တောင်စွန်းတိုက်ပွဲ ၄ ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ဝ ကျော် ထိခိုက်ကျဆုံး
ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်(ကြာအင်းဆိပ်ကြီးမြို့နယ်) တောင်စွန်း (လေးနော်) ရွာတွင် စစ်ကောင် စီပူးပေါင်းတပ်ဖွဲ့နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဇန်နဝါရီ ၁ ရက်နေ့မှစ၍ ၄ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၄ဝ ကျော် ထိခိုက်ကျဆုံးမှုရှိခဲ့သည်ဟု တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ပြောသည်။
တောင်စွန်းရွာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံနှင့် သာသနာ့သိမ်တော်အနီး တောင်ကုန်း ဧရိယာတွင် နေထိုင်သည့် စစ်ကောင်စီတပ်စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဇန်နဝါရီ ၁ ရက်နေ့တွင် စခန်းဝင်းဧရိယာ တစ်ဝက်ကျော်အထိ တက်ရောက်တိုက်ခိုက်မီးရှို့ဖျက်ဆီးခဲ့ပြီး လေကြောင်းပစ်ကူများကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု တော်လှန်ရေးတပ်ဖွဲ့က ပြောသည်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှဒုစစ်ကြောင်းမှူး ကိုငှက်မဲက “ တောင်စွန်းစခန်းအနီးက BGF စခန်း ၂ ခုကိုတော့ သိမ်းနိုင်တယ်။ ကျန်နေတဲ့စစ်ကောင်စီစခန်း ပင်မကို တစ်ဝက်ကျော်လောက် တက်ရောက် တိုက်ခိုက်နိုင်ခဲ့တယ်။ သူတို့ဘက်ထိခိုက်ကျဆုံးများတော့ လေကြောင်းပစ်ကူကနေ အဆက်မပြတ်ဗုံး ကြဲလာလို့ ပြန်ဆုတ်ခွာလိုက်ရတယ်။ သူတို့ဘက်ထိခိုက်ကျဆုံး အော်သံတွေ မြင်တွေ့ကြားရတယ်။ လက်နက်အချို့လည်း သိမ်းနိုင်ခဲ့တယ်” ဟု ပြောသည်။
တောင်စွန်းတိုက်ပွဲတွင် KNLA ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ၅ ဦးကျဆုံးပြီး ၁ဝ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ပူးပေါင်းတပ်ဖွဲ့ဝင်များထံမှ သိရသည်။
တောင်စွန်းရွာအနောက်ဘက်ရှိ အနန်းကွင်းစစ်ကောင်စီဗျူဟာစခန်းမှ ဇန်နဝါရီလ ၄ ရက်နေ့တွင် ခြေလျင်ဖြင့် စစ်ကူအင်အား ၁ဝဝ နီးပါးတက်ရောက်လာခဲ့ရာတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တို့၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် ထပ်မံကျဆုံးမှုရှိပြီး လက်နက်အချို့လည်း သိမ်းဆည်းနိုင်ခဲ့သည်ဟု ပူးပေါင်းတပ်ဖွဲ့ဘက်က ပြောသည်။
အဆိုပါတိုက်ပွဲဖြစ်ပွားမှုဖြစ်စဉ်ကြောင့် တောင်စွန်း၊ ဆင်ပြေး၊ ကျောက်ဘီးလူ၊ ဝင်းခန၊ သံပုရာ၊ အနန်းကွင်းနှင့် ခုံခံရွာမှ ဒေသခံ ၃,ဝဝဝ ကျော် စစ်ဘေးတိမ်းရှောင်နေကြရပြီး လက်ရှိတွင် အစာရေ စာနှင့် ဆေးဝါးများလိုအပ်နေလျက်ရှိသည်ဟု စစ်ရှောင်ကူညီသူများက ပြောသည်။
ဇန်နဝါရီလ ၁ ရက်မှ ၄ ရက်နေ့အထိ စစ်ကောင်စီဘက်မှ နေ့စဉ်လေကြောင်းများဖြင့် အကြိမ်ရေ ၂၅ ထက်မနည်းလာရောက်ဗုံးကြဲတိုက်ခိုက်သည့်အတွက် သာသနိက အဆောက်အဦးများနှင့် လူနေအိမ် ၁ဝ လုံးနီးပါး မီးလောင်ပျက်စီးမှုရှိပြီး ကွမ်း၊ ရာဘာပင်နှင့် ဥယျာဉ်ခြံအများအပြားလည်း ထိခိုက်ပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောသည်။
ဇန်နဝါရီ ၄ ရက်လွတ်လပ်ရေးနေ့တွင်လည်း ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ စစ်ကောင်စီတပ် ခလရ ၂၈၄၊ ၃၂၊ ၂၈၃ တပ်ရင်းစခန်း ၃ ခုအား KNLA ပူးပေါင်းအဖွဲ့မှ တစ်ပြိုင်တည်းတိုက်ခိုက်ခဲ့ကြပြီး တပ်စခန်း ဝင်းအထိ ဝင်ရောက်ကာ စစ်အဆောက်အဦးအချို့ မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြသည်ဟု ပူးပေါင်းတပ်ဖွဲ့ဘက်က ပြောသည်။
စစ်ကောင်စီက လေကြောင်းပစ်ကူများဖြင့် ၆ ကြိမ်ထက်မနည်း လာရောက်ဗုံးကြဲ သည့်အတွက် တော်လှန်ရေးတပ်ဖွဲ့ဝင် ၄ ဦး ကျဆုံးခဲ့သလို စစ်ကောင်စီဘက်မှလည်း ၃၀ နီးပါးကျဆုံးကာ စစ်သုံ့ပန်းအချို့နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့သည်ဟု တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ပြောဆိုကြသော်လည်း ကေအိုင်စီအနေဖြင့် သီးသန့် အတည်ပြုနိုင်ခြင်းမရှိပေ။