ဇိုတုန်နယ်တွင် ချုံခိုတိုက်ခံရပြီး စစ်ကောင်စီတပ်သား ၁၀ဦးသေဆုံး

ဇိုတုန်နယ်တွင် ချုံခိုတိုက်ခံရပြီး စစ်ကောင်စီတပ်သား ၁၀ဦးသေဆုံး

ချင်းပြည်နယ်၊ မတူပီမြို့နယ် ဇိုတုန်နယ်၌ ဖေဖော်ဝါရီလ ၄ ရက်နေ့က ဖြစ်ပွားခဲ့သောတိုက်ပွဲ တွင် စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးကာ ငါးဦးဒဏ်ရာရရှိသွားကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ဇိုတုန်) CDF – Zotung တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ဇိုတုန်နယ်ရှိ တိန်းဆီးရွာနှင့် ထော်လှန်ရွာအကြား၌ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ဆိုသည်။

“အခုစစ်ကြောင်းက လွန်ခဲ့တဲ့နှစ်ပတ်က မတူပီကထွက်လာတာပါ။ ကျနော်တို့နယ်ထဲကို ရောက်လာတာ သိရတဲ့အတွက် စောင့်ကြိုပြီး အနီးကပ် ချုံခိုတိုက်ခိုက်ခဲ့တာပါ” ဟု CDF – Zotung ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဂျွန်က မဇ္စျိမသို့ပြောသည်။

အင်အား ၁၀၀ ခန့်ပါဝင်သော စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းအား ကြိုတင်သတင်းအရ ချုံခိုတိုက်ခိုက်ခဲ့ ရာ CDF–Zotung တပ်ဖွဲ့သည် ဒေသခံများဖြစ်သောကြောင့် နယ်မြေကျွမ်းကျင်မှုအသာစီးဖြင့်တိုက်ခိုက် နိုင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သားများသေဆုံး ၊ ဒဏ်ရာရရှိမှုကို အနီးကပ်တိုက်ခိုက်ခဲ့သည့် မြေပြင်ရဲဘော်များထံမှ အတည်ပြုချက်ဖြင့် သိရှိခြင်းဖြစ်ကြောင်း ဆိုသည်။

တိုက်ပွဲအပြီး ၎င်းတို့ CDF-Zotung တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သော်လည်း တိုက်ပွဲအနီးဝန်းကျင်ရှိကျေးရွာမှ အပြစ်မဲ့ပြည်သူ ၁၀ ဦးအား စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင် ပြီး လူသားဒိုင်းကာအဖြစ် အသုံးပြုလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်နက်ကိုင်တပ်ဖွဲ့အချင်းချင်းမနိုင်သဖြင့် ကျေးရွာကိုဝင်စီးပြီး ပြည်သူများကိုဖမ်းဆီး၍ ၎င်းတို့တပ်၏ အရှေ့မှ သွားစေကာ လမ်းပြများအဖြစ်စေခိုင်း အသုံးပြုနေကြောင်း CDF-Zotung ပြောရေးဆိုခွင့်ရှိသူက ဆက်ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းသည် မတူပီမှထွက်ခွာလာပြီးနောက် ရေဇွာမြို့တွင်အခြေချ တပ်စွဲ ထားသည့် အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့နှင့် ပူးပေါင်းကာ နယ်မြေရှင်းလင်းရေးများပြုလုပ်လာ နိုင်သည်ဟု ဆလိုင်းဂျွန်က သုံးသပ်ပြောဆိုသည်။

CDF – Zotung တပ်ဖွဲ့သည် ချင်းပြည်နယ်နှင့် မြန်မာနိုင်အတွင်းရှိ တော်လှန်ရေးအင်အားစုများနှင့်လက် တွဲ၍ စစ်အာဏာရှင်စနစ်အဆုံးသတ်ရေးအတွက်တိုက်ပွဲဝင်နေသော တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ် သည်။

၎င်းတို့တပ်ဖွဲ့အနေဖြင့် အခက်အခဲပေါင်းစုံကြားမှ ပြည်သူများ၏ထောက်ခံပံ့ပိုးမှုကြောင့် ရပ်တည်တိုက်ပွဲ ဝင်နိုင်ခဲ့ခြင်းဖြစ်ပြီး ဆက်လက်၍ အကူအညီများပေးကြရန် CDF – Zotung ပြောရေးဆိုခွင့်ရှိသူက မေတ္တာရပ်ခံထားသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

October 4, 2024
ထိုင်း- မြန်မာနယ်စပ် အဓိကကုန်သွယ်ရေးလမ်းမကြီး တခုဖြစ်သည့် အာရှလမ်း ပြန်ဖွင့်နိုင်ရေးအတွက်...
September 19, 2024
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်...
September 18, 2024
ထောင်အာဏာပိုင်များနှင့် ထိန်းသိမ်းခံသူများအကြားတွင် သဘောတူညီမှုအချို့ရပြီးနောက် အိန္ဒိယနိုင်ငံ၊...
September 17, 2024
ရှမ်းပြည်နယ်တောင်ပိုင်းရှိ လွိုင်လင်နှင့် တောင်ကြီးခရိုင်တို့တွင်...