တိုင်းရင်းသားဒေသရှိ အမျိုးသမီးများ၏အသံနှင့်အခန်းကဏ္ဍ ဖော်ဆောင်ရာတွင် တိုင်းရင်း သားမီဒီယာများက အရေးကြီးကြောင်း နိုင်ငံတကာမြန်မာသတင်း(BNI) ဦးဆောင်၍ ယမန်နေ့ ဖေဖော်ဝါရီလ(၁၅)ရက်နေ့က ပြုလုပ်ခဲ့သော အွန်လိုင်းဆွေးနွေးပွဲတွင် မြန်မာ့အမျိုးသမီးများသမဂ္ဂ(BWU) တွဲဖက်အထွေထွေအတွင်းရေးမှူး မဇူးပဒုမ္မာက ပြောဆိုခဲ့သည်။
“တိုင်းရင်းသားမီဒီယာများနှင့်အမျိုးသမီးများ၏အသံ” ခေါင်းစဥ်ဖြင့် ပြုလုပ်သည့် အဆိုပါ ဆွေးနွေးပွဲတွင် မီဒီယာသည် လူထုအတွင်းသို့ သတင်းစကားများရောက်ရှိစေရန် စွမ်းဆောင်ပေးနိုင်ရုံသာမက၊ မြန်မာပြည် အတွင်းရှိ အတွေးအခေါ်ဆိုင်ရာတိုက်ပွဲတွင် အသုံးပြု၍ရသောလက်နက်တစ်ခုလည်း ဖြစ်ကြောင်း မဇူးပဒုမ္မာက ယခုလို ပြောသည်။
“တိုင်းရင်းသားဒေသမှာရှိတဲ့အမျိုးသမီးတွေရဲ့ ပါဝင်မှု၊ အခန်းကဏ္ဍနဲ့အသံကို ဖော်ဆောင်ပေးတဲ့အတွက် တိုင်းရင်းသားမီဒီယာကဏ္ဍက အရေးကြီးပါတယ်။ အာဏာမသိမ်းခင်နဲ့သိမ်းပြီးနောက် အမျိုးသမီး တွေကိုဖော်ပြတဲ့ပုံစံတွေ ကွာခြားလာတာတွေ့ရတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ မီဒီယာတွေက အမျိုးသမီးတွေရဲ့ခေါင်းဆောင်မှုတွေ၊ အချို့မီဒီယာတွေဆိုရင်လည်း အပတ်စဉ် အမျိုးသမီးကဏ္ဍတွေ ထားရှိတာမျိုးတို့လို သီးသန့်ထုတ်ဖော်လာတာကို ဝမ်းသာကြိုဆိုပါတယ်။” ဟု ၎င်းက ဆွေးနွေးပွဲတွင် ပြောသည်။
သို့သော် သတင်းသမားများအနေဖြင့် အမျိုးသမီးများအကြမ်းဖက်ခံရမှုကို ဖော်ပြရာတွင် အမှုပေါ်လွင်စေရန် ဖော်ပြညွှန်းဆိုသော်လည်း အချို့သော စကားလုံးသုံးနှုန်းသည့်ပုံစံများသည် နစ်နာသူက အပြစ်တင်ခံရသည့် အခြေအနေသို့သက်ရောက်သွားစေခြင်းမှာ ယခင်အာဏာမသိမ်းခင်နှင့် အာဏာသိမ်းပြီးနောက်ပိုင်းတွင် တူညီမှုရှိနေသည့်အတွက် ကျား၊ မရေးရာရှုထောင့်ဖြင့် ရေးသည့်သတင်းများ ပိုမိုအားကောင်းရန် လုပ်ဆောင်သင့်ကြောင်း မဇူးပဒုမ္မာက ဆက်လက်ပြောဆိုသည်။
ထို့အတူ စစ်တပ်အာဏာမသိမ်းခင်က တိုင်းရင်းသားမီဒီယာအများစုတွင် အမျိုးသမီးများသတင်း ထောက် အဖြစ် ဝင်ရောက်လုပ်ကိုင်မှုနည်းပါးပြီး ယခုနောက်ပိုင်းတွင် လုံခြုံရေးအရ အလုပ်ရပ်နားသွားသည့် အမျိုး သား၊ အမျိူးသမီး သတင်းထောက်များစွာရှိလာသောကြောင့် သတင်းတင်ဆက်ရသည့်အပိုင်းတွင် အခက်အ ခဲနှင့်စိန်ခေါ်မှုများစွာရှိကြောင်း၊ ရှေးရိုးစွဲအခြေအနေများအား ကျော်ဖြတ်ရန်နှင့် ပိုမိုအားကောင်း လာစေရန် မီဒီယာအင်အားတစ်ခုတည်းသာမက အခြားသောအရပ်ဖက်အဖွဲ့အစည်းများဖြင့် လက်တွဲလုပ် ဆောင်ရန်လို အပ်ကြောင်း ကေအိုင်စီ-ကရင်သတင်းဌာန၏ အယ်ဒီတာချုပ်နန်းဖော့ဂေက ဆွေးနွေးပွဲတွင် ပြောဆိုခဲ့သည်။
၎င်းက “အမျိုးသမီးအသံပါဝင်မှုပိုတိုးတက်လာဖို့ကတော့ အမျိုးသမီးတွေကချည်း ခံစားနေရတဲ့ အပိုင်းမှမဟုတ်ဘဲ အလွှာအသီးသီးက အမျိုးသမီးတွေရဲ့ ရင်ဆိုင်ကျော်ဖြတ်နိုင်နေနေတဲ့ ရှုထောင့်ကနေ မီဒီယာတွေကလည်း တင်ဆက်ဖို့လိုပါတယ်။ အဲ့လိုဖော်ထုတ်တဲ့နေရာမှာ အမျိုးသမီးချင်းဆိုရင် ရင်ဘတ်ချင်းတူတဲ့အတွက် အမျိုးသမီးသတင်းထောက် ပါဝင်နိုင်မှုက ပိုအားကောင်းလာအောင် တိုက်တွန်းလုပ်ဆောင်သွားရမယ်။” ဟု အကြံပြုဆွေးနွေးခဲ့သည်။
ထို့အပြင် တိုင်းရင်းသားမီဒီယာများရှိ အမျိုးသမီးသတင်းထောက်များတွင် နားလည်မှု၊ စိတ်ပါဝင်စားမှု၊ မီဒီယာလုပ်ငန်းအား လေးစားလိုက်နာမှုအပေါ် မူတည်၍ စိန်ခေါ်မှုရှိပြီး သတင်းဌာနအကြီးပိုင်းတွင် အမျိုးသမီးပါဝင်မှု အင်မတန်နည်းပါးနေကြောင်း၊ မီဒီယာပိုင်းတွင် အမျိုးသမီးဦးဆောင်နိုင်မှု အားကောင်း စေလိုသော်လည်း ဘောင်ကျဉ်းသည့်အတွေးအခေါ်များအား ခံနိုင်ရည်ရှိမှုနှင့် မိမိကိုကိုယ်ယုံကြည်မှု၊ ခေါင်းဆောင်နိုင်မှု၊ အကြံဉာဏ်တီထွင်ကြံဆနိုင်မှု စသည်များ လိုအပ်ကြောင်း နန်းဖော့ဂေက ဆက်လက်ပြောဆိုသည်။
သျှမ်းသံတော်ဆင့်၏ အယ်ဒီတာချုပ် စိုင်းမိဏ်းကလည်း “ကျနော်တို့သတင်းဌာနမှာ ခေါင်းဆောင်ပိုင်း အလုပ်နေရာခေါ်တုန်းက တွေ့ရတာမှာ တချို့အမျိုးသမီးတွေက အရည်အချင်းရှိတယ်၊ သတ္တိနည်းတယ်။ တချို့ကျတော့လုပ်လိုစိတ်ရှိတယ်၊ အရည်အချင်းမရှိဘူးပေါ့နော်။ အမျိုးသမီးအဖွဲ့တွေနဲ့ ပတ်သက် ဆက်နွယ်ဖူးတဲ့သူတွေဆိုရင် လုပ်နိုင်စွမ်းရော၊ အရည်အချင်းရော၊ သတ္တိရောရှိတာမြင်ရတယ်။ ဒါကြောင့် ကျနော့်အနေနဲ့ကတော့ အမျိုးသမီးတွေအနေနဲ့ပိုပြီးထင်ပေါ်ကျော်ကြားပြီး လုပ်နိုင်စွမ်းရှိအောင် ပံ့ပိုးပေး သင့်တယ်လို့ မြင်တယ်။ အမျိုးသမီးတွေအနေနဲ့လည်း လုပ်ချင်စိတ်၊ ကြိုးစားလိုစိတ်၊ အရည်အချင်းရှိရင် ခေါင်းဆောင်မှုပိုကောင်းတဲ့အမျိုးသမီးတွေ ပေါ်ထွက်လာမှာသေချာပါတယ်။” ဟု ဆွေးနွေးပွဲတွင် ပြောဆိုခဲ့သည်။
အဆိုပါ အွန်လိုင်းဆွေးနွေးပွဲတွင် မြန်မာ့အမျိုးသမီးများသမဂ္ဂ(BWU)၊ ကေအိုင်စီ-ကရင်သတင်းဌာနနှင့် သျှမ်းသံတော်ဆင့်သတင်းဌာနမှ အယ်ဒီတာချုပ်စိုင်းမိဏ်းများက တိုင်းရင်းသားမီဒီယာများတွင် အမျိုးသမီးများ၏ပါဝင်မှု၊ အသံ၊ အခန်း ကဏ္ဍ၊ စွမ်းဆောင်မှုနှင့် စိန်ခေါ်မှုအခြေအနေများအား အဓိကထား၍ ဆွေးနွေးခဲ့ကြသည်။