KTLA နှင့် KNU တပ်မဟာ (၄) အကြား ပဋိပက္ခကို နှစ်ဖက်အဆင့်မြင့်ခေါင်းဆောင်များတွေ့ဆုံပြီး အမြန်ဆုံးဖြေရှင်းရန် တနင်္သာရီ ကရင်လူထုများ ထပ်မံတောင်းဆို

KTLA နှင့် KNU တပ်မဟာ (၄) အကြား ပဋိပက္ခကို နှစ်ဖက်အဆင့်မြင့်ခေါင်းဆောင်များတွေ့ဆုံပြီး အမြန်ဆုံးဖြေရှင်းရန် တနင်္သာရီ ကရင်လူထုများ ထပ်မံတောင်းဆို

ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ (၄) နယ်မြေအတွင်းဖြစ်ပွားနေသည့် ကော်သူးလေ အာမီ (KTLA) နှင့် KNU တပ်မဟာ (၄)တို့အကြား ပဋိပက္ခတင်းမာမှုများကို နှစ်ဖက်အမြင့်ဆုံး ခေါင်းဆောင် များ တွေ့ဆုံ၍ အမြန်ဆုံးဖြေရှင်းသွားရန် တနင်္သာရီတိုင်း ကရင်ပြည်သူလူထုက ယနေ့ ဖေဖော်ဝါရီလ ၂၀ရက်နေ့စွဲဖြင့် ကြေညာချက်ထုတ်ကာ ထပ်မံတောင်းဆိုလိုက်သည်။

ကရင်အမျိုးသားလက်နက်ကိုင် အချင်းချင်းကြား ဖြစ်ပေါ်သော ပဋိပက္ခများအား ဖြေရှင်းရာတွင် လက် နက်ဖြင့် ဖြေရှင်းခြင်းမပြုကြရန် ဖေဖော်ဝါရီလ ၇ ရက်နေ့က တင်္သာရီတိုင်းအတွင်းရှိ ကရင်ပြည် သူလူထုများမှ သဘောထားပေးပို့ ထုတ်ပြန်ခဲ့သော်လည်း လက်ရှိတွင် နှစ်ဖက်ပဋိပက္ခပိုမိုဆိုးရွား လာသည့်အပေါ် ယခုလို ထပ်မံထုတ်ပြန်တောင်းဆိုရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အချက် (၅)ချက်ပါ ထုတ်ပြန်ချက်တွင် KTLA နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဘက်မှ အမြင့်ဆုံးပုဂ္ဂိုလ်များတွေ့ဆုံ၍ တွေ့ဆုံဆွေးနွေးသည့် နည်းလမ်းဖြင့် အမြန်ဆုံးအဖြေရှာကြရန် တိုက်တွန်းထားသည်။

ထို့အတူ လက်ရှိ ပဋိပက္ခများကြောင့် ယခင် KNU တပ်မဟာ (၄) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောမူ လားကို တာဝန်ရပ်စဲထားပြီး KNU ဗဟိုမှ KNU တပ်မဟာ (၄) တပ်မဟာမှူးကို ဗိုလ်မှူးချုပ် စောလေး မူအား ယာယီခန့်အပ်ထားကြောင်းသိရပြီး ယာယီတပ်မဟာမှူးအနေဖြင့် လက်ရှိပဋိပက္ခကို ပြန်လည် စေ့စပ်နိုင်ရန်နှင့် နောင်တွင် ထိပ်တိုက်ရင်ဆိုင်မှုများမဖြစ်ပေါ်စေရန် တာဝန်ယူမှု တာဝန်ခံမှုဖြင့် အလေးထားဆောင်ရွက်ပေးရန်လည်း ဆက်လက် တိုက်တွန်းထားသည်။

လက်ရှိ KTLA နှင့် KNU တပ်မဟာ (၄) အကြား ဖြစ်ပွားနေသည့် ပဋိပက္ခကို ကေအဲန်ယူ(ဗဟို) အနေဖြင့် မည်သည့် ပုံစံဖြေရှင်းနေသည်ကို ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် ဆက်သွယ်မေးမြန်းရာတွင် တရားဝင် ထုတ်ဖော်ပြောဆိုလိုခြင်းမရှိသေးကြောင်းသာ ပြောဆိုသည်။

တင်္သာရီတိုင်း ကရင်လူထုများ၏ ထုတ်ပြန်ချက်တွင် မည်သည့်ကရင့်လက်နက်ကိုင်အဖွဲ့အစည်းများမဆို ရန်လိုသောစိတ်၊ အနိုင်ထက်စီးနင်းလိုသောစိတ်၊ ကရင်အမျိုးသားနှင့် မြန်မာပြည်သူများ၏ ကောင်းကျိုး ကို လျစ်လျှူရှုပြီး မိမိပုဂ္ဂလိက နှင့် သက်ဆိုင်ရာအဖွဲ့အစည်းငယ် အကျိုးစီးပွားအတွက်သာ ကြည့်ရှုသော ခေါင်းဆောင်များကိုလည်း အပြင်အထန် ရှုတ်ချထားသည်။

ကော်သူးလေတပ်မတော်-KTLA ကို ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့-KNDO ၏ စစ်ဦးစီးချုပ် ရာထူး တာဝန်မှ ရပ်စဲခံလိုက်ရသည့် ဗိုလ်မှူးချုပ် စောနယ်ဒါးမြက ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ၎င်းကို ထောက်ခံသည့် KNU တပ်မဟာ (၄) နယ်မြေရှိ  KNDO တပ်ဖွဲ့ဝင်အချို့ လည်း KTLA သို့ ပြောင်းလဲဖွဲ့စည်းခဲ့ပြီးနောက် နှစ်ဖက်တင်းမာမှုများစတင်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် ၎င်းတို့ ထိန်းချုပ်ရာနယ်မြေအသီးသီးတွင် နှစ်ဖက်အချင်းချင်းကြား ပဋိပက္ခများမှာ ပိုမို ကြီးထွားလာကာ လက်နက်ကိုင်ဖြေရှင်းသည့် နည်းလမ်းများပါ ပါဝင်လာပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်သတ်ဖြတ်မှုများ၊ ဖမ်းဆီးမှုများ၊ ခြိမ်းခြောက်ပြောဆိုမှုများ၊ စွပ်စွဲပြောဆိုမှုများဖြင့် ပဋိပက္ခ ဆက်လက်ဖြစ်ပွားနေခြင်းဖြစ်သည်။

Most read this week

November 29, 2024
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ချောင်းဝရွာကို နိုဝင်ဘာလ(၂၃)ရက်နေ့ နံနက်ပိုင်းက KNU,...
November 28, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်သည့် ကော်သူးလေနယ်မြေများရှိ စစ်ဘေးရှောင်...
photo-SHRF
November 28, 2024
ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ် တာချီလိတ်နှင့် မယ်ဆိုင်မြို့တို့တွင် ယခုနှစ်မိုးရာသီတွင်...
November 27, 2024
ယခုလို တရုတ်ငွေလိမ်လုပ်ငန်းမှ ပြန်လွတ်လာသူ နိုင်ငံခြားသားများမှာ သီရိလင်္ကာနိုင်ငံသား ၃၂ ဦး၊...