ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင်၊ တပ်မဟာ ၅နယ်မြေတွင် ဝင်ရောက်လှုပ်ရှားသည့် စစ်ကောင်စီတပ်ဖွဲ့မှ တပ်သား ၆ဦးမှာ ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA ထံ ဇန်နဝါရီလ ပထမပတ်က ထွက်ပြေးရောက်ရှိလာသည်ဟု ကေအဲန်ယူ သတင်းအရင်းအမြစ်အရ သိရသည်။
တပ်မဟာ(၅)နယ်မြေအစပ်၊ သံလွင်မြစ်ကမ်းဘေးရှိ ကောကော်ထစခန်းမှ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ-၄၀၄ စစ်ကြောင်း (၂)မှ တပ်သားအဆင့် ၆ဦးသည် တပ်တွင်း နိုင်ထက်စီးနင်းမှုနှင့် မတရားခိုင်းစေမှုဒဏ်များကို မခံနိုင်တော့သဖြင့် ပြီးခဲ့သည့်ရက်ပိုင်းက ၎င်းတို့၏တပ်ရင်းကိုစွန့်ခွာကာ ထွက်ပြေးကြရခြင်းဖြစ် သည်ဟု ထိုတပ်သားများက ကေအိုင်စီသို့ ပြောသည်။
ထွက်ပြေးလာသူများအနက် တပ်သားကျော်မင်းဦးက “ကျနော်က ထွက်ပြေးဖို့ကြံစည်နေတာက ကြာပြီး လက်နက်မကိုင်ချင်တော့ဘူး။ တပ်မတော်ကို စိတ်နာ တယ်။ ကျနော်တို့မှာဖြစ်နေတာက ကျနော်တို့ စစ်ကြောင်းမှူးက ရာထူးမက်တယ်။ သူ့ရာထူးအတွက်ပဲ သူကြည့်တယ်။ ရဲဘော်တွေ ဘာဖြစ်ဖြစ် သူ ဂရုမစိုက် ဘူး။ သူ လုပ်ချင်တာကိုပဲ သူလုပ်တယ်။ အဲဒါကြောင့် ကျနော်တို့ တိုင်ပင်ကြပြီးတော့ အခွင့်သာလို့ ထွက်ပြေးလိုက်တာ။ အသက်စွန့်ပြီးတော့ မြစ်ထဲခုန်ချတာ။” ဟု ပြောသည်။
လက်နက်ခဲယမ်း တစုံတရာ မပါရှိဘဲ KNLA ထံ ထွက်ပြေးရောက်ရှိလာသည့် ၎င်းစစ်ကောင်စီတပ်သား ၆ဦးမှာ တပ်သား အောင်ကျော်လင်း ၂၃နှစ်၊ တပ်သား နေလင်းအောင် ၂၀နှစ်၊ တပ်သား ကျော်မင်းဦး ၂၈နှစ်၊ တပ်သား ပြည့်ဖြိုးအောင် ၁၉နှစ်၊ တပ်သား အောင်မိုးသူ ၂၃နှစ်နှင့် တပ်သား လှဝင်း ၂၃နှစ်တို့ ဖြစ်ကြ သည်။
အဆိုပါ ကောကော်ထစခန်းတွင် စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်အင်အား (၄၀)ကျော်ရှိပြီး စစ်ကြောင်းမှူးနှင့် အိမ်ထောင်သည်အရာရှိများမှလွဲ၍ တပ်သားအများစုမှာ လက်နက် ဆက်ကိုင်လိုစိတ် မရှိကြသလို တပ်ကိုစွန့်ခွာလိုသူများသာရှိနေကြောင်းလည်း ထိုတပ်ပြေးစစ်ကောင်စီတပ်သားများ၏ ပြောပြချက်အရ သိရသည်။
“ကျနော်တို့ တပ်ရင်းက တပ်ရင်းမှူးလည်း မကောင်းဘူး၊ စစ်ကြောင်းမှူးလည်း မကောင်းဘူး။ ကျနော်တို့ ထွက်မပြေးခင်ကတည်းက ထွက်ပြေးသွားတဲ့သူတွေ ရှိပြီ။ ကျနော်တို့ တပ်ရင်းမှာဆို ကျနော်တို့ အပါအဝင် ထွက်ပြေးတာ အယောက် ၃၀ ကျော်ပြီ။ ဒီတိုင်းသာ ဆက်ဖြစ်မယ်ဆိုရင် တပ်ရင်းပျက်ဖို့က ၁၀၀မှာ ၈၀ ရာခိုင်နှုန်းက သေချာတယ်။”ဟု တပ်သားကျော်မင်းဦးက ဆက်ပြောသည်။
ကေအိုင်စီ သတင်းဌာန၏ မေးမြန်းချက်အရ စစ်သက် ၂နှစ်မှ ၃နှစ်သာရှိသည့် ထိုတပ်ပြေး စစ်ကောင်စီတပ်သားများသည် ၎င်းတို့ဆန္ဒအလျောက် စစ်တပ်ထဲဝင် ခဲ့ကြသူများမဟုတ်ဘဲ အကြပ်ကိုင်ခံရခြင်း၊ လိမ်လည်လှည့်ဖြားခံရကာ အတင်းအဓမ္မ စစ်သားစုဆောင်းခံရခြင်းတို့ကြောင့် တပ်ထဲရောက်ရှိလာခဲ့ကြသူများဖြစ် သည်ဟု ၎င်းတို့က ထုတ်ဖော်ပြောဆိုသည်။
ယင်းသို့ ထွက်ပြေးရောက်ရှိလာသည့် စစ်ကောင်စီတပ်သားများကို သံလွင်မြစ်နှင့် သောင်ရင်းမြစ်ကြားတစ်နေရာတွင် KNLA က ယာယီ စောင့်ရှောက်ထားပြီး ၎င်းတို့ကို ကေအဲန်ယူ၏ စစ်သုံ့ပန်းဥပဒေအတိုင်း စီစဉ်လုပ်ဆောင်သွားမည်ဟု KNLA စစ်ဦးစီးပထမတန်း(G-1)ဖြစ်သူ ဗိုလ်မှူးချုပ်စောတာမလာသောက ယခု လိုပြောသည်။
ဗိုလ်မှူးချုပ်စောတာမလာသောက “သူတို့ကိုတော့ ကေအဲန်ယူက ချမှတ်ထားတဲ့ သုံ့ပန်းပေါ်လစီအတိုင်းပဲ ထားရှိသွားမှာဖြစ်ပါတယ်။ နောက်ပြီး အခုဆို စစ် ကောင်စီတပ်သားတွေလည်း သက်ဆိုင်ရာ ကျနော်တို့ ခရိုင်၊ တပ်မဟာတွေမှာ CDM လုပ်ပြီး လာရောက်ခိုလှုံလာတာရှိတယ်။ သူတို့ကိုလည်း ခိုလှုံလာသူအနေနဲ့ ထားရှိပါတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် အစိုးရဌာနဆိုင်ရာ ဝန်ထမ်းအမြောက်အများသည် ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံးနယ်မြေအတွင်း ဝင်ရောက်ခိုလှုံလျက်ရှိသလို ရှေ့တန်းရောက် စစ်ကောင်စီတပ်သားများစွာလည်း တပ်ကိုစွန့်ခွာ၍ ကေအဲန်ယူထံ ထွက်ပြေးရောက် ရှိလာကြောင်းလည်း ကေအဲန်ယူဘက်က ပြောသည်။