စစ်ကောင်စီက နိုင်ငံတစ်ဝန်းရှိ လူဦးရေစာရင်းကို ရက် ၂၀ နဲ့အပြီးကောက်ခိုင်း

စစ်ကောင်စီက နိုင်ငံတစ်ဝန်းရှိ လူဦးရေစာရင်းကို ရက် ၂၀ နဲ့အပြီးကောက်ခိုင်း

အာဏာသိမ်းစစ်ကောင်စီက မြန်မာနိုင်ငံတစ်ဝန်းရှိ လူဦးရေ စာရင်းကို ရက် ၂၀ ဖြင့် အပြီးကောက်ယူခိုင်းနေကြောင်း အထွေထွေအုပ်ချုပ်ရေးမှူးရုံး ဝန်ထမ်းအချို့ထံကသိရသည်။

မြို့နယ်နှင့် ရပ်ကွက်အသီးသီးရှိ နေအိမ်များကို စစ်ကောင်စီ လက်အောက်ခံများဖြစ်သည့် Non-CDM ပညာရေးဝန် ထမ်းများ ၊ အထွေထွေအုပ်ချုပ်ရေးမှူး ရုံးဝန်ထမ်းများ၊ လဝက ဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများကို ဦးဆောင်ကာ ကောက်ခိုင်းနေခြင်းဖြစ်သည်။

"ကျေးရွာ၊ ရပ်ကွက်တစ်ခုကို တစ်ရက်မှာ ၂၅ အိမ်ပဲ ကောက်ခိုင်းတယ်။ ရက် ၂၀ နဲ့ အပြီးကောက်ရမယ်လို့ ညွှန်ကြားထားတယ်။ ဘာအတွက်ကောက်ရတယ်ဆိုတာတော့မပြောဘူး" ဟု ထွေအုပ်ဝန်ထမ်းက ဆိုသည်။

ထို့နည်းတူ ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အားလုံးတွင် ဇန်နဝါရီလ ၇ ရက်နေ့မှ စတင်ကာ တစ်အိမ်တက်ဆင်း လူဦးရေစာရင်းကောက်ယူနေကြသည်ဟု မြို့နယ်အသီးသီးရှိဒေသခံများက ပြောသည်။

စစ်ကောင်စီလက်အောက်ခံများ လူဦးရေစာရင်း ကောက်ယူရာတွင် နေအိမ်၌ သုံးလ နှင့်အထက်နေထိုင်ခြင်းမရှိသူများကို ခရီးလွန်ဟု မှတ်ချက်ရေးကာ လူဦးရေစာရင်းတွင် ထည့်သွင်းခြင်း မပြုလုပ်ကြောင်း၊ စစ်ကောင်စီဆန့်ကျင်မှုဖြင့် တိမ်းရှောင်နေရသူများကိုမူ ရာဇဝတ်မှု ဟုမှတ်ချက်ရေးကာ လူဦးရေစာရင်းတွင် ထည့်သွင်းခြင်းမပြုလုပ်ကြောင်းထွေအုပ်ဝန်ထမ်းတစ်ဦးက ပြောသည်။

အချို့မြို့နယ်များတွင် ရပ်ကွက်နှင့်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများက အိမ်ထောင်စုစာရင်း မရှိသူများနှင့် ပျောက်ပျက်သွားသူများကို  အသစ်လုပ်ပေးမည်ဟု ပြောဆိုနေသည်ဟု သိရပြီး အသက် ၁၈ နှစ် ပြည့်ပြီးသူများကိုလည်း ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန်အတွက် မှတ်ပုံတင်လုပ်ပေးမည်ဖြစ်ကြောင်း ပြောဆိုမှုများရှိနေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

"ဧရာဝတီတိုင်းကတော့ မြို့နယ်တိုင်းမှာ တစ်အိမ်တက်ဆင်း လူဦးရေ စာရင်းလိုက်ကောက်တယ်။ မတရားလုပ်မှာကိုသိပေမဲ့ အကြောက်တရားနဲ့ဆိုတော့ လာကောက်ရင်ပေးကြရတာပဲလေ"ဟု လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

အာဏာသိမ်း စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က အရပ်သား အစိုးရထံမှ မတရား အာဏာသိမ်းယူပြီး ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များ၊ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်ဟောင်းများနှင့် NLD ပါတီဝင်များအား ဖမ်းဆီးအကျဥ်းချထားခဲ့သည်။

ထို့နောက် နိုင်ငံတစ်ဝန်းရှိ ပြည်သူများကို မတရားဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ကျေးရွာအများအပြားကို မီးရှို့ဖျက်ဆီးခြင်း၊ စာသင်ကျောင်းများရှိ ကလေးသူငယ်များကို ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် အကြမ်းဖက်မှုပေါင်းများစွာကို နှစ်နှစ်နီးပါး ပြုလုပ်ပြီးနောက် ရွေးကောက်ပွဲ ပြန်လည်ပြုလုပ်

မည်ဟုဆိုကာ လူဦးရေစာရင်းများကောက်ယူနေခြင်းဖြစ်သည်။

၎င်းအပြင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ (NLD) အား မှတ်ပုံတင် ပယ်ဖျက်ပြီး ပါတီခေါင်းဆောင်များကို နိုင်ငံတော် သစ္စာဖောက်အဖြစ် အရေးယူရန် ဆောင်ရွက်နေပြီဟု စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ဥက္ကဋ္ဌ ဦးသိန်းစိုးက ၂၀၂၂ ခုနှစ်၊ မေလ ၂၁ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံပွဲ၌ ပြောခဲ့သည်။

မဲစာရင်း မှားယွင်းသည်ဟု အကြောင်းပြကာ မတရား အာဏာသိမ်းယူခဲ့သည့် အကြမ်းဖက် စစ်ကောင်စီတပ်ကို မြန်မာနိုင်ငံတစ်ဝန်းရှိ  ပြည်သူအများအပြားကဆန့်ကျင် ကန့်ကွက်ကြပြီး လက်ရှိအချိန်အထိ ဆန့်ကျင်တော်လှန်နေဆဲ ဖြစ်သည်။

စစ်ကောင်စီက ၂၀၂၃ ခုနှစ်အတွင်း အထွေထွေရွေးကောက်ပွဲကျင်းပရန် ၊ လူဦးရေစာရင်း ကောက်ယူနေမှုလုပ်ငန်းစဥ်၌ မပူးပေါင်းကြရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၉ ရက်နေ့က ထုတ်ပြန်ကြေညာထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

Most read this week

October 4, 2024
ထိုင်း- မြန်မာနယ်စပ် အဓိကကုန်သွယ်ရေးလမ်းမကြီး တခုဖြစ်သည့် အာရှလမ်း ပြန်ဖွင့်နိုင်ရေးအတွက်...
September 19, 2024
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်...
September 18, 2024
ထောင်အာဏာပိုင်များနှင့် ထိန်းသိမ်းခံသူများအကြားတွင် သဘောတူညီမှုအချို့ရပြီးနောက် အိန္ဒိယနိုင်ငံ၊...
September 17, 2024
ရှမ်းပြည်နယ်တောင်ပိုင်းရှိ လွိုင်လင်နှင့် တောင်ကြီးခရိုင်တို့တွင်...