နှစ်ဖက်စစ်ရေးတင်းမာလာ၍ တကောင်ဘိုးကျေးရွာရှိ အသွားအလာလမ်းများကို ပိတ်ပင်ထား

နှစ်ဖက်စစ်ရေးတင်းမာလာ၍ တကောင်ဘိုးကျေးရွာရှိ အသွားအလာလမ်းများကို ပိတ်ပင်ထား

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင် တပ်မဟာ(၁)နယ်မြေ ဖားအံမြို့ နယ်တကောင် ဘိုးကျေးရွာတွင် နယ်မြေခံတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား စစ်ရေး တင်းမာလာသောကြောင့် ကျေးရွာအဝင်အထွက်လမ်းများကို ပိတ်ပင်ထားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ဖားအံမြို့နယ်၊ တကောင်ဘိုးကျေးရွာအဝင်နားတွင် စစ်ကောင်စီတပ်များက ယမန်နေ့ ဖေဖော်ဝါရီလ(၇) ရက် ညပိုင်းအချိန်တွင် စစ်ကြောင်းထိုးဝင်ရောက်လာပြီး နယ်မြေခံပူးပေါင်းတပ်များနှင့် စစ်ရေးတင်း မာမှုများရှိနေသောကြောင့် ယနေ့ နံနက်ပိုင်းတွင် ကျေးရွာရှိ ပြည်သူများနှင့် လိုင်းကားပြေးဆွဲသည့် ယာဉ်များကို အခြားမြို့ထဲသို့ အသွားအလာပိတ်ပင်မှုများကို လုပ်ဆောင်လိုက်ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ ကျေးရွာအဝင်အထွက်လမ်းပိတ်ပင်မှုအား မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သည်ကို အတိအကျမသိရှိရသေးကြောင်း  ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“အခုက စစ်ရေးတင်းမာနေတဲ့အခြေနေမှာရှိတယ်ပေါ့နော်။ ဘာမှကိုမဝယ်ရသေးဘူး။ တိုက်ပွဲဖြစ်မှာကို ကြောက်နေတာ။ ဒီမနက်(၇) နာရီက လိုင်းကားတွေထွက်တဲ့အခါကျတော့ ကားပေးမထွက်ဘူး။ KNU ဘက်ကလှည့်ခိုင်းတာလာ ဒီဘက် စကစဘက်က လှည့်ခိုင်းတာလားဆိုတာတော့ မသိသေးဘူး”ဟု ပြော သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူတပ်မဟာ(၁) တာဝန်ရှိသူများကို ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် ဆက်သွယ်မေးမြန်း၍မရသေးသလို စစ်ကောင်စီတပ်ဘက်မှလည်း တစ်စုံတရာထုတ်ပြန်ထားခြင်းမရှိသေးကြောင်း တွေ့ရသည်။

KNU တပ်မဟာ(၁)ထိန်းချုပ်နယ်မြေဖြစ်သည့် တကောင်ဘိုးကျေးရွာအုပ်စု မီးပုံး၊ ညောင်ကုန်းစသည့် ကျေးရွာများတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)တပ်များနှင့် နယ်ခြားစောင့် တပ်(BGF) တပ်ဖွဲ့ များအကြား မကြာခဏ ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားလျက်ရှိကြောင်း ဒေသခံများက ဆိုသည်။

“ဒီဘက်ခြမ်းမှာက အမြဲတိုက်ပွဲဖြစ်တယ်။ သတင်းပဲမတက်လာတာ။ ဘာဖြစ်လို့လဲဆိုတော့ ဒီကလူတွေ က သတင်းမေးလာရင် မဖော်ဘူးလေ။ လေယာဉ်ကတော့ တစ်ခါတလေမနက်ဘက်တွေကြားရတယ်။ ပြောရ မယ်ဆိုရင် ကျမတို့ဘက်မှာဆိုရင် PDF တွေကျတော့ တစ်ခြမ်းပေါ့။ ညောင်ကုန်းဂိတ်မှာဆိုလို့ရှိ ရင်တော့ စကစနဲ့ BGFတွေရှိတယ်။ ကျမတို့က ကြားထဲမှာသွားဖြစ်နေတယ်။ တိုက်ပွဲဖြစ်ရင် ကျမတို့မှာပြေးစရာ နေရာမှမရှိတာ။ ပြေးစရာ ချောင်းပဲရှိတယ်”ဟု ဆိုသည်။

စစ်အာဏာသိမ်းမှုနောက်ပိုင်း KNU တပ်မဟာ (၁)နယ်မြေအတွင်း နယ်မြေခံတော်လှန်ရေး အင်အား စုများနှင့် စစ်ကောင်စီ၊ BGF တို့အကြား တိုက်ပွဲ ပုံမှန် ဖြစ်ပွားလေ့ရှိပြီး လက်ရှိတွင်လည်း နှစ်ဖက်တင်း မာမှု ပိုမိုမြင့်တက်လာကာ စစ်ရေးအရှိန်မြင့်တက်လာနိုင်ကြောင်းလည်း ဒေသတွင်း သတင်းအရင်းအမြစ်များ၏ ပြောဆိုမှုအရ သိရသည်။

Most read this week

November 29, 2024
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ချောင်းဝရွာကို နိုဝင်ဘာလ(၂၃)ရက်နေ့ နံနက်ပိုင်းက KNU,...
November 28, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်သည့် ကော်သူးလေနယ်မြေများရှိ စစ်ဘေးရှောင်...
photo-SHRF
November 28, 2024
ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ် တာချီလိတ်နှင့် မယ်ဆိုင်မြို့တို့တွင် ယခုနှစ်မိုးရာသီတွင်...
November 27, 2024
ယခုလို တရုတ်ငွေလိမ်လုပ်ငန်းမှ ပြန်လွတ်လာသူ နိုင်ငံခြားသားများမှာ သီရိလင်္ကာနိုင်ငံသား ၃၂ ဦး၊...