင်းမရှိသည့် ကာလတွင် အများလက်ခံနိုင်ပြီး အရည်အချင်းရှိခေါင်းဆောင်းများပါဝင်သည့် ကြားကာလ စီမံခန့်ခွဲရေး အဖွဲ့ကိုဖွဲ့ စည်းရန်၊ ကေအဲန်ယူ အုပ်ချုပ်ရေး တော်လှန်ရေးနှင့် နိုင်ငံရေးများတွင် အဆိုပါ ကြားကာလစီမံခန့်ခွဲ ရေးအဖွဲ့မှ စီမံခန့်ခွဲပြီး နိုင်ငံတကာမှ သတ်မှတ်ထားသော ဒီမိုကရေစီနစ်အရ ရွေးကောက်ပွဲစံချိန်စံနှုန်းများနှင့် ကိုက်ညီ သည့်ကွန်ဂရက်နှင့် ရွေးကောက်ပွဲတစ်ခုဖြစ်အောင် စီစဉ်ဆောင်ရွက်မည်ဟု ကရင်လူ့အဖွဲ့အစည်းက တောင်းဆိုထားသည်။

ဆက်လက်၍ အမှန်တရားပေါ်ပေါက်ရန်အတွက် တရားမျှတမှု၊ လွတ်လပ်မှုရှိသည့် အဖွဲ့တစ်ခုဖွဲ့ပြီး ဤအမှုအခင်းသည် နယ်စပ်ဖြတ်ကျော်ပြစ်မှုဖြစ်သည့်အတွက် ဤအမှုအခင်းကို ပိုမိုနားလည်သည့် နိုင်ငံ တကာစုံစမ်းစစ်ဆေးရေးအဖွဲမှ ဦးဆောင်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရမည်ဟူ၍လည်း တောင်းဆိုထားသည်။

ယခုအိတ်ဖွင့်ပေးစာနှင့်ပတ်သက်၍ ကေအဲန်ယူ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်နှင့် အဖွဲ့အစည်း၏ ပြောရေးဆိုခွင့်ရှိသူများ၏ သဘောထားကို သိရှိရန် ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် ကြိုးစားဆက်သွယ်နေဆဲဖြစ်သည်။

Most read this week

November 29, 2024
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ချောင်းဝရွာကို နိုဝင်ဘာလ(၂၃)ရက်နေ့ နံနက်ပိုင်းက KNU,...
November 28, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်သည့် ကော်သူးလေနယ်မြေများရှိ စစ်ဘေးရှောင်...
photo-SHRF
November 28, 2024
ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ် တာချီလိတ်နှင့် မယ်ဆိုင်မြို့တို့တွင် ယခုနှစ်မိုးရာသီတွင်...
November 27, 2024
ယခုလို တရုတ်ငွေလိမ်လုပ်ငန်းမှ ပြန်လွတ်လာသူ နိုင်ငံခြားသားများမှာ သီရိလင်္ကာနိုင်ငံသား ၃၂ ဦး၊...