KNU-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ ကော့ကရိတ်မြို့နယ် ဒေါနအရှေ့ ဘက်ခြမ်း တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိုင်း-မြန်မာနယ် စပ်ရှိ ကျေးရွာပေါင်း(၁၃)ရွာမှ ဒေသခံပြည်သူ (၃,၆၀၀)ကျော်သည် ဘေးလွတ်ရာနယ်စပ်နေရာများတွင် ထွက်ပြေးခိုလှုံနေကြရကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၀) ရက်နေ့ညက စစ်ကောင်စီတပ်မှ ပနွဲ့ဖိုးကလိုး ကျေးရွာအတွင်းသို့ ဂျက်တိုက်လေယာဉ်ဖြင့် ဗုံး(၂)လုံးကြဲချခဲ့သလို ဝေါလေစစ်ကောင်စီ ဗျူဟာကုန်းမှလည်း လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံရွာသား (၃,၆၀၀)ကျော်သည် ယခုလို ထွက်ပြေးခိုလှုံ နေကြရခြင်းဖြစ်ကြောင်း နီးစပ်သည့် ဒေသခံတစ်ဦးက ယခုလို ပြောသည်။
“အခုရွာထဲမှာ ဘယ်သူမှမရှိတော့ဘူး။ ထိုင်းဘက်ခြမ်းမှာထွက်ပြေးကုန်ပြီး။ ဘာဖြစ်လဲဆိုတော့ စစ်တပ်က လက်နက်ကြီးပစ်ခတ်တယ်။ ၁၃ ရက်နေ့မှာ ပနွဲ့ဖိုးကလိုးရွာကိုပစ်တဲ့ အချိန်မှာထွက် ပြေးတဲ့ချိန်မှာ ရွာသားတွေ အကုန်ထွက်ပြေးလိုက်ရတယ်”ဟု ယနေ့ ကေအိုင်စီသို့ ပြောသည်။
အဆိုပါ ထိုင်း−မြန်မာနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်နေရသည့် ကျေးရွာ(၁၃)ရွာများမှာ မော်ခီး၊ မော်ဖိုး ကလိုး၊ ကွီးစဲဖိုး၊ ဘလာတို၊ ကော်စဲ၊ ကလော်ဝေါ်၊ ခေါ်ဖိုးခီး၊ ဖောဘူလထာ၊ ထီးသဲလယ်၊ ကနဲခလယ်ခီး၊ ဥကရစ်ခီး၊ ထီးကပလယ်၊ ပနွဲ့ဖိုးကလိုးစသည့် ကျေးရွာများမှ ဒေသခံများဖြစ်ကြပြီး လက်ရှိတွင် အခြေခံ အစားအသောက်နှင့် စောင်များ အရေးပေါ်လိုအပ်နေကြောင်းလည်း ထိုဒေသခံက ဆက်ပြောသည်။
၎င်းအပြင် တိမ်းရှောင်နေကြရသည့် တစ်ချို့ဒေသခံရွာသားများသည် ထိုင်းနယ်စပ်ဘက်ခြမ်းရှိ အသိမိတ်ဆွေများ၏ နေအိမ်များ၊ ကျောက်ဂူများတောင်ယာပြောင်း ခင်းများတွင် နေထိုင်ခိုလှုံနေကြရပြီး အစားအသောက်များလိုအပ်ချက်များရှိနေကြောင်း ကေအဲန်ယူ ကော့ကရိတ်မြို့နယ်အတွင်း ရေးမှူးဖြစ်သူ ပဒိုစောအယ်ကော်သောက ယခုလို ပြောသည်။
“သူတို့က ကပျာကရာ ထွက်ပြေးလာတဲ့အတွက် စားသောက်စရာလိုတယ်။ တစ်ချို့လူ တွေက ထိုင်းက အသိနေ အိမ်မှာရှိတယ်။ ကျောက်ဂူမှာနေတဲ့လူရှိတယ်။ ပြောင်းခင်းထဲမှာ နေကြရတယ်။ ထွက်ပြေး တိမ်းရှောင်တဲ့ အရေအတွက်တိတိကျကျကို စိစစ်နေဆဲပဲ။ အခုသူတို့လိုအပ်တဲ့ဟာကတော့ အခြေခံစား သောက်စရာတွေပေါ့။” ဟု ကေအိုင်စီ သို့ ပြောသည်။
အဆိုပါ ထိုင်းနယ်စပ်တစ်လျှောက်တွင် ထွက်ပြေးခိုလှုံနေရသည့် ဒေသခံပြည်သူများကို ထိုင်း အာဏာပိုင်းများက နေရာတစ်နေရာစာသာ ခိုလှုံခွင့်ပြုထားခြင်းကြောင့် ဒေသခံပြည်သူများအနေဖြင့် နေရာထိုင်ခင်း၊ အစားအသောက် လုံလောက်မှုမရှိဘဲ ခက်ခဲမှုများနှင့် ကြုံတွေ့နေကြရကြောင်းလည်း နီးစပ်သည့် ဒေသခံများက ဆိုသည်။