ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ အမှတ်(၃)ရပ်ကွက် မဲဘောင်ဘုန်းကြီးကျောင်း၌ ယနေ့ နံနက်ပိုင်းတွင် စစ်တပ်ထောက်ခံသူ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ)ဘုန်းကြီးဖြစ်သူ ဦးဝီရသူ ရောက်ရှိလာသောကြောင့် မြို့တွင်းလမ်းပိုင်းများကို ပိတ်ဆို့ထားကြောင်း ဖားအံမြို့ခံများက ပြောသည်။
ဖားအံမြို့အတွင်းရှိ နာရီစဉ် လမ်းဂွ၊ လမ်းဆုံလမ်းဂွနှင့် အချက်အချာကျသည့်နေရာများတွင် စစ်ကောင်စီ တပ်များက လမ်းပိတ်ဆို့ထားပြီး လုံခြုံရေးတင်းကြပ်ထားကာ အသွားအလာပြုလုပ်နေသည့် ကား၊ ဆိုင်ကယ်များကို လမ်းလွှဲမောင်းခိုင်းနေကြောင်း မြို့ခံတစ်ဦးက ကေအိုင်စီသို့ ယခုလိုပြောသည်။
“မဲဘောင်ဘုန်းကြီးကျောင်းမှာ သူတို့အစည်းအဝေးရှိတယ်ဆိုပြီး လုပ်နေတယ်။ မြို့ထဲမှာလည်း လုံခြုံရေးတွေပြည့်နေရောပဲ။ စကစရဲ့ မဘသဘုန်းကြီး ဝီရသူလာတာ။ မနက် ၆ နာရီ လောက်က စပိတ်ထားတယ်။ အခုထိမဖွင့်သေးဘူး။ လမ်းပိတ်ထားတာက နာရီစဉ်၊ လမ်းဂွ၊ မီးပွိုင့် အချက်အချာ ကျတဲ့နေရာတွေအကုန် ပိတ်ထားတယ်။ လမ်းဆုံတွေမှာ သူတို့ပိတ်ပြီး မြဝတီတက်မယ့်ကားဆို လမ်းလွှဲပြီးပေးသွားတယ်။ လှာကမြင် ဘောလုံးကွင်းလည်း သွားကြည့်တယ်။ နာရီစဉ်အနောက်က အမှတ်(၃) မဲဘောင်ကျောင်းမှာ ထိုင်မယ်လို့ကြားတယ်”ဟု ၎င်းက ပြောသည်။
မဘသဘုန်းကြီး ဦးဝီရသူ လာရောက်ခြင်းအပေါ် ဖားအံမြို့ပြင်ကျေးရွာထဲရှိ ဒေသခံများက ကားဖြင့် လာ ရောက်ပြီး ကြိုဆိုထောက်ခံပွဲပြုလုပ်သွားသေးသလို အမေရိကန်ကို ရှုတ်ချသည့် ဆိုင်းဘုတ်များလည်း ကိုင်ဆောင် ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်နေကြောင်း မြို့ခံများက ပြောသည်။
“မြို့အပြင်ဘက်ရွာတွေက လူတွေလာပြီး အင်္ကျီအဝါနဲ့လေ အနောက်ကျောမှာ မဘသကရင်ဆိုပြီးတော့ တံဆိပ်ရိုက်ထားတယ်။ အဲ့ဒီမှာ ထောက်ခံပွဲလုပ်တယ်။ မဲဘောင်ကျောင်းဘက်ကနေ သူတို့ဆင်း လာတယ်။ ဒီကောင်ပြဿနာလာရှာတာပဲဖြစ်မယ်။ ကြည့်ရတဲ့ပုံက ဖားအံမှာငြိမ်နေလို့ မီးလာ မွှေးတာပဲ”ဟု ကေအိုင်စီသို့ ပြောသည်။
ထို့ အပြင် ဦးဝီရသူသည် ဖားအံမြို့အတွင်းရှိ စစ်ကောင်စီနှင့် နယ်ခြားစောင့် တပ်(BGF)တပ်များပူးပေါင်းတပ်များ တည်ဆောက်ပြုလုပ်ထားသည့် လုပ်ငန်းများနှင့် ပန်းခြံများကိုလည်း လှည့်လည်ကြည့်ရှုခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။
ကရင်ပြည်နယ်တွင် မဘသကို ထောက်ခံသည့် ဘုန်းတော်ကြီးများရှိသလို ဒေသခံလူထုတချို့လည်း ထောက်ခံသူများရှိနေသည်။ မဘသ ကရင်ဟူ၍ တူညီအင်္ကျီများဝတ်ဆင်၍ ယခင်က စစ်တပ်ထောက် ခံပွဲများတွင် ပါဝင်ဆန္ဒ ပြလေ့ရှိပြီး လက်ရှိ ဦးဝီရသူ ကရင်ပြည်နယ်သို့ လာရောက်ခြင်းနှင့်ပတ်သက်၍ ဝေဖန်ပြောဆိုမှုအမျိုးမျိုး ထွက်ပေါ်လျက်ရှိသည်။