စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် သာမဏေတစ်ပါး ထိမှန်သေဆုံးပြီး ဦးဇင်းတစ်ပါး ပြင်းထန်ဒဏ်ရာရ

စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် သာမဏေတစ်ပါး ထိမှန်သေဆုံးပြီး ဦးဇင်းတစ်ပါး ပြင်းထန်ဒဏ်ရာရ

KNU-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်(မွန်ပြည်နယ် ရေးမြို့နယ်) ကနင်ကမော့ရွာ ဘုန်းတော်ကြီးကျောင်းပေါ် စစ်ကောင်စီလက်နက်ကြီး ကျရောက်ပေါက်ကွဲသဖြင့် သာမဏေ(ကိုရင်လေး)တစ်ပါး ကျည်ထိ မှန်သေဆုံးပြီး ဦးဇင်းကြီးတစ်ပါး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ရွာသွားများထံမှ သိရသည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ဝ ရက်နေ့ နံနက်ပိုင်းတွင် အောင်သ ပြေရွာနှင့် လိမ္မော်ခြံကြားအနီးတွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီအမြှောက်တပ်ရင်းမှ ညနေ ပိုင်း ၃ နာရီခန့်တွင် ပစ်ခတ်မှုမရှိသည့် ကနင်ကမော့ရွာဘက်သို့ လက်နက်ကြီးလှမ်းပစ်ခတ်သည့်အတွက် ဘုန်း ကြီးကျောင်းနှင့် လူနေအိမ်များ ထိမှန်ပျက်စီးခဲ့ပြီး ထိုသို့ထိခိုက်သေဆုံးမှုဖြစ်ပေါ်ခြင်းဖြစ်သည်ဟု ရွာသား တစ်ဦးက ပြောသည်။

ကနင်ကမော့ရွာသားတစ်ဦးက “ ရွာသစ်ရွာအနီး အခြေစိုက်ထားတဲ့ အမြှောက်တပ်ရင်း ၃၈၇ ကနေ ကနင်ကမော့ရွာထဲကို လက်နက်ကြီးနဲ့ လှမ်းပစ်တော့ ဘုန်းကြီးကျောင်းဝင်းမှာ ၂ လုံးကျတယ်။ ကိုရင်တစ်ပါးတော့ နေရာမှာပဲ ပွဲချင်းပြီးဆုံးသွားတယ်။ ဦးဇင်းတစ်ပါးကျတော့ လက်ရော၊ ခြေရော ထိတယ်။ အခုမြို့ပေါ်ဆေးရုံမှာခွဲစိတ်ဖို့ ပို့ထားတယ်။ ရွာသား ၂ ဦး လည်း ကျည်ထိမှန်သွားသေးတယ်။ လူနေအိမ်တွေလည်း ပျက်စီးသွားတယ်” ဟု ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။

အောင်သပြေရွာအနီးတွင် ဖြစ်ပွားသည့်တိုက်ပွဲကြောင့် နှစ်ဖက်ထိခိုက်မှုအခြေအနေအား အသေးစိတ်မသိ ရသေးသော်လည်း စစ်ကောင်စီဘက်မှ တိုက်ပွဲဖြစ်ပွားသည့် ကျေးရွာအနီးရှိ နေအိမ်များအား ရှာဖွေမွှေနှောက် ဖျက်ဆီးထားပြီး ရွာသားအချို့ကိုလည်း စစ်ဆေးရိုက်နှက်ဖမ်းဆီးခေါ်ဆောင်ထားသည်ဟု ဖမ်းဆီးခံရသူများနှင့် နီးစပ်သူများထံမှ သိရသည်။

ထို့အတူ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင်လည်း ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်(ကြာအင်းဆိပ်ကြီးမြို့နယ်) ဝင်းရော်ဒေသ လွတ်ရှမ်းရွာရှိ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့များက ပစ်ခတ်သည့်အတွက် သံဖြူဇရပ်မြို့သို့ လုပ်ငန်းသုံးစက်ပစ္စည်းများ ဝယ်ပြီး ပြန်လာသည့် နှစ်အိမ်ရွာသား စောမိုးနေဝင်း၏ ဝမ်းဗိုက်ကို ထိမှန်ခဲ့သည့်အတွက် အရေးပေါ်ဆေးကုသမှုခံယူနေရသည်ဟု နီးစပ်သူများထံမှ သိရသည်။

“ဆိုင်ကယ်နဲ့  ၂ ယောက်ထဲ မြို့ပေါ်စက်ပစ္စည်းသွားဝယ်ပြီးအပြန်မှာ လွတ်ရှမ်းစခန်းရှေ့လမ်းမမှာ ဝါးတွေနဲ့ ပိတ်ထားတော့ သူတို့က တောလမ်းဘက်ကနေ ဖြတ်မောင်းလာတယ်။ ကင်းပုန်းဝပ်ပြီး လှမ်းပစ်တာ အနောက် ကတစ်ယောက် ကျည်ထိမှန်သွားတယ်။ အသက်လုပြီး မောင်းပြေးလာရတယ်။ ညာဘက်ခြမ်း အူမကြီးထိတော့ ပြန်ဆက်ပြီး ကုသမှုခံယူနေရတယ်”ဟု သေနတ်ပစ်ခံရသူနှင့်နီးစပ်သူက ကေအိုင်စီသို့ ပြောသည်။

ဝင်းရေးမြို့နယ်ရှိ သံဖြုဇရပ်- ဘုရားသုံးဆူလမ်းမတစ်လျှောက်ရှိ အနန်းကွင်း၊ တောင်စွန်း၊ လွတ်ရှမ်း၊ ဇီးနှစ်ပင်နှင့် တံခွန်တိုင်ရွာတို့တွင် စစ်ကောင်စီတပ်မှ စခန်းချနေထိုင်လျက်ရှိကာ ခရီးသွားလာသူများအား မကြာခဏ စစ်ဆေးမေးမြန်းလျက်ရှိပြီး ဒေသခံရွာသားအချို့ကိုလည်း ဖမ်းဆီးရိုက်နှက်ခံခဲ့ရသလို သေနတ်ဖြင့် ပစ်ခတ်ခံရသူ လည်း ၅ ဦးနီးပါးရှိသည်ဟု ဒေသခံရွာသားများထံမှ သိရသည်။

KNU ဝင်းရေးမြို့နယ်အုပ်ချုပ်မှုတွင် ပါဝင်သည့် ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် မွန်ပြည်နယ်ရေးမြို့နယ်တို့တွင် မာရှယ်လော စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ်  စစ်ကောင်စီဘက်က ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် နောက်ပိုင်း ကျေးရွာများထဲသို့ လက်နက်ကြီး မကြာခဏလှမ်းပစ်ခတ်လေ့ရှိသလို ၎င်းတို့စခန်းအနီး ဖြတ်သန်းသွားလာသူများကိုလည်း လှမ်းပစ်ခတ်လေ့ရှိသည်ဟု ဒေသခံများက ပြောသည်။

Most read this week

November 29, 2024
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ချောင်းဝရွာကို နိုဝင်ဘာလ(၂၃)ရက်နေ့ နံနက်ပိုင်းက KNU,...
November 28, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်သည့် ကော်သူးလေနယ်မြေများရှိ စစ်ဘေးရှောင်...
photo-SHRF
November 28, 2024
ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ် တာချီလိတ်နှင့် မယ်ဆိုင်မြို့တို့တွင် ယခုနှစ်မိုးရာသီတွင်...
November 27, 2024
ယခုလို တရုတ်ငွေလိမ်လုပ်ငန်းမှ ပြန်လွတ်လာသူ နိုင်ငံခြားသားများမှာ သီရိလင်္ကာနိုင်ငံသား ၃၂ ဦး၊...