၃ နှစ်ကျော်ကြာ ပိတ်ထားရသည့် ထိုင်း-မြန်မာနယ်စပ် မြ၀တီ-မဲဆောက် ချစ်ကြည်ရေးတံတား အမှတ် ၁ ကို ယနေ့ဇန်နဝါရီလ ၁၂ နံနက်တွင် ပြန်လည်စဖွင့်ခဲ့ပြီး လက်ရှိအချိန်ထိ မြို့ခံများ မဲဆောက်ဘက်သို့ သွားလာမှုမရှိသေးကြောင်း သိရသည်။
မြ၀တီ -မဲဆောက် ချစ်ကြည်ရေး တံတား အမှတ် ၁ အား ယနေ့နံနက် ၈ နာရီ ၃၀ မိနစ်ခန့်က မဲဆောက် အုပ်ချုပ်ရေး တာဝန်ရှိသူများ နှင့် မြဝတီစစ်ကောင်စီ အုပ်ချုပ်ရေး အဖွဲ့များ၊ နှစ်နိုင်ငံလုပ်ငန်းရှင်အချို့တက်ရောက်ကာ တံတားအသွားအလာ ပြန်လည်ဖွင့် လှစ်ခြင်း အခမ်းအနား ပြုလုပ်သွားလာခဲ့ကြခြင်းဖြစ်သည်။
“မနက်မှ စဖွင့်တာဆိုတော့ ဘယ်သူမှ မသွားမလာ ကြသေးဘူး။ ကားခတွေ ၊ ခွင့်ပြုချက် တွေ၊ စည်းကမ်းချက်တွေက ဘာမှမသိရသေးဘူး။ တံတားဘေးလမ်းတွေလည်းပိတ် ၊ ရပ်ကွက်တွေမှာလည်း စစ်ကားရဲကားတွေ ပတ်လှည့်နေတော့ တံတားဖွင့်တာ ဘယ်သူမှ မသွားကြဘူး။ သူတို့ အုပ်စုတွေပဲရှိတယ် ”ဟု တံတားအမှတ် ၁ အနီးနေထိုင်သူက ပြောသည်။
မြဝတီ-မဲဆောက် တံတား အမှတ် ၁ မှာ ကိုဗစ် ၁၉ ကူးစက်ရောဂါ ကာလ ၂၀၂၀ ခုနှစ် အတွင်းက ဖြတ်သန်းခွင့် ပိတ်ထားရာမှ ၃နှစ်အကြာ ယခု ၂၀၂၃ ဇန်နဝါရီ ၁၂ ရက်တွင် ပြန်လည် ဖွင့်လှစ်သွားလာခွင့်ပြုမှုစတင်ခြင်း ဖြစ်သည်။
ယခင်က မြဝတီဘက်မှ လဝက ယာယီပတ်စ်ပို့ကြေး မြန်မာငွေနှစ်ထောင်ကျပ်၊ တစ်နေ့ သွားလာခွင့် ထိုင်းဘက်အခြမ်း လဝက ဘတ် ၂၀ သွားလာခွင့် တံဆိပ်တုံးကြေး ကောက်ခံမှုနှင့် မြဝတီ-မဲဆောက်စျေးကြီးသို့ ကားခဘတ် ၁၀၀ ဖြင့် သွားလာခွင့်ရှိခဲ့သည်။
ယခု ပြန်လည်ဖွင့်လှစ်ချိန်တွင် သွားလာခွင့်နှင့် ကားခစျေးနှုန်းများ၊ ခွင့်ပြုယာဥ်၊ ကုန်တင်ကန့်သတ်ချက်များကို မသိရသေးသဖြင့်သွားလာမှုအပေါ် အခြေအနေကို စောင့်ကြည့်နေကြောင်း မြဝတီ မဲဆောက်ကားသမားများက ပြောသည်။
“တံတားသာ ဖွင့်တာ ကြေးမဖွင့်သေးတော့ ကားတွေမဆွဲရဲကြသေးဘူး။ မဲဆောက်ကို မြန်မာလိုင်စင်ကားတွေပဲ သွားလို့ရမယ် ကြားတယ်။ လူကြေး၊ ကားကြေး၊ ဂိတ်ကြေး နဲ့ ကုန်စည်တင်ဖို့တွေ၊ စည်းကမ်းချက် ခွင့်ပြုချက်တွေ ဘာမှမသိရသေးတော့ ကားတွေ ၊ ကုန်သည်တွေ၊ နေ့ချင်းပြန် အလုပ်သမားတွေ မသွားရဲ ကြသေးဘူး။ ”ဟု မဲဆောက် မြဝတီယာဥ်မောင်း တစ်ဦးကပြောသည်။
အဆိုပါ မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတား အမှတ် ၁ ဖွင့်လှစ်သည့်အတွက် နှစ်နိုင်ငံကူးသန်းသွားလာမှုနှင့် ဒေသအတွင်း ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ဖွံ့ဖြိုးတိုးတက်လာမည်ဟု ထိုင်းလုပ်ငန်းရှင်များ ထိုင်းဒေသအာဏာပိုင်များမျှော်လင့်နေ သော်လည်း စစ်ကောင်စီ စည်းကမ်းသတ်မှတ်ခွင့်ပြုချက်များအပေါ် စောင့်ကြည့် လုပ်ဆောင်သွားရမည့် သဘောဖြစ်နေသေးကြောင်း မြဝတီ- မဲဆောက် တစ်ပိုင်တစ်နိုင်ကုန်စည် ပို့ဆောင်သူများက ပြောသည်။