စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီ(ကယားပြည်နယ်)အတွင်း ဖြစ်ပျက်နေသည့် လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုအခြေအနေများအား ပြုစုထားသည့် အစီရင်ခံစာအား ယမန်နေ့ ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် ကရင်နီအရပ်ဖက်အဖွဲ့အစည်းများက အွန်လိုင်းဖြင့် ထုတ်ပြန်လိုက်သည်။
အဆိုပါအစီရင်ခံစာကို ကရင်နီပြည်နယ်အတွင်း ဖြစ်ပျက်နေသော လူ့အခွင့် အရေးချိုးဖောက်မှုများအား နိုင်ငံတကာသို့ ဖော်ထုတ်တင်ပြ၍ နောင်ကာလများတွင် တရားဥပဒေကြောင်းအရ ဆောင်ရွက်နိုင် မည့်နည်း လမ်းများအား အတူတကွရှာ ဖွေနိုင်ရန်ရည်ရွယ်ကာ ကရင်နီအရပ်ဖက်အဖွဲ့အစည်းလေးဖွဲ့မှ ပူးတွဲပြုစုတင်ပြခြင်းဖြစ်ကြောင်း ယမန်နေ့ အွန်လိုင်းပေါ် အစီရင်ခံစာ ထုတ်ပြန်သည့် အစီအစဉ်တွင် ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) ၏ ဒါရိုက်တာဦးဗညားက ယခုလိုပြောသည်။
“ ကရင်နီသမိုင်းတောက်လျှောက်မှာ အခုလိုစစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့လူ့အခွင့် အရေးချိုး ဖောက်မှုက တကြိမ်တစ်ခါမှမကြုံဖူးတဲ့ အတွေ့အကြုံပါ။ ဒီးမော့ဆိုမြို့နယ်နဲ့ ဖရူဆိုမြို့နယ်ဟာ အခုဆိုရင် စစ်တပ်စခန်းလောက်ပဲကျန်ခဲ့ပြီး ပြည်သူတွေအားလုံးပြေးနေရတာ တစ္ဆေမြို့တွေ လိုဖြစ်သွားပါတယ်။ လွိုင်ကော်မြို့ထဲမှာလည်း မြို့ပေါ်ကလွဲရင် တော်တော်များများက စစ်ဘေးရှောင်အခြေအနေနဲ့ နေထိုင်ရပါတယ်။ ကရင်နီပြည်နယ်တစ်ခုလုံးအတိုင်း အတာအနေနဲ့ ၂၀၂၁ ခုနှစ် မေလကနေ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာထိ ကျနော်တို့ရဲ့ တွေ့ရှိချက်အရ အိမ်ပေါင်း ၁,၁၀၀ ကျော်ပျက်စီးပြီး မီးလောင်ကျွမ်းခဲ့ပါတယ်။” ဟု ဦးဗညားက ပြောသည်။
"အနာဂတ်တွင် ငါတို့ ဘယ်လို ရှင်သန်နိုင်မလဲ။ ကရင်နီပြည်နယ်ရှိ ရက်စက်ကြမ်းကြုတ်မှုများ" ခေါင်းစဉ်ဖြင့် ထုတ်ပြန်သော အဆိုပါ အစီရင်ခံစာတွင် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၂၄)ရက်နေ့က မူဆိုတွင် ဖြစ်ပွားခဲ့သော အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှုဖြစ်စဉ်၊ လွိုင်ကော်မြို့အပြင်ဘက် ရေယိုကျေးရွာတွင် အခြားဒေသခံ ခြောက်ဦးအား စစ်ကောင်စီမှ ဖမ်းဆီးသတ်ဖြတ်ကာ အိမ်သာကျင်း အတွင်းသို့ ထိုးသိပ်ထည့်ထားသည့် ဖြစ်စဥ်များပါဝင်ပြီး အရိုးစုပေါ်၍ မည်သူမည်ဝါမှန်းမသိရသော အမှုပေါင်း(၄၀) နီးပါးနှင့် ဒေသခံများအားဖမ်း ဆီးသတ်ဖြတ်ပြီး နောက် ရေတွင်းများ၊ အိမ်သာကျင်းများတွင် ထိုးသိပ်ထည့်ထားသည့် မီးရှို့သတ်ဖြတ်ပစ်လိုက်သော အမှုပေါင်းမှာလည်း (၂၀) ကျော်ပါရှိကြောင်းလည်း ဦးဗညားက ဆက်ပြောသည်။
ထို့နောက် စစ်ပွဲအတွင်းဖြစ်ပျက်လေ့ရှိသော အမျိုးသမီးများလိင်ပိုင်း အစော်ကားခံရမှု အခြေအနေများနှင့် အမျိုးသမီးများ၊ ကလေးသူငယ်များအနေဖြင့် စစ်ပွဲအတွင်း ကြုံတွေ့ရသောအခြေအနေများအား ကရင်နီအမျိုး သမီးအစည်းအရုံး(KNWO)နှင့် ကယန်းအမျိုးသမီးအစည်းအရုံး(KyWO)မှ တာဝန်ရှိသူများက ယမန်နေ့ အစီရင်ခံစာ မိတ်ဆက်ပွဲတွင်ပြောသည်။
(KNWO)မှတာဝန်ရှိသူတစ်ဦးက “ကရင်နီက စစ်ရေးပဋိပက္ခတွေအတွင်းမှာ အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာက ဆယ်စုနှစ်ပေါင်းများစွာရှိခဲ့ပြီး ကျမတို့တွေ စစ်ကောင်စီက ကျုးလွန်တဲ့လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကိုထောက်ပြလာတာ နှစ်များစွာရှိပါပြီ။ သို့ပေမဲ့ ၂၀၂၁ ခုနှစ်၊ အာဏာသိမ်းပြီးနောက်ပိုင်း ကြုံတွေ့လာရတဲ့ လိင်အကြမ်းဖက်မှုတွေကိုလည်း တိတိကျကျမဖော်ပြနိုင်ခဲ့တာဟာ နံပါတ်(၁)က လုံခြုံရေးကြောင့်ဖြစ်ပါတယ်။” ဟု ၎င်းက ပြောသည်။
ဆက်လက်ပြီး အာဏာသိမ်းမှု ၂နှစ်ပြည့်မြောက်သည့်နောက်တွင် ကရင်နီပြည်နယ်လူဦးရေ ၁၀၀ ရာခိုင်နှုန်း၏ ၄၀ ရာခိုင်နှုန်းခန့်မှာ စစ်ဘေးရှောင်ပြည်သူများဖြစ်လာကြပြီး ၎င်းအစီရင်ခံစာမှာ ၂၀၂၁ ခုနှစ်မှ ၂၀၂၂ခုနှစ် အတွင်း စစ်တမ်းကောက်ယူ၍ ရေးသားပြုစုထားသောကြောင့် နောက်ပိုင်းတွင် စစ်ဘေးရှောင်ဦးရေ ပိုမိုတိုးလာနိုင်သောအနေအထားရှိကြောင်းလည်း ကရင်နီအရပ်ဖက်အဖွဲ့များက ဆိုသည်။
ကရင်နီပြည်နယ်တွင်း စစ်ဘေးရှောင်ပြည်သူများအနေဖြင့် ဖြတ်သန်းလာရသည့်နှစ်များအတွင်း အမြင့်ဆုံး လိုအပ်ချက်နှင့်စိန်ခေါ်မှုသည် စားဝတ်နေရေးဖြစ်ပြီး အဖွဲ့အစည်းများအနေဖြင့်လည်း စစ်ကောင်စီမှ ဖမ်းဆီး သတ်ဖြတ်ခြင်းများ လုပ်ဆောင်နေသောကြောင့် စစ်ဘေးရှောင်ပြည်သူများအား ကူညီနိုင်ရန် အတားအဆီးဖြစ်နေကြောင်း ကယန်းအမျိုးသမီးအစည်း အရုံး(KyWO)က ပြောသည်။
ထိုအစီရင်ခံစာအား ကရင်နီလူ့အခွင့်အရေးအဖွဲ့(KnHRG)၊ ကရင်နီအမျိုးသမီးအစည်းအရုံး(KNWO)၊ ကယန်းအမျိုးသမီးအစည်းအရုံး(KyWO)၊ Kayah State Peace Monitoring Network(KSPMN) တို့မှ မြေပြင်အခြေအနေများအား လေ့လာကာပူးတွဲပြုစု၍ နည်းပညာပိုင်းနှင့် ငွေရေးကြေးရေးပိုင်းတွင် US Campaign for Burma မှကူညီဆောင်ရွက်ပေးသည်ဟု သိရသည်။
၎င်းအစီရင်ခံစာအား အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီတွင် ယမန်နေ့ညပိုင်းက ထပ်မံတင်ပြဆွေးနွေးခဲ့သေးကြောင်း KnHRG ၏ ဒါရိုက်တာ ဦးဗညားက ပြောသည်။