ကော့ကရိတ်ခရိုင် ကျုံဒိုးကျေးနယ် ကော့ဘိန်းကျေးရွာရှိ ရဲကင်းစခန်းတိုက်ခိုက်ခံရစဉ် ကျေးရွာရှိ မွန်ငြိမ်းချမ်းရေးတပ်ဖွဲ့ရုံးတွင် ခိုအောင်းနေသည့် ရဲများရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာသား ထိခိုက်သေဆုံးဒဏ်ရာရှိမှုရှိခဲ့သည်ဟု အနီးအနားရှိ ဒေသခံများက ပြောသည်။
ကော့ဘိန်း-ကော့ပေါက်ကျေးရွာ၊ ကော့တာအပိုင်းရှိ လောင်းကစားဝိုင်းများနှင့် ကော့ဘိန်းရွာတွင်း ရဲကင်းစခန်းအား ယမန်နေ့ ဇန်နဝါရီလ ၁၆ ရက်၊ နေ့လည် ၁၂ နာရီကျော်အချိန်က ၀င်ရောက်ဖျက်ဆီး မီးရှို့စီးနင်းခံရစဉ် ကော့ဘိန်းကျေးရွာ၊ မွန်ငြိမ်းချမ်းရေးတပ်ဖွဲ့ရုံးတွင် ခိုအောင်းနေသည့် ရဲများရမ်းသမ်း ပစ်ခတ်သဖြင့် အမျိုးသမီး တစ်ဦး သေဆုံးပြီး ရွာသား ၃ ဦးခန့်ထိခိုက်ဒဏ်ရာရှိခဲ့သည်ဟု ကော့ဘိန်းကျေးရွာ ရဲကင်းစခန်းအနီးနေထိုင်သူက ပြောသည်။
“အဲဒီရဲစခန်းက ဆယ်ရက်၊ ဆယ်ငါးရက်လောက်တော့ရှိပြီ ရဲတွေ မနေတာ၊ ရဲတစ်ချို့ ကတော့ရဲစခန်းနဲ့ သိပ်မဝေးတဲ့နေရာမှာရှိတဲ့ မွန်ငြိမ်းချမ်းရေးတပ်ဖွဲ့ နိုင်အိုက်ချမ်းတို့ရုံးမှာ ခိုပြီး ပူးတွဲနေနေကြတဲ့ အဖွဲ့ဘက်ကနေ ရွာထဲဘက်သေနတ်ပစ်ခတ်တာတွေကြောင့် ကော့ပေါက်ကျေးရွာ ဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ ရွာသား ၃ ဦးလောက်သေနတ်မှန် ထိခိုက်ဒဏ်ရာရကုန်တယ်” ဟု ရဲကင်းစခန်းအနီးနေထိုင်သူ ကျေးရွာသားက ပြောသည်။
အဆိုပါ ရဲစခန်းဝင်ရောက်စီးနင်းခံရမှုတွင် အရပ်သားများ ထိခိုက်သေဆုံးမှုရှိသလို စစ်ကောင်စီ ၏ ရဲတပ်ဖွဲ့ဘက်မှလည်း နှစ်ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိခဲ့သည်ဟု ထိုကျေးရွာရှိ KNU/KNLA-PC (ကရင်ငြိမ်းချမ်းရေးကောင်စီ) တပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်ကြောင့် ကျေးရွာသားများ အခြားကျေးရွာများဘက်သို့ ရှောင်တိမ်းနေကြစဉ် ဇန်နဝါရီလ ၁၆ ရက်ညနေပိုင်းတွင် ဇာသပြင်-မော်လမြိုင်လမ်းဘက်မှ စစ်ကောင်စီတပ်များ ဇာသပြင်-သရနံ ဘုရားဂူ-ကျိုက်မရော ဘိလပ်မြေစက်ရုံ လမ်းပိုင်းမှ ကော့ဘိန်းရွာဘက်သို့ စစ်အင်အားတိုး ၀င်ရောက်လာသည့်အတွက် ဒေသခံများ ၎င်းတို့နေအိမ်များတွင် စခန်းချနေထိုင်ခြင်း၊ နေအိမ်များ အတွင်း ၀င်ရောက်ဖောက်ထွင်းပစ္စည်းများယူဆောင်ခံရမည်ကို စိုးရိမ်နေကြရကြောင်း ကော့ဘိန်း ကျေးရွာသားက ယခုလို ပြောသည်။
“အခု ဇာသပြင် -သဒနံလမ်းပိုင်းဘက်ကနေ စစ်တပ်-BGF တပ်တွေ ရွာဘက်အင်အားဖြည့် ၀င်လာ တာကြောင့် နေအိမ်တွေတပ်စွဲတာ၊ ၀င်ဖောက်ယူတာတွေခံရမှာ စိုးရိမ်နေကြတယ်၊ ကျနော်တို့ ရွာတွေဘက်က တိုက်ပွဲမဖြစ်တော့တာ နအဖ သန်းရွှေခေတ်ပြီးကတည်းကနေ အခုထိဆို နှစ် ၃၀ ၀န်းကျင်ရှိလာပြီ၊ အခုတော်လှန်ရေးအဖွဲ့တွေ ဒီဘက်အထိတိုက်လာပြီဆိုရင်တော့ စစ်တပ်တွေ၊ BGF တွေ၊ မွန်ငြိမ်းချမ်းရေးအဖွဲ့တွေ၊ PC -ကရင်ငြိမ်းချမ်းရေးအဖွဲ့တွေနဲ့တော့ ဘယ်လိုဆက်ဖြစ် ကြမယ်ဆိုတာ မသိတော့ဘူး”ဟု ထိုကော့ဘိန်းကျေးရွာသားက ပြောသည်။
အဆိုပါ ကော့ဘိန်း-ကော့ပေါက်ကျေးနယ်မှာ ကော့ကရိတ်ခရိုင်နှင့် မွန်ပြည်နယ် အပိုင်နယ်မြေ ချင်းဆက်နေသော မွန်တိုင်းရင်းသားအများစုနေထိုင်သည့် ကျေးရွာများဖြစ်ပြီး မွန်ငြိမ်းချမ်းရေး အပစ်ရပ် အဖွဲ့နယ်မြေရုံး အခြေစိုက်လှုပ်ရှားသွားလာရာဒေသလည်းဖြစ်သည်။
ထိုဒေသအတွင်း ကရင်နယ်ခြားစောင့်တပ်-BGF၊ KNU/ KNLA-PC( ငြိမ်းချမ်းရေးကောင်စီအဖွဲ့)၊ ရဲတပ်ဖွဲ့၊ စစ်ကောင်စီတပ်ဖွဲ့များမှ ခွင့်ပြုချက်လိုင်းကြေးပေးဆောင်ကာ ဒေသအတွင်း အာဝါဒေး လောင်းကစားဝိုင်းများ၊ ဂိမ်းရုံများ၊ ကြက်တိုက်လောင်းကစား ဝိုင်းများလနှင့်ချီထူထောင် ဖွင့်လှစ်လုပ်ကိုင်နေကြသည့် ဒေသကျေးရွာများဖြစ်ကြောင်း သိရှိရသည်။