ရခိုင်ပြည် လူ့အရင်းအမြစ်နှင့် မသန်စွမ်းအရေး

ရခိုင်ပြည် လူ့အရင်းအမြစ်နှင့် မသန်စွမ်းအရေး

မြန်မာနိုင်ငံတွင် ၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်းအရ လူဦးရေ(၅၁)သန်းကျော်ရှိပြီး မသန်စွမ်းဦးရေမှာ ၆ သန်းခန့်ရှိကြောင်း သိရသည်။ ယင်းမှာ တနိုင်ငံလုံးအတိုင်းအတာဖြင့် လူဦးရေ (၁၂)ရာခိုင်နှုန်း ရှိနေခြင်းဖြစ်ကြောင်း ယင်းသန်းခေါင်စာရင်းမှ ဖော်ပြနေသည်။

ထိုအထဲတွင် လူဦးရေ ၃ သန်းကျော်ခန့်သာရှိသည့် ရခိုင်ပြည်အတွင်းတွင် မသန်စွမ်းဦးရေမှာ ၅ သိန်းကျော်ရှိနေပြီး တိုင်းနှင့်ပြည်နယ်များထဲတွင် မသန်စွမ်းသူဦးရေ အများဆုံးဖြစ်နေသည်ကို တွေ့ရသည်။

ရခိုင်ပြည်အတွင်း ရာခိုင်နှုန်းအလိုက် တွက်ကြည့်မည်ဆိုပါက မသန်စွမ်းဦးရေမှာ ၁၇ ရာခိုင်နှုန်းအထိ ရှိနေခြင်းလည်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းတွင် ရခိုင်ပြည်အတွင်း မသန်စွမ်းဦးရေ ၃ သိန်းကျော်သာ ရှိခဲ့ရာကနေ ၂၀၁၉ ကြားဖြတ် သန်းခေါင်းစာရင်းတွင် ၅ သိန်းကျော်အထိ မြင့်တက်ခဲ့ခြင်းဖြစ်ပြီး ၄ နှစ်အတွင်း မသန်စွမ်းဦးရေ ၂ သိန်းခန့် တိုးလာနေခြင်းလည်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ဒုတိယအဆင်းရဲဆုံး ပြည်တစ်ခုဖြစ်သည့် ရခိုင်ပြည်သည် ယနေ့တိုင် ဖွံ့ဖြိုးမှု နောက်ကျနေဆဲဖြစ်ပြီး အလုပ်အကိုင်ရှားပါးမှုတို့ကြောင့် ပြည်ပထွက်ခွာသူများလာနေကာ လူသားအရင်းအမြစ်များ ဆုံးရှုံးနေရသည်။

ယင်းအထဲ စစ်ရေးပဋိပက္ခဒဏ်ကို ရင်ဆိုင်ခဲ့ရသည့် ရခိုင်ပြည်တွင် မသန်စွမ်းဦးရေးတိုးလာခဲ့ကာ မသန်စွမ်းသူများအတွက် ရပ်တည်ရေးမှာ ပိုမိုအခက်တွေ့နေရသည်ဟု ရခိုင်ပြည်နယ် မသန်စွမ်းသူများအသင်း အထွေထွေအတွင်းရေမှူး မထွေးမေကပြောသည်။

“တိုက်ပွဲတွေဖြစ်တဲ့ နေရာမှာဆို သာမာန်လူတွေတောင် ကြီးမားတဲ့ အခက်အခဲတွေကို ရင်ဆိုင်ရတာ။ မသန်စွမ်းသူတွေအဖို့ဆိုရင် ပိုပြီးဆင်းရဲဒုက္ခ ဖြစ်ရတာပေါ့။ ရခိုင်လို ဆင်းရဲတဲ့နေရာက မသန်စွမ်းတွေနဲ့ အခြားဖွံ့ဖြိုးတဲ့နေရာက မသန်စွမ်းသူတွေဟာ အခြေအနေတွေ ကွာခြားတာတွေ ရှိတာပေါ့။ စစ်ပွဲနဲ့ ကိုဗစ်ကာလတုန်းကဆိုရင် ထမင်းနပ်မမှန်တဲ့ မသန်စွမ်းတွေ အများကြီးရှိခဲ့ပါတယ်”ဟု မထွေးမေကပြောသည်။

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ၎င်းနိုင်ငံရှိ လူသားအရင်းအမြစ် စွမ်းအားသည် အဓိက ပါဝင်လျက်ရှိကြောင်း ပြောဆိုကြသည်။ လူ့အရင်းအမြစ်သည် ရွှေ၊ ငွေ၊ ရတနာ စသည့်သယံဇာတ အရင်းအမြစ်များထက် တန်ဖိုးကြီးမားကြောင်း ယခုခေတ်တွင် ပို၍ထင်ရှားလျက်ရှိသည်။

ထို့ကြောင့် ကမ္ဘာ့နိုင်ငံများမှ ထူးချွန်ခေါင်းဆောင်များသည် ယင်းတို့နိုင်ငံ၏ သယံဇာတများကို ထုတ်လုပ်၍ တိုင်းပြည်တည်ဆောက်ခြင်းထက် လူ့အရင်းအမြစ်ဖြင့် ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထား၍ တည်ဆောက်နေကြသည်ကို တွေ့မြင်နေရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မသန်စွမ်းသူများ၏ အခန်းကဏ္ဍကိုပါ ထည့်သွင်းစဥ်းစားလာခဲ့ကြပြီး လူ့အရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် မသန်စွမ်းတို့၏ စွမ်းဆောင်ရည်ကဏ္ဍကို အထူးအားပေးထောက်ပံ့မှုများ ပြုလုပ်လာကြသည်။

မသန်စွမ်းသူများသည်လည်း ၎င်းတို့၏ စွမ်းဆောင်ရည်များဖြင့် နိုင်ငံ့ဖွံ့ဖြိုးရေးကဏ္ဍများတွင် တဖက်တလမ်းက ပါဝင်ဆောင်ရွက်လာနေကြသည်ကိုလည်း ကမ္ဘာ့နိုင်ငံကြီးများတွင် တွေ့မြင်ရမည်ဖြစ်သည်။

မသန်စွမ်းသူများအရေးနှင့်ပတ်သက်၍ ကမ္ဘာ့နိုင်ငံအများစုတွင် အစိုးရ၏ ဦးဆောင်မှုအပြင် အခြားသော အရပ်ဘက်အဖွဲ့အစည်းများ၏ ပံ့ပိုးကူညီမှုများကိုကြည့်ရာတွင် မြန်မာထက် များစွာထိရောက်မှုရှိကြောင်းကို တွေ့မြင်ရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင်မူ အစိုးရထံကဖြစ်စေ၊ အရပ်ဘက်အဖွဲ့အစည်းများထံမှဖြစ်စေ ၇၈ ရာခိုင်နှုန်းသော မသန်စွမ်းသူများမှာ မည်သည့်ကူညီထောက်ပံ့မှုမျှ ရရှိခြင်းမရှိကြောင်း ၂၀၁၉ ကြားဖြတ် သန်းခေါင်စာရင်းတွင် ဖော်ပြထားသည်။

ယင်းအထဲကမှ ရခိုင်ပြည်ရှိ မသန်စွမ်းများသည် မိမိစွမ်းဆောင်ရည်မြှင့်တင်ရေးကို အသာထား၍ အများစုသော မသန်စွမ်းသူများမှာ နေ့စဉ်စားဝတ်နေရေးအတွက်ကိုပင် ခက်ခဲကြမ်းတမ်းစွာ ဖြတ်သန်းနေကြရသည်။

ထိုအခြေအနေများနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ၏ အစိုးရကိုယ်တိုင်သည်ပင် ထောက်ပံ့ကူညီမှု အားနည်းနေပြီး တာဝန်ယူမှု ကင်းမဲ့နေကြောင်း ရခိုင်ပြည် မသန်စွမ်းသူများအသင်း အထွေထွေအတွင်းရေမှူး မထွေးမေက ပြောသည်။

“အခုလက်ရှိ အစိုးရကဖွင့်ထားတဲ့ ကျောင်းတွေမှာတောင် မသန်စွမ်းသူကိုဆိုရင် ကျောင်းအပ်လို့ မရတာတွေရှိတယ်။ မသန်စွမ်းဆိုပေမယ့် သင်ယူ၊ မှတ်သားနိုင်စွမ်းရှိတဲ့ သူတွေရှိတယ်။ ဒါပေမယ့် ဒါကို သူတို့က လက်မခံတော့ မသန်စွမ်းတွေရဲ့ စွမ်းဆောင်ရည်တွေ ကျဆင်းရတာဖြစ်သလို လူအရင်းအမြစ်တွေ ဆုံးရှုံးနေရတယ်”ဟု မထွေးမေကပြောသည်။

မသန်စွမ်းသူများနှင့်ပတ်သက်၍ ခွဲခြားဆက်ဆံခံရမှုများ ပပျောက်ရေးနှင့် မသန်စွမ်းသူများ၏ စွမ်းဆောင်ရည်များကို အသိအမှတ်ပြု ထောက်ပံ့နိုင်ရေးတို့အတွက် ၁၉၈၂ ခုနှစ်တွင် ကုလသမဂ္ဂအဖွဲ့က မသန်စွမ်းများအခွင့်အရေးကို စတင်ဥပဒေပြုခဲ့ကြသည်။

ယင်းနောက် ၁၉၉၂ ခုနှစ် အောက်တိုဘာလတွင် ပြုလုပ်သည့် ၄၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်အရ ဒီဇင်ဘာလ ၃ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အဖြစ် စတင်သတ်မှတ် ခဲ့ကြသည်။

နောက်ထပ်တစ်ဖန် မသန်စွမ်းများအခွင့်အရေးကို ခေတ်နှင့်အညီ ပြုပြင်ပြောင်းလဲရန်အတွက် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်ကို ပြန်ပြင်ချုပ်ဆိုခဲ့သည်။ ယင်းပြောင်းလဲပြင်ဆင်ချက်ကိုလည်း ကမ္ဘာနိုင်ငံအသီးသီးက လက်မှတ်ရေးထိုးခဲ့ကြပြန်သည်။

ထိုသို့ ကုလသမဂ္ဂက စတင်ဥပဒေပြုခဲ့သည့် ၁၉၈၂ ခုနှစ်မှစ၍ ကမ္ဘာ့နိုင်ငံတချို့သည် မသန်စွမ်းသူများအရေးနှင့် ပတ်သက်၍ တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့ကြသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ ထို့အပြင် မသန်စွမ်းသူများ၏ ဘဝဖြတ်သန်းရေးအတွက် မျှော်လင့်ချက်ရောင်ခြည်များ တောက်ပလာခဲ့ကြသလို မသန်စွမ်း အခွင့်အရေးများလည်း ပိုမိုဖွံ့ဖြိုးလာခဲ့ကြသည်။

မြန်မာနိုင်ငံသည် ၁၉၉၄ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို စတင်ကျင်းပခဲ့ကြောင်းသိရပြီး ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင်မှ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗေးရှင်း၏ အဖွဲ့ဝင်နိုင်ငံအဖြစ် စတင်လက်မှတ်ရေးထိုးခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံတွင် မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာဥပဒေကို ၂၀၁၅ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ပြဌာန်းလိုက်ပြီး ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် နည်းဥပဒေကို ထုတ်ပြန်ခဲ့သည်။

အဆိုပါ နည်းဥပဒေထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ မသန်စွမ်းသူများအဖွဲ့ကို အစိုးရမှ ဦးဆောင်ဖွဲ့စည်းခဲ့ပြီး ရခိုင်တွင်လည်း ပြည်နယ်အစိုးရဦးဆောင်မှုဖြင့် ရခိုင်ပြည်နယ် မသန်စွမ်းသူများအသင်းကို ၂၀၁၉ ခုနှစ် NLD အစိုးရလက်ထက်တွင် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

သို့သော်လည်း မသန်စွမ်းအခွင့်အရေးအတွက် လက်မှတ်ရေးထိုးခဲ့သည့် မြန်မာအစိုးရသည် မသန်စွမ်းများ၏ အခွင့်အရေးများကို အားပေးကူညီမှု အားနည်းနေဆဲဖြစ်ကြောင်း မသန်စွမ်းအရေး ကူညီဆောင်ရွက်နေသူများက ပြောဆိုကြသည်။

ထို့သို့ အစိုးရ၏ ဥပေက္ခာပြုထားမှုကြောင့် ရခိုင်ပြည်တွင်းရှိ မသန်စွမ်းများမှာ ကြီးမားသည့်အခက်အခဲများကို တွေ့ကြုံနေကြရခြင်းဖြစ်ပြီး အစိုးရကိုယ်တိုင်ဖွဲ့စည်းခဲ့သည့် မသန်စွမ်းအသင်းအဖွဲ့သည်လည်း ဟန်ပြအနေအထားသာ ကျန်ရှိတော့ကြောင်း ရခိုင်ပြည်နယ် မသန်စွမ်းသူများအသင်း တွဲဖက်အတွင်းရေးမှူး ဦးဇော်မင်းသန်းက ပြောသည်။

“NLD အစိုးရလက်ထက်မှာတော့ မသန်စွမ်းတွေအတွက်ဆိုပြီး သီးသန့်ရံပုံငွေနဲ့ သီးသန့်အစီအစဥ်တွေ ချမှတ်ခဲ့တာတချို့ ရှိခဲ့တယ်။ ဒါပေမဲ့ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ဥပဒေဆိုတာလည်း သဲထဲရေသွန်သလိုဖြစ်သွားပြီး စစ်အစိုးရက ဘာကူညီထောက်ပံ့မှုမှ မလုပ်နိုင်ခဲ့သလို ပြည်နယ်စစ်ကောင်စီအနေနဲ့လည်း အရေးတယူ ဆောင်ရွက်ပေးခဲ့တာမျိုး လုံးဝမရှိခဲ့ဘူးလို့ ပြောလို့ရတယ်”ဟု ဦးဇော်မင်းသန်းက ပြောသည်။

လက်ရှိ ရခိုင်တွင် မသန်စွမ်းသူများအရေးနှင့်ပတ်သက်၍ ကူညီဆောင်ရွက်နေသည့် INGO နှင့် NGO များအပြင် CSO အဖွဲ့အစည်း ၁၀ ခန့်ရှိကြောင်း မသန်စွမ်းအရေး ဆောင်ရွက်နေသူများက ပြောသည်။

သို့သော်လည်း ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှု အားနည်းခြင်း၊ နိုင်ငံတော်၏မူဝါဒ အားနည်းမှုနှင့် နယ်မြေလုံခြုံမှု မရှိခြင်းတို့ကြောင့် မသန်စွမ်းများကို ကူညီပံ့ပိုးရာတွင် အခက်အခဲပေါင်း များစွာရှိနေသေးကြောင်း သိရသည်။

ထို့အပြင် INGO၊ NGO ၊ CSO စသည့် အဖွဲ့အစည်းများသည်လည်း နယ်စွန်နယ်ဖျားများတွင် ရှိနေသည့် မသန်စွမ်းများနှင့် အဆက်အသွယ်ပြုလုပ်ရန်ပင် အခက်အခဲများ ရှိနေသေးကြောင်း မသန်စွမ်းများအရေး ဆောင်ရွက်နေသည့် CERA အဖွဲ့၏ ကွင်းဆင်းမန်နေဂျာ ဦးရဲကျော်ကျော်က ပြောသည်။

“အခက်အခဲ အတားအဆီးတွေကတော့ အများကြီးရှိပါတယ်၊ ရုပ်ပိုင်းမှာရော၊ စိတ်ပိုင်းမှာရောပေါ့။ သူတို့ ကိုယ်တိုင်းက အားငယ်နေတာတွေ၊ပတ်ဝန်းကျင်ရဲ့ ပံ့ပိုးမှု အားနည်းတာတွေကြောင့်လည်း မလွယ်ကူတဲ့ အပိုင်းတွေ ရှိပါတယ်။ ကျနော်တို့အနေနဲ့ အသိပညာပေးတာတွေ၊ သွားရေး၊လာရေးအတွက် အထောက်အကူပြု ပစ္စည်းတွေပေးတာတွေ ဒါတွေကိုတော့ လုပ်ပေးတာတွေရှိပါတယ်”ဟု ဦးရဲကျော်ကျော်က ပြောသည်။

မသန်စွမ်းသူများတွင် မွေးရာပါ မသန်စွမ်းသူ၊ ပိုလီယို ရောဂါပိုးကြောင့် မသန်စွမ်းသူနှင့် အက်ဆီးဒင့် သို့မဟုတ် အခြားဖြစ်ရပ်များဖြစ်ကြောင်း မသန်စွမ်းသူဟု သတ်မှတ်ထားကြသည်။

ထို့အပြင် မသန်စွမ်းများကို အကြားဆုံးရှုံးသူ၊ အမြင်ဆုံးရှုံးသူ၊ ခြေ၊လက်အင်္ဂါ ဆုံးရှုံးသူ၊ ဉာဏ်ရည်အားနည်းသူ၊ မိမိကိုယ်ကို စောင့်ရှောက်မှု မပြုနိုင်သူနှင့် အခြားသူများကို လုံးဝ ဆက်သွယ်မှုမပြုနိုင်သူဟူ၍ ၆ မျိုး သတ်မှတ်ထားကြောင်း သိရသည်။

မည်သည့်ကြောင့်ပင် မသန်စွမ်းဖြစ်စေကာမူ မသန်စွမ်းအခွင့်အရေးနှင့် လူ့အခွင့်အရေးတို့ကို အပြည့်အဝ ခံစားခွင့်ရှိကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကြေညာစာတမ်းနှင့် မသန်စွမ်းများအခွင့်အရေး ကြေညာစာတမ်းတို့တွင် ပြဌာန်းထားသည်။

သို့သော်လည်း လူ့အခွင့်အရေးမျှပင် အပြည့်အဝမရှိသည့် မြန်မာနိုင်ငံတွင် မသန်စွမ်းများ၏ အခွင့်အရေး ဆိုသည်မှာ အိပ်မက်အဆင့်သာရှိနေပြီး ရခိုင်ပြည်၏ မသန်စွမ်းအရေးနှင့် ရှေ့အနာဂါတ်သည်လည်း ရွှေပြည်တော် မျှော်တိုင်းဝေးဆိုသည့် စကားအတိုင်းသာ ဖြစ်နေပါလိမ့်ဦးမည်။

လက်ရှိမြန်မာနိုင်ငံအတွင်း မန္တလေး၊ နေပြည်တော်၊ ရန်ကုန် စသည့် မြို့ကြီးများတွင် အစိုးရနှင့် အခြားသော လူမှုအဖွဲ့အစည်းများမှ မသန်စွမ်းများအတွက် သက်မွေးဝမ်းကျောင်းသင်တန်းများကို တည်ဆောက်ပေးထားကြောင်း သိရသည်။

သို့သော်လည်း မသန်စွမ်းသူဦးရေ အများဆုံးထဲတွင် ပါဝင်နေသည့် ရခိုင်ပြည်တွင်လည်း ထိုသို့ သက်မွေးဝမ်းကျောင်းသင်တန်းများ  တည်ဆောက်ပေးမှု မရှိသေးပေ။ ထိုသို့ သက်မွေးဝမ်းကျောင်းများ တက်ရောက်ရန် မသန်စွမ်းသူများအတွက် ရေးတတ်၊ ဖတ်တတ်မည့် အခြေခံပညာရေး သင်ရိုးများကိုလည်း သင်ကြားပေးရန် လိုအပ်နေဆဲဖြစ်သည်။

တချို့သော သက်မွေးဝမ်းကျာင်းများအတွက် အရေး၊အဖတ်လောက် တတ်မြောက်ထားမှသာလျှင် အဆင်ပြေမည် ဖြစ်သောကြောင့် အခြေခံပညာရေးစနစ်ကို မဖြစ်မနေတက်မြောက်ရန် အစိုးရက ဦးစီးဆောင်ရွက်သင့်ကြောင်း ရခိုင်ပြည်နယ် မသန်စွမ်းသူများအသင်း ဥက္ကဌ ဦးလှမြင့်က ပြောသည်။

“ရန်ကုန်မြို့နဲ့ အခြားမြို့ကြီးတွေမှာတော့ သက်မွေးဝမ်းကျောင်းတွေရှိပေမယ့်၊ ရခိုင်မှာတော့ မရှိသေးဘူး။ လူမှုရေး အဖွဲ့အစည်းတွေက တစ်ခါတစ်လေ လာသင်ပေးတာတွေလောက်ပဲ ရှိတယ်။ ဒါပေမယ့် စက်ချုပ်ပညာတွေလိုမျိုး ပေတို့၊လက်မတို့နဲ့ အဲလို စာနဲ့ရှင်းပြရတဲ့ဟာတွေကျတော့ စာရေး၊စာဖတ်လောက် တက်မြောက်ထားမှ အဆင်ပြေတယ်”ဟု ဦးလှမြင့်က ပြောသည်။

သို့သော်လည်း သာမန်လူများပင်လျှင် သင်ယူတတ်မြောက်နှုန်း အားနည်းလျက်ရှိနေသေးသည့် ရခိုင်ပြည်နယ်တွင် မသန်စွမ်းသူများကို သင်ကြားပေးမည့် အခြေခံပညာရေးနှင့် သက်မွေးဝမ်းကျောင်းများ ဆိုသည်မှာ  စိတ်ကူးကြည့်ရုံမျှပင် မဖြစ်နိုင်သေးကြောင်းကို တွေ့မြင်ကြရမည်ဖြစ်သည်။

လက်ရှိ ရခိုင်ပြည်အတွင်းရှိ မသန်စွမ်းများသည် မသန်စွမ်းအခွင့်အရေးများ မရရှိနိုင်သေးသည့်အပြင် သံသယဖြင့် ဖမ်းဆီးစစ်ဆေးခံရခြင်းများနှင့် ခြိမ်းခြောက်ခံရခြင်းများကိုပင် ကြုံတွေ့ခဲ့ကြရကာ လူ့ဂုဏ်သိက္ခာ ကင်းမဲ့နေကြရသည်။

ကုလသမဂ္ဂလူ့အခွင့်အရေး ကြေညာစာတမ်းနှင့် မသန်စွမ်းအခွင့်အရေးတို့တွင် ပါဝင်လက်မှတ်ရေးထိုးထားသည့် မြန်မာအစိုးရခေါ် မြန်မာစစ်တပ်တို့သည် မသန်စွမ်းသူကိုရော သန်စွမ်းသူကိုရော၊ လူအခွင့်အရေး ချိုးဖောက်မှုများကို ကျူးလွန်ခဲ့ကြသည်။

ပြီးခဲ့သည့် နှစ်များအတွင်း ဖြစ်ပွားခဲ့သည့် မြန်မာစစ်တပ်နှင့် ရခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲများကြောင့် ရခိုင်ပြည်အတွင်းရှိ မသန်စွမ်းများသည် ပိုမိုဆိုးရွားသည့် ဘဝဖြတ်သန်းမှုကို ရင်ဆိုင်ခဲ့ကြရသည်။ ထိုတိုက်ပွဲများနှင့် စစ်ကျန်လက်နက်များကြောင့်လည်း မသန်စွမ်းဦးရေမှာ တဖန်တိုးပွားခဲ့ရပြန်သည်။

ထိုတိုက်ပွဲများကြောင့် မျက်မမြင် မသန်စွမ်များသည် မျက်စိမြင်သူများကဲ့သို့ တောလမ်းများကို စမ်းတဝါးဝါးနဲ့ ဖြတ်လျှောက်ယင်း စစ်ပွဲလွတ်ရာ ရှောင်ပြေးခဲ့ကြရသည်။ ခြေ၊လက် အင်္ဂါဆုံးရှုံးထားရသည့် မသန်စွမ်းများသည်လည်း ခြေနှစ်ဖက်ပါသူများကဲ့သို့ ဘေးလွတ်ရာကို ပြေးလွှားခဲ့ကြရသည်။

လက်ရှိ ရခိုင်ပြည်သည် အဆင်းရဲဆုံးနှင့် မသန်စွမ်းသူ အများဆုံးဖြစ်နေသည့်အပြင် အနာဂါတ်တွင်လည်း စစ်ပွဲအရိပ်အယောင်များ သန်းနေဆဲဒေသဖြစ်သည်။

ရခိုင်ပြည်အတွင်းရှိ မသန်စွမ်းများ၏ အနာဂါတ်သည် ဆက်လက်ပြီးလည်း စမ်းတဝါးဝါး ပြေးလွှားရန် အခြေအနေများ ရှိလာနိုင်သေးသလို စစ်ပွဲများကြောင့် ဆက်လက်ပြီးလည်း မသန်စွမ်းများတိုးပွားရန် အခြေအနေများ ရှိလာနိုင်သေးသည်။

ရခိုင်တို့သည် ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးခွင့်ရရန် နိုင်ငံရေး ရည်မှန်းချက်များကို ဖော်ဆောင်နေကြသည်ဟု ဆိုသည်။

မည်သို့ပင်ဆိုစေကာမူ ရခိုင်တို့ တည်ဆောက်မည့် အနာဂါတ်ကံကြမ္မာထဲတွင် လူ့အရင်းအမြစ် ဆုံးရှုံးမှုများ မဖြစ်ပေါ်ရေးအတွက် မသန်စွမ်းသူများ၏ လိုအပ်နေသည့်ကွက်လပ်များကို ဖြည့်ဆည်းရန်မှာ ရခိုင်လူမျိုးတို့၏ အပေါ်၌သာ တာဝန်ရှိနေပေတော့သည်။

စစ်တွေမြို့ပေါ် ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေကြသော ဗျိုင်းဖြူရွာသားများကို ၂၀၂၄ ခုနှစ် ဇွန်လအတွင်းက တွေ့ရစဉ်။
November 23, 2024
ရခိုင်ပြည်၊ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်ရှိ ရဲကင်းစခန်းအနီးမှ နေအိမ်ဖယ်ရှားခံရသည့် ဒေသခံများမှာ...
ပုံစာ - အမ်းမြို့နယ်ရှိ ကုတင် (၃၀၀) ဆံ့ စစ်ဆေးရုံကို သိမ်းပိုက်ပြီးနောက် တွေ့ရသော AA တပ်ဖွဲ့ဝင်များ။
November 22, 2024
ရခိုင်ပြည်၊ အမ်းမြို့အကျဉ်းထောင်ရှိ အကျဉ်းသားများနှင့် တိုက်ပွဲကာလ ဖမ်းဆီးထားသော အရပ်သားများကို...
မောင်တောမြို့နယ်ရှိ ဟိန္ဒူစစ်ဘေးရှောင်စခန်းမှ ကလေးငယ်တစ်ဦး။ (၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂ ရက်)
November 21, 2024
မြန်မာ့ပြည်တွင်းစစ်တွင် အခက်အခဲ၊ အကျပ်အတည်းများစွာနှင့် ရင်ဆိုင်နေရသည့် ကလေးသူငယ်များကို...
ရခိုင်ဒေသမှ စစ်ဘေးရှောင် ကလေးငယ်များ။
November 20, 2024
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းအချို့တွင် ကလေးသူငယ်များ ဝမ်းပျက်ဝမ်းလျှော...