အသက် ၇၇ နှစ်အရွယ် ဦးမောင်သာနီဟာ ခန္ဓာကိုယ်အရွယ်အစားနဲ့ မမျှတဘဲ အလေးချိန် ၁၆ ပေါင်ရှိတဲ့ တူကို မတင်လိုက်ပြီး လူတစ်ကိုယ်စာ ကျောက်လုံးကြီးတစ်လုံးကို ထုချလိုက်သည်။ အခုလို ကျောက်တုံးကြီးတွေကို ထုခွဲပြီး လူသွားလမ်းကို တစ်ကိုယ်တော်ဖောက်လုပ်နေတာဟာ နှစ်ပေါင်း ၁၀ ကျော်ကြာမြင့်လာခဲ့ပြီဖြစ်သည်။
ရခိုင်ပြည်၊ ပေါက်တောမြို့နယ်ထဲက အနောက်ဖရုံကာကျွန်းရဲ့ အစွန်အဖျားပိုင်းမှာတည်ရှိတဲ့ “ကုလားသိမ်ကျေးရွာ”တွင် အိမ်ခြေ ၃၀ ဝန်းကျင်လောက်ပဲရှိပြီးတော့ တံငါလုပ်ငန်းကို အဓိက လုပ်ကိုင်ကြပါတယ်။ တစ်ရွာလုံးဟာ ရခိုင်လူမျိုးတွေဖြစ်ကြပြီးတော့ ဦးမောင်သာနီတို့ မိသားစုတစ်စုသာ ခမီလူမျိုးတွေဖြစ်ကြပါတယ်။
အစွန်အဖျားမှာတည်ရှိတဲ့ “ကုလားသိမ်ကျေးရွာ”မှာ ဆေးရုံ၊ ဆေးခန်းမရှိသလို ဆက်သွယ်ရေးဖုန်းလိုင်းလည်း မမိပါဘူး။ လမ်းပန်းဆက်သွယ်ရေးကတော့ “ကုလားသိမ်ကျေးရွာ”မှာ နေထိုင်ကြသူတွေ အစဉ်အဆက်ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတစ်ခု၊ စိန်ခေါ်မှုတစ်ခုလို့ ဆိုရမှာပါ။
အရေးကိစ္စတစ်စုံတစ်ရာ ကြုံလာခဲ့ရင်တော့ “ကုလားသိမ်”ကျေးရွာသားတွေဟာ ရေလမ်းခရီးကိုသာ အဓိက အားထားကြရပါတယ်။ ဒါပေမယ့် ရာသီဥတုဆိုးရွာတဲ့ကာလတွေမှာ ဒေသခံတွေဟာ အသက်နဲ့ ခန္ဓာကိုရင်းပြီး ရေလမ်းခရီးက သွားလာကြရတာဖြစ်ပါတယ်။ “ကုလားသိမ်”ကျေးရွာဟာ ပင်လယ်ဝဒေသဖြစ်တာကြောင့် ရာသီဥတုဆိုးရွားလို့ရှိရင် ကြီးမားလှတဲ့ ပင်လယ်ရေလှိုင်းလုံးတွေဟာ ကျေးရွာထဲထိဝင်ရောက်လာပြီး နေအိမ်တွေကို ဖျက်ဆီးတတ်ပါသေးတယ်။
ကုန်လမ်းကဆိုရင် ကြမ်းတမ်းလှတဲ့ တောလမ်း၊ တောင်လမ်းခရီးကို ဖြတ်ကျော်သွားလာကြရပြီး တစ်နာရီခွဲအကြာ သွားရောက်ပြီးမှ စိုးမဲကျီကျေးရွာကို ရောက်ရှိနိုင်မှာဖြစ်ပါတယ်။
ဒီလို ကျောက်တုံး၊ ကျောက်သားတွေ၊ တောလမ်းတွေကို လူအများ သွားလာရလွယ်ကူစေဖို့အတွက် ကုလားသိမ်နဲ့ စိုးမဲကျီ ရွာချင်းဆက်လမ်းကို အသက်(၇၇)နှစ်အရွယ် ဦးမောင်သာနီက တစ်ကိုယ်တော် ဖောက်လုပ်နေပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ခန့်ကနေ ဒီလမ်းကို စတင်ဖောက်လုပ်ခဲ့တာဟာ အခုဆိုရင် နှစ်ပေါင်း ၁၀ ကျော် ကြာမြင့်ခဲ့ပြီလည်းဖြစ်ပါတယ်။
“ဘာပစ္စည်းတွေကိုသုံးလဲဆိုရင် ပထမနံပါတ်တစ်ခု ဒီတူငယ်ကိုသုံးပါတယ်။ ကျောက်တုံးအညံ့စားတွေကို ထုခွဲတဲ့အချိန်မှာ သုံးပါတယ်။ ပြင်းပြင်းထန်ထန် အရေးကြီးတဲ့အချိန်မှာ ဒီတူအကြီးကို အသုံးပြုပါတယ်။ ၁၆ ပေါင်ရှိပါတယ်။ အကြမ်းထုထွင်းတဲ့အချိန်မှာ ၁၆ ပေါင်တူနဲ့လိုက်ရပြီးတော့ အချောပြုလုပ်တဲ့အချိန်မှာ တူငယ်ကို အသုံးပြုရပါတယ်။ သံဆူးက နှစ်ချောင်းပါ။ သံတူရွင်းလိုရင် သံတူရွင်းနဲ့ ရွှေ့မယ်၊ မမယ်ဆိုရင် အသုံးပြုရပါတယ်”လို့ ဦးမောင်သာနီက ပြောပါတယ်။
“ကုလားသိမ်”ကျေးရွာမှာနေထိုင်သူတွေ ကျန်းမာရေးနဲ့ တခြားအရေးကြီးကိစ္စ တစ်စုံတစ်ရာကြုံတွေ့လာခဲ့ရင် ကုန်းလမ်းကနေ သွားလာနိုင်ဖို့အတွက် အခုလိုဖောက်လုပ်နေတာဖြစ်တယ်လို့ ဦးမောင်သာနီကပြောပါတယ်။
လမ်းဖောက်လုပ်တဲ့အခါ ပင်လယ်ကမ်းနံဘေးက ကျောက်တုံး၊ ကျောက်ဆောင်တွေကို ထုခွဲဖယ်ရှားရုံသာမကဘဲ တောင်တက်လမ်း၊ တောင်ဆင်းလမ်းတွေကိုပါ ခက်ခဲစွာနဲ့ ဖောက်လုပ်ခဲ့တာဖြစ်ပါတယ်။ တောင်အတက်အဆင်း လမ်းတွေမှာ လမ်းသွားလမ်းလာတဲ့သူတွေ ခြေမလျော်ရအောင် သစ်လုံးတွေကိုဝယ်ယူပြီးတော့ မြေအောက်မှာမြှုပ်နှံထားတယ်လို့လည်း ဦးမောင်သာနီက ဆိုပါတယ်။ ဒါ့အပြင် ဖောက်လုပ်ထားတဲ့ ပင်လယ်ကမ်းနားကလမ်းဟာ ဒီရေတက်ချိန်မှာ သွားလာလို့ အဆင်မပြေရင် တခြားလမ်းကသွားလာနိုင်အောင် တောင်ပတ်လမ်းတချို့ကိုလည်း ဖောက်လုပ်ထားပါသေးတယ်။
ကျောက်တုံးတွေကို ထုခွဲဖယ်ရှားပြီး ဖောက်လုပ်နေတဲ့လမ်းဟာ အသက် ၇၀ ကျော်အရွယ် ဦးမောင်သာနီရဲ့ ခိုင်မာလှတဲ့ ဆုံးဖြတ်ချက်၊ ဇွဲလုံ့လတို့ကို အထင်သားမြင်တွေ့နိုင်ပါတယ်။
ဦးမောင်သာနီဟာ အတန်းပညာမတတ်ဘဲ အိမ်ထောင်ကျပြီးချိန်ကနေ လယ်ယာလုပ်ငန်း၊ သီးပင်စားပင်တွေ စိုက်ပျိုးရင်းနဲ့ပဲ ဘဝကို ရိုးရှင်းစွာဖြတ်သန်းခဲ့သူ တစ်ဦးပါ။ ဒါပေမယ့်လည်း “ကုလားသိမ်”ကျေးရွာကို ငါးဖမ်းဆီးဖို့ ပြောင်းရွှေ့အခြေချ နေထိုင်လာကြတဲ့သူတွေ ရှိလာခဲ့တဲ့နောက်မှာ ဦးမောင်သာနီနဲ့ မြေအငြင်းပွားမှုတွေ ဖြစ်ပွားခဲ့ပါတော့တယ်။
မြေအငြင်းပွားမှုကို ဖြေရှင်းဖို့ “ကုလားသိမ်”ကျေးရွာကနေ စိုးမဲကျီကျေးရွာ၊ အဲဒီကနေတစ်ဆင့် ပေါက်တောမြို့ကို အကြိမ်ပေါင်းများစွာ သွားရောက်ခဲ့ရပြီး ဒီလိုသွားရောက်တဲ့အခါ လမ်းခရီးကြမ်းတာကြောင့် ခြေလျော်လဲကျပြီး ဒဏ်ရာရရှိတဲ့အထိ ဖြစ်ခဲ့ရတယ်လို့ ဦးမောင်သာနီက ပြောပြပါတယ်။
ဒါကြောင့် ကုန်းလမ်းကသွားတဲ့သူတွေ အခုလို လမ်းခရီးကြမ်းတမ်းတာကို မကြုံတွေ့ရအောင်အတွက် အတားအဆီးဖြစ်နေတဲ့ ကျောက်တုံး၊ ကျောက်တောင်တွေကနေ လမ်းဖောက်လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်။
“ကျွန်တော် တစ်ဦးတစ်ယောက်တည်းတောင် မကဘဲ ဒီလမ်းကသွားမယ့် လမ်းသွားလမ်းလာ လူတွေအတွက်လည်း အခက်အခဲတွေရှိနေပါတယ်။ အဲဒီအတွက်နဲ့ ကျောင်းဆောက်နိုင်မှ၊ ကန်လှူနိုင်မှာ လှူမယ်ဆိုရင် ဘယ်ချိန်ကျမှလှူနိုင်မလဲ။ အဲဒီလိုတွေးမိပြီးတော့ ကိုယ့်ခွန်အားနဲ့စိုက်ထုတ်ပြီးရင် လူတကာအတွက်၊ ရဟန်းပုဂ္ဂိုလ်တွေအတွက်သာမကဘဲ ကျွဲ၊ နွားတိရိစ္ဆာန်တွေကအစ ဆူး၊ ညှောင့်၊ ခလုတ် မထိရစေအောင် စေတနာနဲ့ လမ်းဖောက်လုပ်နေတာဖြစ်ပါတယ်”လို့ ဦးမောင်သာနီက ဆိုပါတယ်။
ဦးမောင်သာနီ ခွန်အားစိုက်ထုတ်ပြီး ၁၀ နှစ်ကျော်ကြာ ဖောက်လုပ်ခဲ့တဲ့လမ်းဟာ အခုဆိုရင် တောင်နှစ်တောင်ရှိတဲ့အထဲက “ကုလားသိမ်”ကျေးရွာဘက်အခြမ်းက တစ်တောင်ကို ဖောက်လုပ်ပြီးစီးထားပြီးတော့ အဲဒီလမ်းကနေ ဒေသခံအချို့နဲ့ ရဟန်းပုဂ္ဂိုလ်အချို့လည်း အသုံးပြုသွားလာနေကြတဲ့မြင်ကွင်းကိုကြည့်ပြီး ဦးမောင်သာနီက ပီတိဖြစ်နေပါတယ်။
“လမ်းခရီးအတိုင်းအတာ ဖောက်လုပ်အောင်မြင်နေမှုအနေနဲ့ ဆိုလို့ရှိရင် ဘယ်လိုပြောရမလဲ၊ လမ်းခရီးသုံးပုံတစ်ပုံလောက် ဖောက်လုပ်အောင်မြင်နေပြီလို့ ကျွန်တော်ယူဆပါတယ်” ဦးမောင်သာနီကပြောပါတယ်။
ဒါ့အပြင် လမ်းခရီးမှာ ခရီးသွားတွေနားခိုနိုင်ဖို့အတွက် ကျောက်တုံးတွေကို ထုဆစ်ထားသလို ကျောက်တုံးကြီးတစ်တုံးမှာ ရေအိုးစင်တစ်ခုကိုလည်း ဦးမောင်သာနီက ပြုလုပ်ထားပါတယ်။
ဦးမောင်သာနီဟာ ကုလားသိမ်-စိုးမဲကျီလမ်းအပြင် သူ့ရဲ့ဥယျာဉ်ကထွက်ရှိတဲ့ သီးနှံတွေကို စက်လှေနဲ့ အလွယ်တကူ သယ်ယူနိုင်ဖို့အတွက် ပင်လမ်းကမ်းနားက ကျောက်တုံးတွေကိုထုခွဲပြီး စက်လှေဆိပ်တစ်ခုကိုလည်း တစ်လခန့်အချိန်ယူပြီး ပြုလုပ်ထားပါသေးတယ်။
ဦးမောင်သာနီ ဖောက်လုပ်နေတဲ့ ကုလားသိမ်ကျေးရွာနဲ့ စိုးမဲကျီကျေးရွာချင်းဆက်လမ်းမှာ သွားလာရအခက်အခဲဆုံးဟာ မတ်စောက်နေတဲ့ ကျောက်တောင်ကြီးတစ်တောင်ရှိနေတာ ဖြစ်ပါတယ်။ အဲဒီကျောက်ဆောင်ကနေ ချော်ကျသွားခဲ့ရင် ပင်လယ်ထဲကိုပြုတ်ကျသွားနိုင်တာကြောင့် အန္တရာယ်ရှိတယ်လို့ဆိုပါတယ်။
အဲဒီကျောက်တော်အထိ လမ်းဖောက်လုပ်ဖို့ ဦးမောင်သာနီက ရည်မှန်းထားပြီးတော့ နောက်တချိန်မှာ စိုးမဲကျီရွာကို လွယ်ကူစွာနဲ့ သွားလာနိုင်မယ်လို့ ဦးမောင်သာနီက မျှော်မှန်းထားပါတယ်။
“ဒီတောင်ကုန်းလေးကို အနည်းဆုံးတစ်လလောက် တူးရပါမယ်။ တောင်ကုန်းက ဘေးတစ်စောင်း၊ ဟိုဘက်မှာဆိုရင်လဲ အောက်ကို ခပ်စောက်စောက်ဆိုတော့လေ။ ဒီတောင်လေးတစ်လုံးကို လမ်းဖောက်လို့ရလိုက်တာနဲ့ တစ်ဖက်မှာကျတော့ မလိုတော့ပါဘူး။ တစ်ဖက်မှာက လယ်ကွင်းတွေပဲ ရှိပါတော့တယ်။ ဆိုးတာက ဒီတောင်တစ်လုံးပါ”လို့ ဦးမောင်သာနီက ဆိုပါတယ်။
ဇွဲလုံ့လတို့ အားကောင်းခဲ့တဲ့ ဦးမောင်သာနီဟာ အသက်အရွယ်က စကားပြောလာတာကြောင့် ကျန်းမာရေးလည်း ချူခြာစပြုလာနေပြီဖြစ်ပါတယ်။ သူ့ရဲ့ ညာခြေထောက်ဟာ ထုံကျင်တဲ့ဝေဒနာကို ခံစားနေရသလို ညာဖက်မျက်စိဟာလည်း အမြင်မှုန်ဝါးလာနေပါပြီ။ ဒီလိုအခြေအနေတွေကြောင့် လမ်းဖောက်လုပ်တာကိုလည်း ရပ်နားထားရတယ်လို့ ဦးမောင်သာနီက ပြောပါတယ်။
ဦးမောင်သာနီရဲ့ ရည်မှန်းချက်ထဲမှာ လက်ရှိဖောက်လုပ်နေတဲ့ လမ်းမှာရှိတဲ့ တောင်ပေါ်က သူ့ရဲ့ဥယျာဉ်ခြံအတွင်းမှာ စေတီတစ်ဆူ တည်ထားကိုးကွယ်လိုတာ ဖြစ်ပါတယ်။ ဒီလို စေတီတည်လိုက်ရင် ခရီးသွားတွေအပြင် ဘုရားဖူးတွေလည်း လာရောက်ပြီး သူဖောက်ထားတဲ့လမ်းဟာ အလိုအလျောက်ဖြောင့်ဖြူးသွားမယ်လို့ မျှော်လင့်ထားတာဖြစ်ပါတယ်။
လက်ရှိမှာ တစ်ပိုင်းတစ်စသာပြည့်ဝသေးတဲ့ လမ်းဖောက်လုပ်မဲ့ရည်မှန်းချက်ကို အားမတန်မာန်လျော့ရတော့မယ့် အခြေအနေနဲ့ ဦးမောင်သာနီ ရင်ဆိုင်နေရပေမယ့် သူ့ရဲ့နှလုံးအိမ်ထဲမှာတော့ လမ်းဖောက်လုပ်မဲ့ရည်မှန်းချက်ဟာ ကိန်းအောင်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီလမ်းကိုဆက်ဖောက်ဖို့အတွက် သူ့နဲ့အတူနေထိုင်တဲ့ မြေးယောင်္ကျားလေးကို တာဝန်တွေ လွှဲပြောင်းပေးချင်တယ်လို့လည်း ဦးမောင်သာနီက ဖွင့်ဟပြောဆိုပါတယ်။ ဒီလမ်းကို ဆက်ပြီးဖောက်လုပ်မှပဲ သူဆုံးပါးသွားတဲ့အခါ အမွေတွေကို ဆက်ခံခွင့် ပေးသွားမယ်လို့ ဦးမောင်သာနီက ပြောပါတယ်။
ဦးမောင်သာနီက “ကျွန်တော်မရှိတဲ့ နောက်ပိုင်းမှာ ကျွန်တော့် သားသမီး၊ သားစဉ်မြေးဆက်က ကျွန်တော့်အမွေကို ဆက်ခံတယ်ဆိုလို့ရှိရင် ကျွန်တော်မရှိတဲ့တိုင်အောင် သူတို့ဒီလမ်းလုပ်ပေးရပါမယ်။ လုပ်ပေးရင်တောင်မှ ကျွန်တော်မသေခင် စာချုပ်ချုပ်ပါမယ်။ တကယ်လို့များ ကျွန်တော့်အမွေကို ဆက်ခံတယ်ဆိုလို့ရှိရင် တကယ့်အမွေကိုဆက်ခံမယ်သူ မြေးလေးတစ်ယောက်ပဲရှိပါတယ်။ ဥပမာ- ကျွန်တော်မရှိတဲ့နောက်ပိုင်း အနှစ် ၁၀၊ အနှစ် ၁၀၀ ကြာချင်ရင်လည်း ကြာပလေ့စေ။ မြေးလေးက မလုပ်ဘူးဆိုလို့ရှိရင် ကျွန်တော်အမွေတွေကို ဘေးကလူတွေ ပိုင်ဆိုင်ခွင့်ရှိတယ်ဆိုတဲ့ပုံစံမျိုး စာချုပ်ကို စာချုပ်သွားမှာဖြစ်ပါတယ်။ အဲဒီလောက်ထိ ရည်မှန်းချက်ရှိပါတယ်”လို့ ပြောပါတယ်။
လက်ရှိမှာ ကုလားသိမ်-စိုးမဲကျီကျေးရွာချင်းဆက်လမ်းဟာ ဆက်ပြီးဖောက်လုပ်မဲ့သူတွေကို မျှော်နေသယောင် အပင်ငယ်တွေ ပေါက်ရောက်လျက်ရှိနေပြီးတော့ ဦးမောင်သာနီရဲ့ ရည်မှန်းချက်တွေ ပြည့်လာမလားဆိုတာကတော့ အချိန်က စကားပြောသွားပါလိမ့်မယ်။
မင်းသန့်-ရေးသည်