ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူနှင့် မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်သို့ ဆက်သွယ်ထားသည့် ပြည်နယ်ချင်းဆက် လမ်းမကြီးအား ယနေ့ ဇန်နဝါရီ ၁၇ ရက်နေ့မှစပြီး အနန်းကွင်း စစ်ကောင်စီဗျူဟာ စခန်းတာဝန်ရှိများက ဖြတ်သန်းသွားလာခွင့် ပိတ်ပင်တားမြစ်လိုက်ပြီးဟု ကျေးရွာတာဝန်ရှိသူများထံမှ သိရသည်။
KNU-ကရင်အမျိုးသားအစည်းအရုံး ဝင်းရေးမြို့နယ် အနန်းကွင်းရွာလယ်တွင် အခြေစိုက်ထားသည့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် -ရတခ လက်အောက်ခံ စစ်ကောင်စီတပ်ဗျူဟာစခန်းမှ ပြည်နယ်ချင်းဆက်လမ်းမကြီးအား ဖြတ်သန်းသွားလာခွင့် ပိတ်ပင်တားမြစ်လိုက်သည့်အပြင် ကျေးရွာအသီးသီးရှိ ဌာနေလူထုများလည်း တစ်ရွာနှင့်တစ်ရွာ ကူးလူးသွားလာမှုကိုလည်း ပိတ်ပင်တားမြစ်လိုက်သည်ဟု ဒေသခံရွာသားများက ပြောသည်။
ဒေသခံ ရွာသားတစ်ဦးက “ အနန်းကွင်းဗျူဟာမှူးကနေ ဒီနေ့ကစပြီး ဘုရားသုံးဆူ-သံဖြူ ဇရပ် လမ်းမကြီးပေါ် ဖြတ်သန်းသွားမှု မပြုလုပ်ဖို့ ကျေးရွာတာဝန်ရှိသူတွေထံကနေ အသိပေးထားတယ်။ လူထုတွေလည်း တစ်ရွာနဲ့တစ်ရွာသွားလာမှု မလုပ်ဖို့ ပြောတယ်။ လမ်းမပေါ် သွားလာတာမြင်ရင် သူတို့တာဝန်မယူဘူးပြောတယ်။ အားလုံးက ကြောက်နေကြတယ်ပေါ့ဗျာ။ စားဝတ်နေရေးအတွက် ခြံထွက်သီးနှံတွေ ရောင်းဝယ်သွားလာဖို့ အားလုံးဒုက္ခရောက်ကုန်တယ်။” ဟု ကေအိုင်စီသို့ ပြောသည်။
တောင်စွန်းစခန်းနှင့် အနန်းကွင်းစစ်ဗျူဟာစခန်းအတွက် ပြီးခဲ့သည့် ဇန်နဝါရီ ၈ ရက်နေ့က စစ်ကောင်စီ၏ ထောက်ပို့ရဟတ်ယာဉ်တစ်စီး ဆင်ပြေးရွာဘောလုံးကွင်းတွင် ဆင်းသက်ပြီး လက်နက်ခဲယမ်းများနှင့် စားနပ်ရိက္ခာများ လာရောက်ပို့ဆောင်ခဲ့ပြီးနောက် ဇန်နဝါရီလ ၁၄ ရက် နေ့တွင် ၎င်းတို့၏ စခန်းအလိုက်ရရှိသည့် ခွဲတမ်း ရိက္ခာများအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်ဖမ်းဆီးမှုများ လုပ်ဆောင်သည့်အတွက် လမ်းမပေါ်သွားလာခွင့်အား ယခုလို တားမြစ်လိုက်ခြင်းဖြစ်နိုင်သည်ဟု ကျေးရွာလူထုများက ခန့်မှန်းပြောဆိုကြသည်။
တောင်စွန်းစခန်းမှ ၎င်းတို့ခွဲတမ်းရရှိသည့် စားနပ်ရိက္ခာများနှင့် လက်နက်ခဲယမ်းများအား အနန်းကွင်းစခန်းသို့ ပို့ဆောင်ပေးရန် ဇန်နဝါရီလ ၁၄ ရက်နေ့က ဌာနေလူထုများအား အဓမ္မမခိုင်းစေခဲ့သည့်အပြင် တောင်စွန်းရွာတိုက်ပွဲကြောင့် မီးလောင်ပျက်စီးသွားသည့် ၎င်းတို့စခန်းကိုလည်း သစ်၊ ဝါး၊ ခြံစည်းရိုးတန်များ ကျေးရွာအလိုက်ခွဲတမ်းချမှတ်ကာ လာရောက်ပို့ပေးရန် စေခိုင်းလျက်ရှိသည်ဟု ဒေသခံရွာသားများက ပြောသည်။
စစ်ကောင်စီမှ ၎င်းတို့၏ ရိက္ခာပစ္စည်းများအား သိမ်းဆည်းခံရသည့်အပေါ် ပြီးခဲ့သည့် ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် သံပုရာရွာအဝင် ကင်းပုန်းဝတ်စခန်းချနေသည့် ၎င်းတို့တပ်ဖွဲ့ဝင်များက တောင်စွန်း၊ သံပုရာ၊ ဆင်ပြေးရွာနှင့် အခြားကျေးရွာများမှ ခရီးသွားလာသည့် အမျိုးသမီးအပါဝင် ဌာနေလူထု ၁ဝ ဦးကျော်ကို ဖမ်းဆီးစစ်ဆေးမေးမြန်းပြီး ထိုးကြိတ်ရိုက်နှက်ခဲ့သည့်အတွက် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်ဟု ရိုက်နှက်ခံရသူများထံမှ သိရသည်။
သံဖြူဇရပ်-ဘုရားသုံးဆူ ပြည်နယ်ချင်းဆက်လမ်းမကြီးအား ဇန်နဝါရီလ ၁၇ ရက်နေ့မှ ၂ဝ ရက်နေ့အထိ စစ်ကောင်စီဘက်မှ ဖြတ်သန်းသွားလာခွင့် တားမြစ်ထားသကဲ့သို့ ကြာအင်းဆိပ်ကြီးမြို့မှ ဘုရားသုံးဆူးမြို့သို့ ဆက်သွယ်ထားသည့် လမ်းမကြီးလည်း စစ်ကောင်စီဘက်မှ ၎င်းလမ်းမအား အသုံး ပြုပြီး ခရီးသွားလာနေသည့် ပြည်သူများအား လူသားဒိုင်းအဖြစ် အသုံးပြုစေခိုင်းမှုရှိသည့်အတွက်ဆိုကာ ဇန်နဝါရီ ၁၆ ရက်နေ့မှစပြီး ၂၃ ရက်နေ့အထိ ပြည်သူများ၏ လုံခြုံရေးအတွက် ခရီးသွားလာမှု မပြုလုပ်ကြပါရန် KNU ဒူးပလာယာခရိုင်က အသိပေးစာ ထုတ်ပြန်ထားသည်။