တောင်စွန်းနှင့် ကြာအင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ဝဝခန့်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင် ၁၅ဦးကျဆုံးခဲ့

တောင်စွန်းနှင့် ကြာအင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ဝဝခန့်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင် ၁၅ဦးကျဆုံးခဲ့

ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ် (ကြာအင်းဆိပ်ကြီးမြို့နယ်) တောင်စွန်း (လေးနော်)နှင့် ကြာအင်း (တကော)ရွာတွင် ဇန်နဝါရီ ၁ ရက်မှ ၅ ရက်နေ့အထိ ဖြစ်ပွားသည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ဝဝ နီးပါးနှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့ဝင် ၁၅ ဦးကျဆုံးခဲ့သည်ဟု တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များထံမှ သိရသည်။

ကြာအင်းဆိပ်ကြီးမြို့ ကြာအင်းရွာတွင် အခြေစိုက်သည့် ခြေလျင်တပ်ရင်း -ခလရ ၂၈၃၊ ၃၂၊ ၂၈၄ တပ်ရင်းနှင့် တောင်စွန်းရွာဘုန်းကြီးကျောင်း တောင်ကုန်းငယ်ရှိ ခလရ ၂၈၄ တပ်ရင်း လက်အောက်ခံတပ်ဖွဲ့နှင့် နယ်ခြားစောင့်တပ်-BGF အမှတ် ၁ဝ၂၂ လက်အောက်ခံ တပ်ရင်း ပူးပေါင်း စခန်းအား ဇန်နဝါရီလ ၁ ရက်မှ ၄ ရက်နေ့အထိ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က တစ်ပြိုင်တည်း တိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများသည့်အတွက် လေကြောင်းပစ်ကူများ အကြိမ်ရေ ၃ဝ ကျော် လာရောက်ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည်ဟု တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ တပ်မှူးတစ်ဦးက ကေအိုင်စီသို့ ယခုလို ပြောသည်။

“ ကြာအင်းဆိပ်ကြီးမြို့ပေါ်တိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က ၄ဝ ကျော်ကျတယ်။ သေနတ် ၁ဝ လက် နီးပါးသိမ်းဆည်းနိုင်ခဲ့တယ်။ လေကြောင်းပစ်ကူများတော့ ကျနော်တို့ဘက်က ထိခိုက်ကျဆုံး မှုရှိတယ်။ တောင်စွန်းတိုက်ပွဲမှာတော့ BGF စခန်း ၂ ခုတော့ သိမ်းနိုင်ခဲ့တယ်။ BGF နဲ့ စကစပူးပေါင်းတဲ့ ပင်မစခန်းဝင်း တစ်ဝက်ကျော်အထိ ဝင်ရောက်မီးရှို့ ဖျက်ဆီးနိုင်ခဲ့တယ်။ သူတို့ဘက်က အလောင်းတွေ ပုံနေတာကို ဒရုန်းကနေ မြင်နေရတယ်”ဟု ၎င်းတပ်မှူးက ပြောသည်။

တောင်စွန်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က စစ်သုံးလေယာဉ်များဖြင့် အကြိမ်ရေ ၂၅ ကြိမ်ထက်မနည်း လာရောက် ဗုံးကြဲတိုက်ခိုက်ပြီး လူနေအိမ် ၁ဝ လုံးခန့်နှင့် ဘာသာရေးအဆောက်အဦးများ ထိမှန်ပျက်စီးသွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ထို့အပြင် ဇန်နဝါရီ ၄ ရက်နေ့က စတင်ဖြစ်ပွားသည့် ကြာအင်းဆိပ်ကြီးမြို့ပေါ်တိုက်ပွဲတွင် စစ်အဆောက်အဦးအချို့ မီးရှို့ဖျက်ဆီးနိုင်ခဲ့သော်လည်း စစ်ကောင်စီတပ်ဘက်က လေယာဉ်ဖြင့် ၅ ကြိမ်ထက်မနည်း လာရောက် ဗုံးကြဲတိုက်ခိုက်သည့်အတွက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ၅ ဦးကျော် ကျဆုံးခဲ့ရသည်ဟု တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ပြောသည်။

တောင်စွန်းနှင့် ကြာအင်းရွာတွင် ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ စုစုပေါင်း ၃ဝ ဦးခန့် ထိခိုက်ဒဏ်ရာရမှုရှိပြီး စစ်ကောင်စီဘက်မှ ၁ဝဝ နီးပါးထိခိုက်ကျဆုံးမှုရှိသည်ဟု တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ၏ ပြောဆိုမှုအပေါ် ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင် ခြင်း မရှိသေးပေ။

စစ်ကောင်စီတပ်က ဇန်နဝါရီ ၁ ရက်မှ ၅ ရက်နေ့အထိ လေကြောင်းဖြင့် နေ့စဉ်လာရောက်ဗုံးကြဲ တိုက်ခိုက်သည့်အတွက် အရပ်သား ၁ဝ ဦးခန့်ကျည်ထိမှန်ဒဏ်ရာရပြီး သံပုရာ၊ တောင်စွန်း၊ ဝင်းခန၊ အနန်းကွင်း၊ ခုံခံ၊ ကျောက်ဘီလူး၊ ကိုရောင်၊ ဆင်ပြေးရွာနှင့် စသည့်ကျေးရွာများမှ ဒေသခံ ၄,ဝဝဝ ခန့် စစ်ဘေးတိမ်းရှောင်နေကြရသည်။

လက်ရှိတွင် အဆိုပါစစ်ရှောင်အရပ်သားပြည်သူများသည် အစာရေစာနှင့် ကျန်းမာရေးဆေးဝါးများ အရေးပေါ်လိုအပ်နေလျက်ရှိသည်ဟု စစ်ရှောင်ကူညီသူများထံမှ သိရသည်။

Most read this week

November 29, 2024
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ချောင်းဝရွာကို နိုဝင်ဘာလ(၂၃)ရက်နေ့ နံနက်ပိုင်းက KNU,...
November 28, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်သည့် ကော်သူးလေနယ်မြေများရှိ စစ်ဘေးရှောင်...
photo-SHRF
November 28, 2024
ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ် တာချီလိတ်နှင့် မယ်ဆိုင်မြို့တို့တွင် ယခုနှစ်မိုးရာသီတွင်...
November 27, 2024
ယခုလို တရုတ်ငွေလိမ်လုပ်ငန်းမှ ပြန်လွတ်လာသူ နိုင်ငံခြားသားများမှာ သီရိလင်္ကာနိုင်ငံသား ၃၂ ဦး၊...