သံတောင်(၁၃)မိုင်တွင် ဒေသခံနေအိမ် ၇ လုံးကို စစ်ကောင်စီတပ် မီးရှို့

သံတောင်(၁၃)မိုင်တွင် ဒေသခံနေအိမ် ၇ လုံးကို စစ်ကောင်စီတပ် မီးရှို့

ကရင်ပြည်နယ်၊ သံတောင်မြို့(၁၃)မိုင်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ နှင့် စစ်ကောင်စီတပ်တို့ ယမန်နေ့ ဖေဖော်ဝါရီလ(၂၁)ရက်နေ့က နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ် ပွားပြီးနောက် စစ်ကောင်စီတပ်က ရပ်ကွက်တွင်းရှိ ဒေသခံပြည်သူများ၏ နေအိမ်(၇) လုံးအား မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။

ယမန်နေ့ နံနက် ၁၀ နာရီတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF နှင့် စစ်ကောင်စီတပ်တို့အကြား ပစ်ခတ်မှုဖြစ်ပွား ခဲ့ရာ စစ်ကောင်စီဘက်မှ မြို့တွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရုံသာမက ရပ်ကွက်(၁) (ယခင်ရပ်ကွက်-၅)ရှိ ဒေသခံနေအိမ် ၇လုံး၊ ဆိုင်ကယ်နှစ်စီးနှင့် မော်တော်ကားတစ်စီးအား မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း ဒေသခံတစ်ဦးက ယခုလို ပြောသည်။

၎င်းက “ မြို့ပေါ်မှာအပြန်အလှန်ပစ်ပြီး သိပ်မကြာဘူး စစ်တပ်ဘက်က လက်နက်ကြီးနဲ့ပြန်ပစ်တယ်။ ရပ်ကွက်(၁)ဘက်က PDF မိသားစုနဲ့ဆွေမျိုး အိမ်တွေဆိုပြီး နေအိမ်(၇)လုံးကို မီးရှို့တယ်။ အဲဒီအိမ်(၇)လုံးထဲက တစ်လုံးက ကေအဲန်ယူအရာရှိ ပဒိုစောဂျော့မိသားစုအိမ်လို့ သိရတယ်။ တခြားအိမ်တွေကိုလည်း တံခါးရိုက်ချိုးဖျက်ဆီးသွားကြတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

ထိုမီးရှို့ဖျက်ဆီးခံရသည့်နေအိမ်များမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ နေအိမ်များမဟုတ်ဘဲ သာမန်ဒေသခံများ၏နေအိမ်များဖြစ်ပြီး ပစ်ခတ်မှုများကြောင့် လက်ရှိ သံတောင်မြို့ထဲတွင် လူနေထိုင်သော အိမ်ခြေ သုံး၊လေးဆယ်ခန့်သာ ရှိတော့ကြောင်း လက်ရှိ မြို့တွင် နေထိုင်သူ ဒေသခံတစ်ဦးက ပြောသည်။

၎င်းက “စစ်ကောင်စီက လှည့်ကင်းသွားတော့ ရပ်ကွက်(၁)ဘက်က အခုမီးရှို့ခံ လိုက်ရတဲ့အိမ်တွေမှာ ပူးပေါင်းတပ်ဖွဲ့တွေရှိတယ်ဆိုတာ သိပြီး ပစ်ကြတာ။ မီးရှို့ခံ ရတာ PDF အိမ်မဟုတ်ဘူး။ ညနေ(၃)နာရီလောက်ကျတော့ မြို့ထဲကတပ်စခန်းကို PDF က လာထပ်ပစ်တော့ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ သူတို့ရှိလောက် မယ့်နေရာမှန်းပြီးပြန်ပစ်တယ်။”ဟု ပြောသည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား ဖြစ်ပွားသည့် တိုက်ပွဲကြောင့် တောတောင်များအတွင်း စစ်ဘေးရှောင်ရင်း ရာသီဥတုဒဏ်နှင့် နဂိုရောဂါအခံကြောင့် ပြီးခဲ့သည့်ရက်ပိုင်းများတွင် စစ်ရှောင်ဒေသခံ ၃ ဦး သေဆုံးခဲ့သေးကြောင်းလည်း ၎င်းဒေသခံက ဆက် ပြောသည်။

“အခုတောင်‌ တောထဲပြေးရင်း၊ လွှားရင်း သုံးယောက်သေသွားတယ်။ ဒီလပိုင်းထဲမှာ ဒေသခံတွေက ဘုရင့်နောင်တပ်နယ်မှူးကိုသွားပြီး မေတ္တာရပ်ခံတော့ PDF တွေကို တားပေးပါတဲ့ ဘယ်သူမှလာမနှောင့်ယှက်ရင် မြို့ထဲကိုကျည်ဆံတစ်တောင့်မှ မကျစေရဘူးဆိုပြီးတော့ ပြောတယ်။” ဟု အဆိုပါဒေသခံက ပြောသည်။

အလားတူ ဖေဖော်ဝါရီလ(၂၁)ရက်နေ့က သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင်းသို့ မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်း ခမရ (၆၀၃)မှ လက်နက်ကြီး၊ လက်နက် ငယ်များ ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ဖေဖော်ဝါရီလ(၁၈)ရက်နေ့တွင်လည်း အဆိုပါ တပ်ရင်းမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် မိုင်းလွန်အောက်ကျေးရွာနှင့် အနီးအနားကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။

November 29, 2024
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ချောင်းဝရွာကို နိုဝင်ဘာလ(၂၃)ရက်နေ့ နံနက်ပိုင်းက KNU,...
November 28, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်သည့် ကော်သူးလေနယ်မြေများရှိ စစ်ဘေးရှောင်...
photo-SHRF
November 28, 2024
ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ် တာချီလိတ်နှင့် မယ်ဆိုင်မြို့တို့တွင် ယခုနှစ်မိုးရာသီတွင်...
November 27, 2024
ယခုလို တရုတ်ငွေလိမ်လုပ်ငန်းမှ ပြန်လွတ်လာသူ နိုင်ငံခြားသားများမှာ သီရိလင်္ကာနိုင်ငံသား ၃၂ ဦး၊...