အရှေ့တောနယ်ဒေသရှိ စစ်ဘေးရှောင် ပြည်သူများ ရိက္ခာပြတ်လပ်လာနေ

အရှေ့တောနယ်ဒေသရှိ စစ်ဘေးရှောင် ပြည်သူများ ရိက္ခာပြတ်လပ်လာနေ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ် အရှေ့တောနယ်ဒေသတွင် စစ်ကောင်စီက ဆန်သယ်ယူခွင့် ပိတ်ထားမှုအချိန်ကာလ ကြာလာသည်နှင့်အမျှ ဒေသတွင်း စစ်ရှောင်နေကြရသော စစ်ဘေးရှောင်ပြည် သူများမှာ လက်ရှိတွင် ရိက္ခာပြတ်လပ်မှုကြုံတွေ့လာရသည်ဟု ဒေသခံများက ပြောသည်။

ထားဝယ်မြို့နယ် အရှေ့တောနယ်ဒေသတွင် ပြီးခဲ့သည့်နှစ် အောက်တိုလာလ ကုန်ပိုင်းမှစတင်၍ ယခုလ ဖေဖော်ဝါရီလအထိ ဆန်နှင့်ရိက္ခာခြောက် သယ်ဆောင်ခွင့်ကို စစ်ကောင်စီတပ်က ပိတ်ပင် ထားခြင်းဖြစ်ပြီး အချိန်ကာလအားဖြင့် ငါးလကျော် ကြာမြင့်လာခြင်းကြောင့် ၎င်းဒေသတွင်ရှိသော စစ်ဘေးရှောင်ပြည်သူများအနေဖြင့် ရိက္ခာပြတ်လပ်မှု ကြုံတွေ့လာရပြီဟု စစ်ရှောင်ကူညီသူတစ်ဦးက ပြောသည်။

အရှေ့တောနယ်ရှိ စစ်ဘေးရှောင်ကူညီသူက “ အရှေ့တောနယ်မှာက စစ်ဘေးရှောင် အနည်းဆုံး ၇,၀၀၀ ကျော် လောက်ရှိတယ်။ စစ်ဘေးရှောင်က တစ်နေ့ထက်တစ်နေ့တိုးလာတယ်။ အဲ့လိုတိုးလာတဲ့ အတွက် ကြောင့် တစ်ဖက်မှာရိက္ခာလမ်းကြောင်းတွေက ပိတ်ထံထိထားတယ်။ ရိက္ခာကလည်းဖြတ်ထားတာ အဲ့ဒီမတိုင်ခင်ကတော့ ကုန်တင်ကားကြီးဆို ဘယ်နှစ်အိတ်သတ်မှတ်ထား တာပေါ့နော်၊ အခုနောက်ပိုင်း ကျတော့ လုံးဝကိုပေးမသယ်တော့တဲ့အနေအထားကြောင့်မို့။ အခုဆိုရင် ရိက္ခာတွေ ပြတ်လာတဲ့  သဘောမှာရှိတယ်။”ဟုကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ထားဝယ်-ထီးခီးလမ်းပိုင်းတွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်အာဏာသိမ်း စစ်ကောင်စီအကြား ပြီးခဲ့သည့် ဇန်နဝါရီလမှ ယခုလအတွင်း တိုက်ပွဲပေါင်းအကြိမ်နှစ်ဆယ်မက  ဖြစ်ပေါ်နေခြင်းကြောင့် အာဏာသိမ်းစစ်ကောင်စီဘက်မှ မြို့လုံခြုံရေးအတွက်ဟုဆိုကာ ဆန်သယ်ဆောင်ခွင့်ကို တင်းကြပ်စွာ လုပ်ဆောင်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဘက်က ထိုသို့ တင်းကြပ်စွာလုပ်ဆောင်ခြင်းကြောင့် ၎င်းဒေသရှိ နယ်မြေခံ ပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များက သိုလှောင်ထားသော ဆန်များကို ပြည်သူများအတွက် ထောက်ပံ့လိုက်ရကြောင်း Dawei East Forest People’s Defense Force ထားဝယ်-ပကဖပြန်ကြားရေးတာဝန်ခံ ရဲဘော်ရောင်နီ က ပြောသည်။

၎င်းက “အရှေ့တောနယ်က ဝကုန်းကျေးရွာမှာ စစ်ကောင်စီတပ်သားတွေ ရိက္ခာစစ်ကြောင်းဝင်ပြီးတော့ မီးရှို့သွားတဲ့အိမ်တွေကို မီးဘေးသင့်ပြည်သူတွေကို ထောက်ပံ့နေတယ်။ တချို့မီးဘေး သင့်ပြည်သူ တွေဆိုရင် သူတို့ရဲ့ကိုပိုင်ဥယျာဉ်ခြံမှာ သူတို့နေကြရတယ်။ အဲ့ဒီအချိန်အခါမှာ ကျနော်တို့တွေ အနေနဲ့က လည်း တစ်ဖတ်တစ်လမ်းကနေ အထောက်အကူဖြစ်အောင်လို့ ဆန်နဲ့တခြားရိက္ခာတွေကို ထောက်ပံ့ကူညီပေးတာပါခင်ဗျ။”ဟု ကေအိုင်စီသို့ ပြောသည်။

တနင်္သာရီတိုင်းဒေသကြီးတွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း ထားဝယ်မြို့နယ်တွင် နေအိမ် (၁၅) လုံး၊ လောင်းလုံးမြို့နယ်တွင် (၆)လုံးနှင့် ပုလောမြို့နယ်တွင် (၁၂) လုံး စုစုပေါင်း လူနေအိမ် (၃၃)လုံး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း တနင်္သာရီတိုင်းဒေသကြီး အခြေစိုက် သုတေသနအဖွဲ့ Southern Monitor ၏ ဖော်ပြချက်များအရ သိရသည်။

Most read this week

November 29, 2024
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ချောင်းဝရွာကို နိုဝင်ဘာလ(၂၃)ရက်နေ့ နံနက်ပိုင်းက KNU,...
November 28, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်သည့် ကော်သူးလေနယ်မြေများရှိ စစ်ဘေးရှောင်...
photo-SHRF
November 28, 2024
ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ် တာချီလိတ်နှင့် မယ်ဆိုင်မြို့တို့တွင် ယခုနှစ်မိုးရာသီတွင်...
November 27, 2024
ယခုလို တရုတ်ငွေလိမ်လုပ်ငန်းမှ ပြန်လွတ်လာသူ နိုင်ငံခြားသားများမှာ သီရိလင်္ကာနိုင်ငံသား ၃၂ ဦး၊...