အဖမ်းဆီးခံ ကရင်လူငယ် စသိန်းဇော်မင်း အကြမ်းဖက် ဥပဒေဖြင့် တရားစွဲဆိုခံရပြီး ရိုက်နှက်စစ်ဆေးခံ ထားရမှုများရှိနေ

အဖမ်းဆီးခံ ကရင်လူငယ် စသိန်းဇော်မင်း အကြမ်းဖက် ဥပဒေဖြင့် တရားစွဲဆိုခံရပြီး ရိုက်နှက်စစ်ဆေးခံ ထားရမှုများရှိနေ

ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်ရှိ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့ဝင် လူငယ်တစ်ဦးဖြစ်သူ စသိန်းဇော်မင်းကို ယမန်နေ့ ဇန်နဝါရီလ ၂၀ရက်နေ့က စစ်ကောင်စီမှ ဖမ်းဆီးခဲ့ပြီးနောက် ယမန်နေ့ ဖေဖော်ဝါရီ လ ၁၃ ရက်နေ့ ရုံးထုတ်စစ်ဆေးရာတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ(၅၀)(၅၂)(က)တို့ဖြင့် တရားစွဲဆိုခံထားရကြောင်း နီးစပ်သူများက ပြောသည်။

ကရင်စာပေနှင့်ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအတွက် ပါဝင်လှုပ်ရှားဆောင်ရွက်နေသူ စသိန်းဇော်မင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပြီးနောက် ယမန်နေ့က အိမ်မဲမြို့မ တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ရာ အကြမ်းဖက်မှု ဥပဒေများဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ရိုက်နှက်စစ်ဆေးခံထားရသည့် ပုံစံဖြစ်နေကြောင်း နီးစပ်သူ တစ်ဦးက ယခုလို ပြောသည်။

၎င်းက “သိန်းဇော်မင်းကို မနေ့က အိမ်မဲမြို့မ တရားရုံးကနေ ရုံးထုတ်ရမန်ယူတယ်။ သူ့ကို စွဲထားတာတော့ (၅၀)(က) နဲ့ (၅၂)(က) အကြမ်းဖက်နဲ့ အကြမ်းဖက်မသင်္ကာဆိုပြီး စွဲထားတယ်။ အခုလက်ရှိ စွဲထားတာပေါ့” ဟု ကေအိုင်စီ သို့ ပြောသည်။

ထို့အပြင် ၎င်းကို ပုသိမ်မြို့ စစ်ကြောရေးတွင် စစ်ဆေးခံခဲ့ရပြီး ရိုက်နှက်စစ်ဆေးခံခဲ့ရခြင်းကြောင့် ၎င်း၏ မျက်လုံး တစ်ဖက်တွင် နီနေပြီး အမြင်အာရုံ ထိခိုက်သွားကြောင်းနှင့် ခြေလက်များလည်း ရိုက်နှက်ခံထားရသည့် ဒဏ်ရာများ ရှိနေကြောင်း အဆိုပါ နီးစပ်သူက ဆက်ပြောသည်။

စသိန်းဇော်မင်းကို ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်နေ့ကလည်း အိမ်မဲ ကရင်စာ/ယဉ် ရုံးတွင် စာ/ယဉ်အရေး ကိစ္စများအတွက် အစည်းအဝေး ပြုလုပ်နေချိန် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဟုတ်မဟုတ် စစ်ဆေး ရန်ဟုဆိုကာ ပထမဦးဆုံးအကြိမ် ဖမ်းဆီးခဲ့သေးသည်။

ထိုသို့ ပထမအကြိမ် ဖမ်းဆီးစစ်ဆေးပြီးနောက် စသိန်းဇော်မင်းကို အာမခံဖြင့် ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ပြန်လည်လွတ်ပေးခဲ့ပြီး ဒုတိယအကြိမ် ထပ်မံဖမ်းဆီးခံရကာ ယခုလို အကြမ်းဖက် ဥပဒေပုဒ်မ များဖြင့် တရားစွဲဆို ခံထားရခြင်းဖြစ်သည်။

စသိန်းဇော်မင်း အဖမ်းခံရခြင်းနှင့်အတူ အိမ်မဲမြို့နယ်၊ ကညင်ကုန်းကြီး ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် ၎င်းဇနီးဖြစ်သူကိုလည်း စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ၎င်းတို့ကိုလည်း အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေများဖြင့် တရားစွဲဆိုထားပြီး မြောင်းမြ အကျဉ်းထောင်ကို ပို့ဆောင်သွားမည်ဖြစ်ကြောင်း ရုံးတက်ရမန်ယူမှုကို ကိုယ်တိုင် တက်ရောက်ခဲ့သူ တစ်ဦးက ယခုလိုပြောသည်။

“အခုက ရုံးတက်ရမန်ယူပြီးရင်တော့ မြောင်းမြထောင်ပို့မယ်လို့တော့ ပြောတယ်။ မနက်ဖြန် ပို့မယ်လို့ ပြောတယ်။ လောလောဆယ်တော့ သူတို့ကိုပုဒ်မ (၅၀)၊ (၅၂) နဲ့ ရမန်ယူထားတယ်။ သိန်းဇော်မင်းပါ ၃ ဦးပေါ့။ သူတို့ ၃ ဦးကို အဲ့ဒီ ပုဒ်မတွေနဲ့ စွဲပြီးတော့ ရမန်ယူတယ်။ ဟု ကေအိုင်စီ သို့ ပြောသည်။

အဖမ်းဆီးခံရသူ ကရင်လူငယ် စသိန်းဇော်မင်းသည် ၎င်းနေထိုင်ရာ အိမ်မဲမြို့နယ်အတွင်း ကရင်စာပေ ယဉ်ကျေး မှု တိုးတက်ပြန့်ပွားရေးအတွက်အပြင် ကရင်လူငယ်များအတွက် အခြေခံကွန်ပျူတာသင်တန်းများ၊ အင်္ဂလိပ်စာ သင်တန်းများကို စာ/ယဉ် နှင့်တွဲဖက်၍ အခမဲ့လိုက်လံ ဖွင့်လှစ်ကူညီသင်ကြားပေးမှုများတွင် ပါဝင်နေသူ တစ်ဦးဖြစ်ပြီး စစ်ကောင်စီဘက်မှ စွပ်စွဲပြောဆိုသလို PDF အဖွဲ့ဝင်မဟုတ်ကြောင်း ၎င်းနှင့် နီးစပ်သည့် လုပ်ဖော်ကိုင်ဖက်များက ဆိုသည်။

အလားတူ စစ်အာဏာသိမ်းမှု မတိုင်ခင် ပြီးခဲ့သည့် ၂၀၂၀ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့တွင် နှစ် ၇၀ မြောက် ကရင်အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့တွင် ဦးဆောင်ပြုလုပ်ခြင်းကြောင့် စသိန်းဇော်မင်း သည် ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ဖူးသေးသည်။

Most read this week

November 29, 2024
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ချောင်းဝရွာကို နိုဝင်ဘာလ(၂၃)ရက်နေ့ နံနက်ပိုင်းက KNU,...
November 28, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်သည့် ကော်သူးလေနယ်မြေများရှိ စစ်ဘေးရှောင်...
photo-SHRF
November 28, 2024
ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ် တာချီလိတ်နှင့် မယ်ဆိုင်မြို့တို့တွင် ယခုနှစ်မိုးရာသီတွင်...
November 27, 2024
ယခုလို တရုတ်ငွေလိမ်လုပ်ငန်းမှ ပြန်လွတ်လာသူ နိုင်ငံခြားသားများမှာ သီရိလင်္ကာနိုင်ငံသား ၃၂ ဦး၊...