ညောင်လေးပင်ဘူတာရုံ ဗုံးပေါက်ကွဲမှု PDF များလုပ်ဆောင်သည့်သတင်းမှာ စစ်ကောင်စီ၏ ဝါဒဖြန့်လုပ်ရပ်သာဟု တော်လှန်ရေးအင်အားစုများ တုန့်ပြန်

ညောင်လေးပင်ဘူတာရုံ ဗုံးပေါက်ကွဲမှု PDF များလုပ်ဆောင်သည့်သတင်းမှာ စစ်ကောင်စီ၏ ဝါဒဖြန့်လုပ်ရပ်သာဟု တော်လှန်ရေးအင်အားစုများ တုန့်ပြန်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ မြို့မ(၃)ရပ်ကွက်ရှိ ညောင်လေးပင်ဘူတာရုံတွင် ယမန် နေ့ ဖေဖော်ဝါရီလ(၁၃)ရက်နေ့က ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုဖြစ်စဉ်မှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့-PDF များက လုပ်ဆောင်ခဲ့သည်ဟု ရေးသားကြသည့် သတင်းနှင့်ပတ်သက်၍ စစ်ကောင်စီ၏ ဝါဒဖြန့်လုပ်ရပ်သာဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက တုန့်ပြန်ပြောဆိုသည်။

ဗုံးပေါက်ကွဲမှုကြောင့် တောင်တွင်းကြီးမြို့နယ်မှ ညောင်လေးပင်မြို့သို့ လာရောက်အလုပ်လုပ်ကိုင်သူ အမျိူးသမီး(၂)ဦးနှင့် အမျိူးသား(၁)ဦးသေဆုံးခဲ့ရာ ထိခိုက်ဒဏ်ရာရရှိခဲ့သော ခရီးသွား ပြည်သူ(၉)ဦးအနက် (၄)ဦးမှာ စိုးရိမ်ရသည့်အနေအထားရှိသည်ဟု ဒေသတွင်း သတင်းမီဒီယာများက ရေးသားဖော်ပြကြသည်။

သိုသော် အဆိုပါလုပ်ရပ်အား မည်သည့်အဖွဲ့မှ လုပ်ဆောင်ကြောင်း မသိရှိရသေးဟု ဒေသတွင်း သတင်းမီဒီယာများက ရေးသားဖော်ပြကြသော်လည်း စစ်ကောင်စီ၏ဝါဒဖြန့်မီဒီယာများတွင်မူ PDF များ၏လုပ်ရပ်ဖြစ်သည်ဟု ရေးသားဖော်ပြထားသည်။

အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ Bago Region PDF ၏ ပြန်ကြားရေးတာဝန်ခံက  “စစ်ကောင်စီက တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေကိုရော၊ PDF တွေကိုရော စိတ်ဓာတ် ပိုင်းအရရော၊ အင်အားချင်းအရပါ မယှဥ်နိုင်တဲ့အခြေအနေကိုရောက်နေပါပြီ၊ အဓိကကတော့ လူထုထောက်ခံမှုကို မရနိုင်တဲ့အတွက်ကြောင့် လူထုနဲ့ PDF ကြားထဲမှာ သွေးကွဲအောင် နှောင့်ယှက် လုပ်ဆောင်နေတာပါ။ စစ်ကောင်စီဆိုတာ ခေတ်အဆက်ဆက်ကနေ ဒီနေ့အချိန်ထိ ဒီလိုပုံမှားရိုက်တဲ့ လုပ်ရပ်မျိုးတွေ လုပ်လာတာပါ။ ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ထောင်ချောက်ထဲကနေ ဘယ်လို ရုန်းထွက်ကြမလဲဆိုတာ သတိထားရပါမယ်။ ”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ကေအဲန်ယူ၊ ကေအိုင်အေ အစရှိသော တိုင်းရင်းသားအင်အားစုများသည် တော်လှန်ရေးအတွေ့အကြုံအနေဖြင့် နှစ်ပေါင်းခုနှစ်ဆယ်ကျော်ဖြတ်သန်းလာသော အဖွဲ့အစည်း များဖြစ်ပြီး သမိုင်းတစ်လျှောက် နိုင်ငံတကာမှချမှတ်သော စစ်သည်တော်ကျင့်ဝတ်များအား လိုက်နာလုပ်ဆောင်ခဲ့ကြကြောင်း၊ စစ်ဆင်ရေးဆိုင်ရာကွပ်ကွဲသည့် အဖွဲ့များ၊ PDF များအနေဖြင့် လည်း ထိုနည်း၎င်းအတိုင်း ကွပ်ကဲလုပ်ဆောင်နေကြပြီး အဆိုပါ ဗုံးပေါက်ကွဲမှုမှာ စစ်ကောင်စီက PDF နှင့် ပြည်သူများအကြား ပုံဖျက်လုပ်ဆောင်ခြင်းဖြစ်ကြောင်း အဆိုပါ တာဝန်ခံက ဆက်ပြောသည်။

“သတင်းမီဒီယာတွေအနေနဲ့လည်း အထူးသတိထားပြီးတော့ အခြေအနေမှန်၊ သတင်းအမှန်တွေ၊ တော်လှန်ရေးအင်အားစုတွေရဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာတွေကို ပြည်သူလူထုသိရှိအောင် တိတိကျကျ သတင်းထုတ်ပြန်ပေးခြင်းနဲ့ တော်လှန်ရေးဟာ အားလုံးပါဝင်တဲ့တော်လှန်ရေးအဖြစ် ဆင်နွှဲကြဖို့လိုပါလိမ့်မယ်။” ဟု Bago Region PDF ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

တော်လှန်ရေးအင်အားစုများနှင့်နီးစပ်သည့် နိုင်ငံရေးလေ့လာသူတစ်ဦးကလည်း ယမန်နေ့ဖြစ် စဥ်သည် ပရမ်းပတာနိုင်၍ လက်လွတ်စပယ်လုပ်ဆောင်သည့်လုပ်ရပ်မျိုးဖြစ်ပြီး ပဲခူးတိုင်းအတွင်းရှိ သက်ဆိုင်ရာခရိုင်များအလိုက် ချိတ်ဆက်စုံစမ်းကြည့်ရာတွင် အဆိုပါ မစ်ရှင်နှင့်ပတ်သက်၍ လုံးဝမရှိသည်မှာသေချာကြောင်း၊ ၎င်းလုပ်ရပ်သည် PDF များ၊ တော်လှန်ရေးအင်အားစုများက အများပြည်သူပိုင်နေရာများတွင် ထိခိုက်စေရန် လုပ်ဆောင်သည်ဟူသော စစ်ကောင်စီ၏ဝါဒဖြန့်လုပ်ရပ်သာဖြစ်ကြောင်း ပြောသည်။

၎င်းက “အခုဖြစ်သွားတဲ့ကိစ္စမှာ ကျနော်တို့လက်လှမ်းမှီသလောက်တော့ ဒေသတွင်း PDF ရော၊ UG တွေရော စတဲ့တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့လုပ်ရပ် မဟုတ်ဘူးဆိုတာ အခိုင်အမာသေချာ ပြောလို့ ရပါတယ်။ တော်လှန်ရေးအင်အားစုတွေက အခုလို အများပြည်သူနဲ့ သက်ဆိုင်တဲ့နေ ရာတွေက မစ်ရှင်မျိုးဆိုရင် အထူးကိုရှောင်ကြည်ပါတယ်။ မဖြစ်မနေလုပ်ဆောင်ရမယ်ဆိုရင်လည်း အနည်းဆုံးနဲ့အတတ်နိုင်ဆုံးပြည်သူတွေ အန္တရာယ်ကင်းအောင်လို့ လုပ်ဆောင်ဖြစ်တာတွေရှိတယ်။ အခုဖြစ်သွားတာမှာ ပရမ်းပတာနိုင်ပြီး လက်လွတ်စပယ်လုပ်တယ်ဆိုတာ ပြည်သူတွေအနေနဲ့ရော၊ သတင်းဌာနတွေအနေနဲ့ရော သုံးသပ်လို့ရတယ်။” ဟု ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီဘက်မှ လှုမှုကွန်ယက်ဖေ့ဘွတ်ခ်စာမျက်နှာများ အသုံးပြု၍သော်လည်းကောင်း၊ တယ်လီဂရမ်ချန်နယ်များ အသုံးပြု၍သော်လည်းကောင်း ဝါဒဖြန့်သတင်းများဖြန့်ဝေလာခဲ့ပြီး အဆိုပါသတင်းများအား ထပ်ဆင့်ဖြန့်ဝေသူများစွာရှိလာသည်ဟု ဆိုရှယ်မီဒီယာအသုံးပြုသူများက ပြောသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့်လည်း သတင်းအချက်အလက်များအားချင့်ချိန်သုံးသပ်ပြီးမှ ယုံကြည်ကြရန် စစ်အာဏာရှင်ကို တော်လှန်နေကြသော တော်လှန်ရေးအင်အားစုများနှင့် သတင်းအလက်များကို စိစစ်ရေးသားတင်ဆက်နေကြသည့် သတင်းမီဒီယာများက သတိပေးတိုက်တွန်းမှုများရှိသည်။

Most read this week

November 29, 2024
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ချောင်းဝရွာကို နိုဝင်ဘာလ(၂၃)ရက်နေ့ နံနက်ပိုင်းက KNU,...
November 28, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်သည့် ကော်သူးလေနယ်မြေများရှိ စစ်ဘေးရှောင်...
photo-SHRF
November 28, 2024
ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ် တာချီလိတ်နှင့် မယ်ဆိုင်မြို့တို့တွင် ယခုနှစ်မိုးရာသီတွင်...
November 27, 2024
ယခုလို တရုတ်ငွေလိမ်လုပ်ငန်းမှ ပြန်လွတ်လာသူ နိုင်ငံခြားသားများမှာ သီရိလင်္ကာနိုင်ငံသား ၃၂ ဦး၊...